သတင်း

မန္တလေးနှင့် စစ်ကိုင်းတွင် အဖမ်းအဆီးကြမ်း၊ စစ်သားသစ်စုခြင်းဟု ဒေသခံတို့ယူဆ

စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားသူများကိုသာမက အိမ်တွင်အိပ်နေသူကိုပါ ဖမ်းဆီးနေသည်အထိ နိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးမှု များပြားနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ လူငယ် ၂၀၀ ကျော် အဖမ်းခံလိုက်ရပြီး  ထိုသူများမှာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရဖွယ်ရှိသည်ဟု ဒေသခံတို့က ယူဆနေကြသည်။

မန္တလေးတိုင်းအတွင်း  စုစုပေါင်း ၁၄၇ ဦးထက်မနည်း အဖမ်းခံရပြီး မန္တလေးမြို့ပေါ်တွင် မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးမှ ၃၇ဦး၊ ကျောက်ဆည်မြို့နယ်မှ ၁၀ဦး၊ တံတားဦးမြို့နယ်မှ ၃၀ ကျော်တို့ ပါဝင်သည်ဟု ဒေသတွင်း စစ်သားသစ်စုဆောင်းမှု ဖြစ်ရပ်များကို စုံစမ်းဖော်ပြနေသည့် Voice Of Mandalay (Vomdy) မြေပြင်ကင်းထောက်အဖွဲ့က Myanmar Now ကို ပြောသည်။

ယခုလအတွင်း စတင်မည့် စစ်မှုထမ်းအမှတ်စဉ် ၇ အတွက် သင်တန်းသားကြိုတင် စုဆောင်းခြင်းဟု ယူဆနိုင်ကြောင်း Vomdy အဖွဲ့ဝင် အမျိုးသမီးက ပြောသည်။

“မနေ့က(နိုဝင်ဘာ၁၀ရက်) တစ်ရက်တည်းမှာတင် မန္တလေး၊ တံတားဦး၊ စစ်ကိုင်း၊ အင်းဝ စုစုပေါင်းရင် ၁၅၀ ပတ်ချာလည်လောက်ရှိတယ်။ မန္တလေးမြို့ သီးသန့်အနေနဲ့ပြောရရင် ခုအပတ်စဉ် ၇ အတွက် လောလောဆယ်အထိ ၃၇ယောက်ဖမ်းခံလိုက်ရပြီ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်နိုင်ငံတဝှမ်းတွင် စစ်ရှုံးနေပြီး စစ်သားသစ် အများအပြား လိုအပ်နေရာ ရပ်ကွက်နှင့်မြို့နယ်အုပ်ချုပ်ရေး ရုံးများက ဒေသခံလူငယ်များကို  ရွေးချယ် စုဆောင်းပြီး စစ်တပ်သို့ ပေးပို့ခဲ့ရာ အများအပြားက တပ်ထဲ မဝင်လိုသဖြင့် အခြားဒေသသို့ သွားရောက်တိမ်းရှောင်နေကြသည်။

လိုအပ်သည့်အရေအတွက် မရရှိသည့် စစ်တပ်သည် ရပ်ကွက်ကျေးရွာအတွင်း  ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းတွင် တွေ့သူကို ဖမ်းဆီးခြင်း စသည့် နည်းလမ်းများဖြင့် လူသစ် စုလာခြင်း ဖြစ်နိုင်သည်ဟု မန္တလေးဒေသခံများက ပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့က မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်နေ အသက်(၂၀)အရွယ် အမျိုးသားတစ်ဦးကို   တရားခံတစ်ဦးကဲ့သို့ ခေါ်ဆောင်သွားသည်ဟု ထိုလူငယ်၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အိမ်စီးကားနဲ့လာတာ၊ ရပ်ကွက်ရုံးအဖွဲ့တွေပါတယ်၊ စစ်သားပါတယ်၊ အိပ်နေတုံးနှိုးပြီးခေါ်သွားတာ။ ပြစ်မှုဖမ်းဆီးသလိုပုံစံနဲ့ ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

“မနက်မှ မန္တလာသီရိကားကွင်းနားက အုပ်ကြီးရုံးကို မိသားစုကလိုက်မေးမှ စစ်မှုထမ်းဖို့လို့ပြောတာ၊ ရုံးထဲမှာရှိတယ်လို့ပဲပြောပြီး မိသားစုနဲ့အတွေ့မခံဘူး” 

နိုဝင်ဘာ ၁၀ ရက်နေ့ညကလည်း မန္တလေး ၇၃လမ်း၊ ၃၆လမ်းထောင့် ဗလီဝန်းအနီး ၂ဦး၊ မဟာအောင်မြေမြို့နယ် ၄၂လမ်း သဲပုံစေတီဘုရားအနီး ၃ ဦး၊ အောင်မြေသာစံမြို့နယ်နေ ၄ဦးတို့   ဖမ်းဆီးခံရကြောင်း Myanmar Nowက စုံစမ်းသိရှိရသည်။

ထိုနေ့တွင်ပင် စစ်ကိုင်းတံတားအနောက်ဘက် စစ်ဆေးရေးဂိတ်တွင် လူငယ် ၄၀ဦးနှင့် တံတားဦးနှင့်အင်းဝဒေသခံ လူငယ်၇၀ ဦးတို့ ဖမ်းဆီးခံရသည်ဟု Vomdy အဖွဲ့ဝင် အမျိုးသမီးက ဆိုသည်။

“များသောအားဖြင့်အဖမ်းခံရတာ မန္တလေးဖက်ကို မနက်အစောအလုပ်သွားတဲ့ ကျောက်သမားတွေ၊ ဈေးသည်လေးတွေ၊ ညနေအိမ်ပြန်ချိန် နောက်ကျတဲ့ အလုပ်တွေဆို ပရဟိတကားတွေနဲ့ တည်ဖမ်းတာ။ စစ်ကိုင်းမြို့က အဆိုးဆုံးပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ထိုသို့ ဖမ်းလိုက်သူများကို မန္တလေးနန်းတွင်းနှင့် မန္တလေးတောင်ခြေတပ်များ၊ စစ်ကိုင်း တပ်မ ၃၃ တို့တွင် စုဆောင်းထိန်းသိမ်းထားလေ့ရှိသည်ဟု မန္တလေးဒေသခံများက ဆိုသည်။ 

ထိုသူတို့ကို စစ်သင်တန်းရက်တိုသင်တန်းပို့ချပြီးနောက် စစ်ဖြစ်ရာနေရာ အသီးသီးကို ပို့ဆောင်ကာ တာဝန်ပေးသည်ဟုလည်း မြို့ခံများက ယုံကြည်ကြသည်။

စစ်မှုထမ်းရန် လူသစ်စုဆောင်းခံရသူများသည် တယ်လီဖုန်းအသုံးပြုခွင့် ပိတ်ပင်ခံရသည့်အတွက် မိသားစုများနှင့်လည်း အဆက်အသွယ် ပြတ်နေလေ့ရှိသည်။ 

ဇူလိုင်လက စစ်သင်တန်းကျောင်းသို့ ရေလမ်းခရီးမှ အတင်းအကျပ် ပို့ခံရစဉ် ထွက်ပြေးလွတ်မြောက်လာသူ ၂၉ နှစ်အရွယ် ထားဝယ်မြို့သားကိုဖြိုးက စစ်သားစုဆောင်းရေးစခန်းသို့ ရောက်သည်နှင့် ၎င်းတို့၏ လက်ကိုင်ဖုန်းများ သိမ်းဆည်းခံရသည်၊ စစ်သားသစ်များထဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုဆောင်း ပေးပို့လိုက်သူများ၊   စိတ်ကျန်းမာရေးမကောင်းသူများ ပါဝင်သလို  အမှုရင်ဆိုင်နေရသူများ၊  မသင်္ကာမှုတစ်ခုခုဖြင့် ဖမ်းခံရသူများလည်း ပါဝင်ကြောင်း ပြောသည်။

“ဥပဒေ ချိုးဖောက်ထားတဲ့သူတွေ၊ တရားလည်း မစွဲဘူး၊ ထောင်လည်း မချဘူး၊ ရွေးခိုင်းတယ်လို့တော့ ပြောတယ်ဗျ။ နင်တို့ ထောင်ကျခံမလား ၊ စစ်သားလုပ်မလားပေါ့။ ဘယ်သူမဆို စစ်သားလုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။

စစ်သင်တန်းကျောင်းမှထွက်ပြေးသူများ၊ စစ်မှုမထမ်းလို၍ တိမ်းရှောင်သူများကို အရေးယူမည်ဟု နိုဝင်ဘာ(၇)ရက်ကပြုလုပ်သည့် စစ်မှုထမ်းဗဟိုအဖွဲ့အစည်းတွင် စစ်ကောင်စီ၏ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ခြိမ်းခြောက်ထားသည်။

စစ်မှုထမ်းရန် အတင်းအဓမ္မဆင့်ခေါ်ခြင်းမျိုးမဟုတ်ဘဲ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်လည်း စစ်ကောင်စီဝန်ကြီးက ညွန်ကြားသည်။ သို့သော် လက်တွေ့တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်သားများ၏ လုပ်ရပ်က သူ၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

စစ်မှုထမ်းသင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းသားဦးရေ ၅,၀၀၀ စုဆောင်းရန် စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ညွှန်ကြားထားပြီး ထိုအရေအတွက် ရရန် လက်အောက်ခံ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အသီးသီးကို ဖိအားပေးထားသည်။ 

ထိုအခြေအနေတွင် စစ်မှုမထမ်းလိုသည့် လူငယ်အများပြားလည်း ပြည်ပသို့တိမ်းရှောင်ရန် ကြိုးစားလာနေကြပြီး စစ်ကောင်စီက လူငယ်များပြည်ပထွက်ခွင့်ကို ဘက်ပေါင်းစုံမှ တင်းကျပ်ထားသည်။ စစ်ကောင်စီသည် လူငယ်များကို အတင်းအဓ္ဓမ ပေါ်တာဆွဲက စစ်ထဲဝင်ခိုင်းနေကြောင်း စစ်တပ်ကို ထောက်ခံသည့် သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က ဝန်ခံထားသည်။

Related Articles

Back to top button