
မန္တလေးတိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက် ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသတစ်ခုကို ယမန်နေ့ (နိုဝင်ဘာ ၁၃) ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊ လူကြီးသုံးဦး ဒဏ်ရာ ရသွားကြောင်း သိရသည်။
မိတ္ထီလာလေတပ်မှ တက်လာသည်ဟု ယူဆရသည့် ထောက်ပို့လေယာဉ်တစ်စီးက မြေတိုင်းရွာ (ခေါ်) ဆင်ဖြူကုန်းကျေးရွာနှင့် အနီးဝန်းကျင် ရွာနီးချုပ်စပ်ကို ၆ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် သေဆုံးသူမှာ ၆ နှစ်အရွယ် မိန်းကလေး ဖြစ်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦး က ပြောသည်။
“ဆင်ဖြူကုန်းနဲ့ သုံးမိုင်၊ လေးမိုင် ပတ်ချာလည်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူး။ ဘာမှဖြစ်ပွားခြင်းမရှိဘဲနဲ့ Y12 လေယာဉ်နဲ့ လာတိုက်တာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမည် မဖော်လိုသည့် ငါန်းဇွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကာကွယ်ရေးအင်အားစုတွေအနေနဲ့ကတော့ အဲ့ဒီရွာမှ မဟုတ်ဘူး။ ငါန်းဇွန်နယ် တစ်နယ်လုံးမှာ လှုပ်ရှားမှုတော့ရှိတာပေါ့။ နယ်မြေတွေဖြန့်ကျက်လှုပ်ရှားတာ။ အဲ့ဒါကြောင့် ငါန်းဇွန်ကို နေရာတိုင်းနီးပါးမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလိုလုပ်နေတာ”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပြားအပြား ထိခိုက်ပျက်စီးသည်၊ ဒေသခံတို့၏ စိုက်ပျိုးရေးလုပ်ငန်းသုံး ကျွဲနွားများလည်း ထိခိုက်သေဆုံးသည်ဟု ၎င်းက ဆိုသည်။
တိုက်ပွဲ မကြာခဏဖြစ်နေသည့် ထိုဒေသတွင် ထိခိုက်ဒဏ်ရာရရှိပါက ဆေးဝါးမပြည့်စုံမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်းလည်း အထက်ပါ ဒေသခံက ပြောသည်။
ထိုဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ငါးဇွန်မြို့နယ်သည် နွားထိုးကြီး၊ မြင်းခြံတို့နှင့်ထိစပ်လျက်ရှိနေပြီး မြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ထိစပ်နေကာ ထိုဒေသများသည် စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းသည့် ဒေသများ ဖြစ်သည်။
မန္တလေးမြို့၏ အနောက်တောင်ဘက် ၃၅ မိိုင်ခန့်အကွာတွင်ရှိသည့် ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းကို ပြီးခဲ့သည့် စက်တင်ဘာလဆန်းက တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းရန် ကြိုးစားရာ စစ်ကောင်စီဘက်က စစ်ကူများရောက်လာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ဩဂုတ် ၁၀ ရက်နေ့တွင် “မြင်းခြံခရိုင်အထူးစစ်ဆင် ရေး (Myingyan District Special Operation) အမည်ဖြင့် စစ်ဆင်ရေးကို PDF များအပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့်စုဖွဲ့ထားသည့် မဟာမိတ်တို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် နွားထိုးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးရုံးအနီး ဆက်ကြေးတောင်းယူနေသည့် စစ်ဆေးရေးဂိတ်၊ ရဲစခန်း စသည့် စစ်သားများ တပ်စွဲထားရာနေရာများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ တော်လှန်ရေးတပ်များအသာစီးရခဲ့သည်ဟု ဆိုသည်။
မြေပြန့်လွင်ပြင်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းသည့် ထိုဒေသတွင် တော်လှန်ရေးတပ်များက ပြောက်ကျားနည်းဖြင့်တိုက်ခိုက်နေရာမှာ မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ပြီး စစ်ကောင်စီက လေကြောင်းမှ စစ်ကူပေးရသည့် ဒေသဖြစ်လာသည်။
စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးမှုအားလျော့လာချိန် ၎င်းတို့ အားသာသည့် လေကြောင်းမှ အဓိက တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်များက ဆိုသည်။
ယမန်နေ့ကလည်း မန္တေလးတိုင်း မြင်းခြံနှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု များရှိခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည့် ပုလဲနယ်တစ်ဝိုက်၊ ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့တို့တွင် လည်း လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်နေသည်။
စစ်ကောင်စီသည် မန္တလေးတိုင်း တစ်ဖက်ကမ်း မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို စက်တင်ဘာမှ စ၍ နယ်မြေရှင်းလင်းခဲ့သလို မတ္တရာမြို့ဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေကာ သပိတ် ကျင်းမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများရှိနေသည်။
မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ဥဒိန်၊ မြွေထိန်ပင်၊ ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတို့သည် ဧရာဝတီမြစ်အတွင်းရှိ နေရာကျယ်ဝန်းသည့် ကျွန်းများပေါ်သို့ ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည်။