အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လားရှိုးမှ ကချင်ဓမ္မဆရာများ အပါအဝင် ၁၀ ဦး အဖမ်းခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ခရစ်ယာန်ဓမ္မဆရာ လေးဦး အပါအဝင် ၁၀ ဦးကို ရဲက ယနေ့ မတ်လ ၁ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးသွားသည်။ 

လားရှိုးမြို့ အမှတ် (၁) ရပ်ကွက်ရှိ ရှမ်းပြည်နယ် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ ဝင်းတံခါးကို ကားနှင့် တိုက်ဖျက်ပြီး ရဲတပ်ဖွဲ့အင်အား ၃၀ ကျော်က ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဝင်ရောက်ခဲ့ကြောင်း အသင်းတော်ရုံးချုပ် တာဝန်ရှိသူများက ပြောသည်။

“အားလုံး ဆယ်ယောက် ပါသွားပါတယ်။ ဆန္ဒပြမှာ မပါတဲ့သူတွေလည်း ရိုက်နှက်တယ်။ ခြံတံခါးတွေကိုလည်း ကားနဲ့ တိုက်ဖျက်တယ်။ ရုံးတံခါးတွေလည်း ရိုက်ချိုးပစ်တယ်။ အခု အမှတ်(၁ ) ရဲစခန်းမှာ ချုပ်ထားတယ်။ သွားတွေ့တော့ အားလုံး မတွေ့ခဲ့ရဘူး။ အချုပ်ခန်းထဲရောက်တော့လည်း ထပ်အရိုက်ခံရတယ်လို့ပြောတယ်” ဟု အသင်းတော်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ ဓမ္မဆရာများဖြစ်သော KD နော်မိုင် ၊ ခေါင်လွမ် ၊ ဇော်ဒွဲအောင် ၊ ဆိုင်ရာအောင် တို့ လေးဦး၊ မသန်စွမ်းသူဖြစ်သော မောင်ဇေခေါင်၊ ကျောင်းသားများဖြစ်သော မောင်ဟောင်းခေါင်နှင့် မောင်ဒေါင်ဝ်ခေါင် ၊ KTC- Kachin Theological College မှ မောင်ဒေါင်ဝ်ဂျုံး၊ မောင်ခေါင်ဂျုံး ၊ မောင်ဂွမ်ဆွတ်နန်တို့ ဖြစ်သည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖမ်းဆီးခံရသူများအနက် အချို့မှာ စစ်ကောင်စီကို ဆန္ဒပြရာတွင်ပါဝင်ပြီး အချို့မှာ ဆန္ဒပြရာတွင် မပါဝင်ကြောင်း သိရသည်။

အားလုံးကို ရိုက်နှက်ကာ ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး သေနတ်သုံးချက် ပစ်ဖောက်ခဲ့ကြောင်း မျက်မြင်တွေ့ရသူများက ပြောသည်။

စစ်ကောင်စီဆန့်ကျင်ကြောင်း လားရှိုးမြို့တွင် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က နေ့လယ်ပိုင်းတွင် အင်အားသုံးပြီး မျက်ရည်ယိုဗုံးများခွဲကာ လူစုခွဲခဲ့သည်။ ထိုသို့ ဆန္ဒပြနေသော လူအုပ်ကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဖြိုခွင်းချိန်တွင် အသင်းတော်ဝင်းအတွင်း ပြေးဝင်လာသူများ ရှိပြီးနောက် ယင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

“သာသနာ့နယ်မြေ ဖြစ်သောကြောင့် မည်သူမဆို ဝင်ထွက်၍ရကြောင်း၊ ကျောင်းဝင်းအတွင်း လူအများအပြား ဝင်ရောက်လာပြီး အခြေအနေမသိသောကြောင့် အသင်းခြံတံခါး ပိတ်လိုက်ချိန်တွင် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း” အမှုဆောင်ဆရာ ဆင်ဝါးအောင်က ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို အမှုဖွင့်ရန် လုပ်နေသည်ဟု အမှတ် (၁) ရဲစခန်းထံမှ သိရကြောင်း အသင်းတော်တာဝန်ရှိသူများက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ် (၁) ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေပြီးနောက် ဆန္ဒပြနေသူများထဲမှ တချို့ ဖမ်းဆီးခံရပြီး တချို့ ပြန်လွတ်လာသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၂၈ အထိ စာရင်းများအရ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဆန့်ကျင်မှုနှင့် ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူ ၁၁၃၂ ဦး အနည်းဆုံးရှိနေကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles