သတင်း

ပုလဲမြို့တွင် စစ်ကောင်စီနှင့် ဗိုလ်နဂါးတပ်တို့ တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ဝင်ရောက်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူ အများအပြား သုံး၍ တုံ့ပြန်နေသည်။

ပြီးခဲ့သည့် တနင်္လာနေ့ကစတင်ခဲ့သည့်  ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့်မဟာမိတ်တို့၏ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တိုက်ပွဲသည် သုံးရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ များသုံးကာ ပြန်လည်တိုက်ခိုက်နေသည်။

ချင်းတွင်းမြစ်တစ်ဖက်ကမ်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော် သာကွာဝေးသည့် ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၁၁ ရက် နံနက်အစော ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ပုလဲမြို့သိမ်းနိုင်ရေး တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေရာ လေတပ်က နေ့စဉ် ပစ်ကူ နေပြီး ယနေ့ (နိုဝင်ဘာ ၁၃) တွင်လည်း ငါးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ 

တိုက်ခိုက်ရေးရဟတ်ယာဉ်များသုံးကာ ယနေ့ ပစ်ခတ်နေကြောင်း  ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။ 

“ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ခု လောလောဆယ်ကို Mi 35 နဲ့ ပစ်နေတယ်။ လေကြောင်းက မနက်လင်း ကတည်းက အကြိမ်ကြိမ်လာပစ်နေတာ ဂျက်ဖိုက်တာနဲ့ အခု ဂျက်ဖိုက်တာနဲ့ နားသွားပြန်တော့ MI 35 ပစ် နေတယ်။ လောလောဆယ်တော့ မြို့ပေါ်ကို ပစ်နေတာ” ဟု ၎င်းက ယနေ့ မွန်းလွဲပိုင်းက ဆိုသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ဖြစ်သော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျ သိရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ဦးဇော်ထက်က ဆက်ပြောသည်။  

တိုက်ပွဲကာလ သုံးရက်အတောအတွင်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းဆည်း ရမိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ယနေ့ နံနက်  ၆ နာရီခန့်က ပုလဲမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက် ခိုက်နေ၍ စစ်ကူပို့ရန်၊ လေကြောင်းမှ ပစ်ကူရန် လှုံ့ဆော်နေကြသည်။ 

စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့်မြို့များပြ မြေပုံ ။

လတ်တလောတိုက်ပွဲများကြောင့် ပုလဲမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ အလယ်ဘုံ၊ အေးကုန်း၊ မြကုန်းစသည့် ကျေးရွာများမှ ဒေသခံ ခြောက်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

တိမ်းရှောင်လာသူများထဲတွင် အရပ်သားများနှင့်အတူ စစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင် နေသည့် Non CDM ဝန်ထမ်း များပါဝင်နေမှုကိုလည်း စီစစ်လျှက်ရှိပြီး လက်ရှိအချိန်ထိ Non CDM ၇ ဦးကို တွေ့ရှိထားသည်ဟု ဦးဇော်ထက်က ဆိုသည်။ 

၎င်းတို့နှင့်ပတ်သက်၍ မြို့နယ် Non CDM  ကြီးကြပ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်၊ ဝန်ကြီးဌာန လမ်းညွန်ချက်နှင့်အညီ ဆက်လက်ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။ 

“သူတို့ကို သာမန်ပြည်သူစစ်ရှောင်တွေလိုပဲ ရောထားတယ်။ ဒါပေမဲ့ သူတို့ပါလာတဲ့ ဆက်သွယ်ရေး ဖုန်း တွေ ဘာတွေကတော့ သိမ်းခိုင်းထားတယ်။ သူတို့ကို စောင့်ကြည့်တယ်ဆိုပေမယ့် ချုပ်ထားတာတွေ ဘာတွေ မလုပ်ဘူး” 

ပုံတောင်ပုံညာနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ပုလဲမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရှိ ထွေအုပ်ရုံး နှင့် ရဲစခန်း၊ ကမ်းဒေါင့်၊ အင်မထီးနှင့် ဇီးဖြူကုန်းရွာတို့တွင် စစ်တပ်နှင့် ပြည်သူ့စစ်များ အထိုင်ချတပ်စွဲ ထားသည်။ ထိုနေရာများမှအပ ကျေးရွာအများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုး ထိန်းချုပ်ထားသည်။ 

ယခုနှစ် ဇူလိုင်လကည်း ပုလဲမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီခန်းများကို ဒေသတွင်း အခြေစိုက် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် နေ့တွင်းချင်း ပြန်လည် ဆုတ်ခွာခဲ့ရသည်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နည်းတူ ချင်းပြည်နယ်တွင်လည်း မင်းတပ်မြို့နှင့် ဖလမ်းမြို့ရှိ စစ်ကောင်စီ စခန်းများကို ချင်းညီနောင်နှင့် မဟာမိတ်များက နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက် လျှက်ရှိပြီး နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေသည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့ နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြို့သိမ်းတိုက်ပွဲများ အရှိန်မြင့်လာ ပြီးနောက် ရှမ်းမြောက်၊ ချင်း၊ စစ်ကိုင်း၊ ကရင်နီ တို့တွင် မြို့ပေါင်း ဆယ်နှင့်ချီ တော်လှန်ရေးအင်အားစု များက တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားသည်။ 

မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အမည်ပြောင်းလဲ ဖွဲ့စည်းထားသည့် ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ဖြစ်သည်။

Show More

Related Articles

Back to top button