သတင်း

နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု တရုတ်ပြန်ဖွင့်၊ အခြားဂိတ်များကို ထပ်တင်းကျပ်   

တရုတ်−မြန်မာနယ်စပ် မူဆယ်မြို့ရှိ ကုန်သွယ်ဂိတ် ၃ ခုအနက် ၁ ခုကို တရုတ်ကပြန်ဖွင့်ပေးလိုက်ပြီး သတ်မှတ်ကုန်ကားများဖြင့် ကုန်စည်သယ်ယူခွင့်ပြုလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ−တရုတ်နယ်စပ် စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ဂိတ် ၃ ခုအနက် ကုန်တင်ကားကြီးများဝင်ထွက်နိုင်သည့် ဂိတ်ကို ယမန်နေ့(နိုဝင်ဘာ ၁၁)တွင် တရုတ်က ပြန်ဖွင့်ပေးလိုက်ပြီး အခြားဂိတ်များမှ ကုန်စည်သယ်ယူမှုကို ထပ်တိုးတင်းကျပ်လိုက်သည်ဟု သိရသည်။

ယူနယ်ပြည်နယ် ကျယ်ဂေါင်မြို့နှင့် ထိစပ်နေသည့် ဂိတ်များအနက် မန့်ဝိန်းဂိတ်ပေါက်တစ်ခုတည်းမှသာ သတ်မှတ်ကုန်ကားများဖြင့် ကုန်သွယ်ခွင့်ပြုမည်ဟု နယ်စပ်ကုန်သည်များက တရုတ်အစိုးရထုတ်ပြန်ချက်ကို ကိုးကား၍  Myanmar Now ကို ပြောသည်။ 

နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့မှ လုပ်ငန်းသုံးမဟုတ်သည့် ခရီးသည်တင်ယာဉ်၊ သုံးဘီးဆိုင်ကယ်၊ လက်တွန်းလှည်းတို့ဖြင့် တစ်ပိုင်တစ်နိုင်သယ်ယူမှုများကိုပင် ပိတ်ပင်ထားသည်ဟု တရုတ်နယ်စပ်တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူ အမျိုးသားက ပြောသည်။

“မန့်ဝိန်းပေါက်ကနေပြီးမှပဲ ကုန်ပစ္စည်းထုတ်လို့ရမယ်။ သူတို့ သတ်မှတ်ထားတဲ့ကုန်တင်ကားတွေနဲ့ပဲ

ထုတ်ခွင့်ရှိမယ်။ ကျွန်တော်တို့ ဒီဘက်ကနေ အိမ်စီးကားတွေနဲ့ ထုတ်လို့မရတော့ဘူး”

ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။ 

“အရင်ကဆိုရင် ကျွန်တော်တို့ ဒီမြန်မာနိုင်ငံကနေ သွားတဲ့ကားတွေက

ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် (ကုန်စည်ဝယ်ယူဖို့) ဝင်ရောက်သွားလာခွင့်ရှိတယ်။ အခုက မရတော့ဘူး” 

စစ်တပ်ထိန်းချုပ် နယ်စပ်ဂိတ်များမှတစ်ဆင့် နယ်ဖြတ်သန်းခွင့်လက်မှတ်၊ တရုတ်နိုင်ငံအတွင်း တစ်ပတ်နေထိုင်ခွင့်ကတ်ခေါ် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တို့ဖြင့် သွားရောက်၍ တစ်ပိုင်တစ်နိုင် ကုန်ဝယ်ယူခွင့်ရခဲ့သော်လည်း ယခုအမိန့်စာထွက်ပေါ်လာပြီးနောက် ကုန်စည်သယ်ယူခွင့်မရတော့ဘဲ လှည့်ပြန်နေရသည်ဟုလည်း ထိုလုပ်ငန်းရှင်က ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် တရုတ်နိုင်ငံထုတ် အိမ်သုံးစ္စည်း၊ ဘက်ထရီ၊ ဆိုလာပြား၊ အင်ဂျင်၊ မီးသီး၊ မီးအိမ်၊ စားသောက်ကုန်၊ စောင်၊ ဘိလပ်မြေ အစရှိသည့် ကုန်စည်များကို မြန်မာနိုင်ငံသို့တင်ပို့ခွင့် ပိတ်ပင်ခဲ့သော်လည်း စားသောက်ကုန်နှင့် အဝတ်အထည်များကို တစ်ပိုင်တစ်နိုင်သယ်ယူခွင့်ပြုခဲ့သည်ဟု သိရသည်။

မန့်ဝိန်းဂိတ်ပေါက်မှသာ ကုန်သွယ်မှုခွင့်ပြုမည်ဖြစ်ပြီး အခြားဂိတ်များမှ ကုန်သွယ်မှုပိတ်ပင်မည်ဟူသော  တရုတ်အစိုးရထုတ်ပြန်ချက်။ 

လတ်တလောတွင် တရုတ်နိုင်ငံက ဖွင့်ပေးမည်ဆိုသည့် မန့်ဝိန်းဂိတ်ပေါက်တွင်လည်း မြန်မာဘက်က အဆင်သင့်မဖြစ်သေးခြင်းကြောင့် ကုန်သွယ်မှုမစနိုင်သေးကြောင်း၊ နယ်စပ်ဂိတ်များကို တိကျသည့် သတ်မှတ်ချက်မရှိဘဲ ပိတ်နေခြင်းကြောင့် ဒေသခံများ လုပ်ရပ်ကိုင်ရခက်ခဲကြောင်းလည်း မူဆယ်မြို့ခံများက ပြောသည်။

ယမန်နေ့က မြန်မာဘက်ပြန်မည့်သူများကို အင်္ကျီနှစ်ထည်အပိုပါလျှင်ပင် ဖြတ်သန်းခွင့်မပေးဘဲ တရုတ်အာဏာပိုင်များက နောက်ပြန်လှည့်ခိုင်းကြောင်း မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“မန့်ဝိန်းပေါက်ကနေ ပေးထွက်မယ်လို့တော့ သတင်းကြားတယ်။ ဒါပေမယ့် ကျွန်တော်တို့ သေချာတော့မသိသေးဘူး။ တရုတ်ဘက်ကလုပ်တဲ့အတိုင်းပဲ လိုက်လုပ်ပေးမှာပါ” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ရန် နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်များကို တရုတ်အစိုးရက ဖိအားပေးခဲ့ပြီး မိုင်ပေါင်း ၁,၃၀၀ ကျော်ထိစပ်နေသော နယ်စပ်မျဉ်းပေါ်ရှိ ကုန်သွယ်ရေးဂိတ်များတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ကန့်သတ်လာသည်။

တရုတ်နိုင်ငံကြားဝင်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်တပ်အရာရှိများ သဘောတူခဲ့သည့် ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက်ပျက်အပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ယခုနှစ် ဇွန်လ နောက်ဆုံးပတ်က ပေါ်ပေါက်လာသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားသော နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံ၏ ပိတ်ဆို့မှုမှာဇူလိုင် ၉ ရက်တွင် အစပြုခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ချိန် အောက်တိုဘာ ၂၇ တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်ထားသည့် “ဝ” ဒေသ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာ၊ ကိုးကန့်နှင့် မိုင်းလားဒေသစသည့်နယ်စပ်ဂိတ်များအပါအဝင် ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ နှစ်နိုင်ငံကုန်သွယ်နေသည့် နယ်စပ်ဂိတ်များကိုပါ ကန့်သတ်ထားသည်။

ထိုဒေသများတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အဝင်အထွက်ပြုလုပ်နိုင်သည့် နယ်စပ်ဂိတ် ၁၅ ခု ထက်မနည်းရှိကြောင်း၊ ဂိတ်ထက်ဝက်ခန့်ကို ပိတ်ထားကာ ကျန်ဂိတ်များမှ မြန်မာဘက် တင့်ပို့ရောင်းချမည့် ကုန်စည်များကန့်သတ်ကြောင်း ယူနန်ပြည်နယ်အခြေစိုက် Myanmar Now ၏ သတင်းရင်းမြစ်များက ဆိုသည်။

တရုတ်နှင့်ထိစပ်နေသည့် မြန်မာနယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရန် ဆောင်ရွက်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ၌ တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုန်စည်စီးဆင်းမှုကန့်သတ်ခြင်းတို့ကြောင့် တိုင်းရင်းသား တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ကချင်နှင့် ရှမ်းပြည်နယ်မြောက်ဒေသတွင် စက်သုံးဆီနှင့် မရှိမဖြစ်ကုန်စည် ရှားပါးပြတ်လပ်လာကြောင်း သိရသည်။

Show More

Related Articles

Back to top button