
ဇွန်လ၏ နေ့လယ်ခင်းတစ်ခု၌ မူလတန်းကျောင်းသားလေးများ၏ စာအံသံက စီစီညံညံ ထွက်ပေါ်နေသည်။ အဘယ်သို့သော စာသင်ကျောင်းမျိုးက ဤရပ်ကွက်အတွင်း တည်ရှိနေပါသနည်း။
လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တစ်ခုသို့ သတင်းရယူရန် ကျွန်တော် ရောက်ရှိနေခြင်း ဖြစ်၏။
ဤရပ်ကွက်ကြီးမှာ ပန်းလှိုင်မြစ်နံဘေး ညောင်ကျေးရွာအုပ်စုပိုင် မြေနုကျွန်းထက်တွင် တည်ရှိသည်။ ဧက ၆ဝ ခန့် ကျယ်သည့် ဤနေရာတွင် အိမ်ထောင်စုပေါင်း ၂,ဝဝဝ ဝန်းကျင် ရှိသည်။ ဤနေရာသို့ အစောဆုံး ကျူးကျော် ဝင်ရောက်လာသူများ၏ ပြောစကားအရမူ ၂ဝဝ၈ နာဂစ်ဆိုက်ကလုန်းမုန်တိုင်း မတိုက်ခတ်မီက အိမ်ခြေ ၄ဝ သာ ရှိကြောင်း သိရသည်။
ဝါးကျောင်းလေးတွင် အသံကျယ်ကျယ် စာအံနေကြသည်။ ဤကျောင်းမှာ အောင်ပရဟိတဘုန်းတော်ကြီးသင်ကျောင်း၏ တွဲဖက်ဖြစ်ပြီး ဘွဲ့ရ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးက သင်ကြားပြသပေးလျက်ရှိသည်ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဉာဏ်လင်းက ဆိုသည်။
“အရင်နှစ်တွေကဆို ကလေးတွေဟာ အဝေးကြီးကို ကျောင်းသွားတက်ကြရတယ်” ဟု သူက ရှင်းပြသည်။
သို့ရာတွင် ဤ ဘကတွဲဖက်ကျောင်းလေးမှာ ကျောင်းသားဦးရေ ၅ဝ သာ ဆံ့သည်ဖြစ်၍ ကျူးကျော်ရပ်ကွက်ကြီးအတွင်း နေအိမ်များတွင် ဆော့ကစားနေရသော ကလေး အများအပြားက ကျောင်းတက်နိုင်သည့် အခွင့်အရေး မရသေးဟု ဆိုရမည်။
လှိုင်သာယာ မြေနုကျွန်း ကျူးကျော်များက ကျွန်တော့်ကို ၎င်းတို့၏ တီးတိုးဖော်တဦးသဖွယ် ရင်ဖွင့်ကြသည်။ ဆိုက်ကားဆရာလည်း ဖြစ်သည့် ဦးဉာဏ်လင်းက သူ၏ မြေးတစ်ဦး လွန်ခဲ့သော ၄ နှစ်က လမ်းပေါ်တွင် ပြေးလွှားဆော့ကစားစဉ် သေဆုံးခဲ့ရကြောင်း ပြန်ပြောပြသည်။
တက်တတ်သည့် သူ့မြေးက မိုးရာသီအတွင်း ရေကြီးလာချိန် ရုတ်တရက် တက်ချက် သတိလစ် လဲကျသွားပြီး ရေနစ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
သက်ကြီးဘိုးဘွား ကျူးကျော်များကလည်း သူတို့နယ်မြေအကြောင်း ပြောပြသည်။ “ဒီမှာ မြွေဆိုးတွေ ရှိတယ်” ဟု သူတို့က သတိပေးသည်။
မြွေတွေကြား နေထိုင်ကြသည် ဟူသော အချက်က ပါးစပ်အဟောင်းသား ဖြစ်ဖွယ်တော့ မဟုတ်သေး။ နောက်ထပ် အခြားဖြစ်ရပ်တစ်ခုကြောင့် ကျွန်တော် မချိတင်ကဲ ခံစားလိုက်ရသည်။
ဤရပ်ကွက်ကို ဖျက်သိမ်းမည့်အကြောင်း လွန်ခဲ့သော ၂ နှစ်က အာဏာပိုင်တို့ သတိပေးစာ ကပ်သွားကြပြီး နောက်ပိုင်း မကြာခဏ ရောက်လာတတ်သော လူမိုက် ၂ဝ ခန့်က အကြမ်းဖက် တိုက်ခိုက်ကြသည်ဟု အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သော အိမ်တစ်အိမ်မှ မသီတာက သူ၏ ညာဘက်လက်မှ ဓားဒဏ်ရာ အမာရွတ်ကိုပြပြီး ပြောပြသည်။
“အိမ်တွေကို မသိမ်းဖို့ ပြောမိတာနဲ့ ကျွန်မတို့ တိုက်ခိုက်ခံခဲ့ရတာပါ” ဟု မသီတာက ရှင်းပြသည်။
ထိုရပ်ကွက်မှ မဟုတ်သော တိုက်ခိုက်ရေးသမား ထိုလူမိုက်များ သူတို့ဆီ မကြာခဏဆိုသလို ရောက်လာတတ်ကြသော်လည်း အမြဲတိုက်ခိုက်ကြသည်တော့ မဟုတ်ဟု ဆိုသည်။ သူတို့က လူမိုက်များအကြောင်းကို မြို့နယ် ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံ တိုင်တန်းမှု မပြုရဲကြ။ အာဏာပိုင်များ၏ အကာအကွယ်ပေးမှုလည်း သူတို့ မရရှိဟု သိရသည်။
လူမိုက်များ၏သတင်းက အာဏာပိုင်တို့ထံ ရောက်သည် မရောက်သည် မသေချာသော်လည်း အနီးအနားမှ ရပ်ကွက်ကျေးရွာများနှင့် တခြားမြို့နယ်များသို့ ရောက်ခဲ့သည်။
ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးအတွက် အရှိန်ယူနေဆဲဖြစ်သော မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကလည်း အရှိန်ယူနေရဆဲဖြစ်သည်။
ကျူးကျော်နေထိုင်ခြင်းမှာ တရားဥပဒေစိုးမိုးရေးနှင့် ဖီလာဆန့်ကျင်နေခြင်း ဖြစ်သော်လည်း သူတို့ကို နှင်ထုတ်ရာတွင် နည်းလမ်းတကျ ဖြစ်သင့်သည်။
ပင်ပန်းကြီးစွာ လုပ်ကိုင်ပြီးမှ ရလာသော အနိမ့်ဆုံး ဝင်ငွေက အိမ်တစ်လုံး ငှားပြီး နေနိုင်လောက်သည့် အခြေအနေ မပေး။ ဆင်းရဲမွဲတေမှုက သူတို့ဘဝအတွက် နံပါတ်တစ် တရားခံဖြစ်ပါမူ ဒုတိယတရားခံက အဘယ်သူနည်း။ သူတို့ ကိုယ်တိုင်လား သို့မဟုတ် အခြားသူများလား ဆိုတာ စဉ်းစားစရာ ဖြစ်နေတော့သည်။