သတင်း

ဘုတလင်မြို့ စစ်တပ်ဝင်သွားသည့်ရွာတွင်  တစ်ဦးသေ၊ အိမ် ၃၀ ကျော် မီးလောင်

စစ်တပ်က ခြုံခိုတိုက်ခိုက်ခံရပြီး အထိနာခဲ့သည့် ဘုတလင်မြို့တွင် တစ်လကြာ စစ်ကြောင်းထိုးနေပြီး သဖန်းရွာမှ အသက် ၆၀ ကျော်အရွယ် ရွာသားကို အနီးကပ် ပစ်သတ်ကာ ရွာကို ဖျက်ဆီးလိုက်သည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် တစ်လနီးပါးကြာ စစ်ကြောင်းထိုးကာ  ဒေသခံများကို ဖမ်းဆီးသတ် ဖြတ်နေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၆ ရက်နေ့တွင် မြို့အရှေ့ခြမ်းရှိ သက်ကြီးအမျိုးသား  ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့သည်ဟု သိရသည်။ 

ဘုတလင်မြို့မှထွက်လာသည့် အင်အား ၈၀ ပါ ထိုစစ်ကြောင်းသည် မြို့နှင့် ကပ်လျက် သဖန်းရွာတွင် တစ်ညအိပ် တပ်စွဲပြီး နောက်တစ်နေ့နံနက် ပြန်အထွက်တွင် ထိုအမှုများ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ရွာခံအမျိုးသားဖြစ်ပြီး ထွက်ပြေးစဉ် စစ်ကြောင်းနှင့်တိုးပြီး ပစ်သတ်ခံရသည်ဟု  ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ကျောပိုးလွယ်အိတ်လေးနဲ့တွေ့လို့ PDF ထင်ပြီး နားထင် တေ့ပစ်သွားတာ။ ရွာအပြင်တံတားနားမှာ… ပြေးရင်းနဲ့ မိတာလားမသိဘူး။ ကာကွယ်ရေးအဖွဲ့ထဲ အသက်ကြီးသူတွေမပါဘူး။ သူက သာမန် ပြည်သူပဲ” ဟု အထက်ပါ ပကဖ အဖွဲ့ဝင်က ဆိုသည်။ 

အိမ်ခြေ ၁၀၀ နီးပါးရှိသည့် သဖန်းရွာမှ နေအိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဘုတလင်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က အတည်ပြုသည်။ 

စစ်သားများ ရွာအနီး ချည်းကပ်လာသည်ကို သတင်းကြိုရ၍ သဖန်းရွာနှင့် အနီးဝန်းကျင်မှ ဒေသခံ အများစု အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုဘေးမှ လွတ်ကင်းခဲ့သည်ဟု သိရသည်။

သဖန်းရွာ သတ်ဖြတ်၊ မီးရှို့မှုကျူးလွန်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးပေ။ အောက်တိုဘာ  ၃၀ ရက်စွဲတပ် စစ်တပ်၏ ထုတ်ပြန်ချက်တစ်ခုတွင်မူ   ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ကြောင်း သတင်းဖော်ပြမှုများမှာ မှားယွင်းသည်ဟု ရေးသားထားသည်။

ထိုရွာသို့ စစ်တပ် ရောက်သွားသော်လည်း မီးရှို့ခြင်းမရှိဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်တပ်၏ လက်တုံ့ပြန်ချက်

စက်တင်ဘာလကုန်ခန့်က ဘုတလင်မြို့နယ်အတွင်း အင်အား ၈၀ နီးပါး ရှိသော စစ်ကောင်စီ စစ်ကြောင်း တစ်ခု ခြုံခိုတိုက်ခိုက်ခံရချိန်တွင် အများအပြား အဖမ်းခံရပြီး စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီး သွားခဲ့သည်။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်တပ်က အောက်တိုဘာ ဒုတိယပတ်မှစတင်၍ အင်အား ၁၀၀ ကျော်ဖြင့် ဘုတလင်မြို့ အနီးတဝိုက်ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ၊ ကိုယ်လက်အင်္ဂါများ ခုတ်ထစ်ပြီ’ သတ်ဖြတ်ခြင်း တို့ပြုလုပ်ပြီး လက်တုံ့ပြန်နေသည်ဟု သိရသည်။ 

ဘုတလင်နယ်အတွင်း ရွာစဉ်လှည့်စဉ် ဖမ်းဆီးထားသည့် ပြည်သူ ၁၀၀ ကျော်ကိုလည်း စစ်ကြောင်း အတွင်း လူသားဒိုင်းသဖွယ် အသုံးပြုနေကြောင်း ဒေသတော်လှန်ရေး အင်အားစုက ပြောသည်။ 

ဓားစာခံတချို့ကို ပြန်လွှတ်ပေးသော်လည်း အဖမ်းခံထားရသူများ ရှိနေဆဲဖြစ်ကြောင်း အထက်ပါ ဘုတလင် ပအဖ အဖွဲ့ဝင်က ပြောသည်။ 

“ဓားစာခံတွေကို စစ်ကြောင်းနဲ့ညှပ် ညှပ်ပြီးခေါ်လာတယ်။ သူတို့ ညအိပ်တပ်စွဲတဲ့ရွာတွေ မှာ ထမင်းချက် ခိုင်းတာတို့ အဲ့ဒါမျိုးတွေခိုင်းတယ်။ အဓိကတော့ လမ်းကိုတော့ လူသားဒိုင်းအနေနဲ့ ညှပ်ညှပ်ခေါ်တယ်လို့ ကြားတယ်။ အမျိုးသမီးတွေလည်း အရွယ်စုံပါတယ်။ အသက် ၁၄၊ ၁၅ နှစ်ကနေ အသက် ၃၀၊ ၄၀ ဝန်းကျင်တွေထိ ပါတယ်” ဟု ၎င်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လွတ်မြောက်လာသည့် ဓားစာခံများထံမှ သိရသည့်အချက်အလက်ကို ကိုးကား၍ ပြောသည်။

“ (စစ်ကြောင်းနဲ့အတူ) အကုန်လုံးခေါ် လာတာတော့ မဟုတ်ဘူး။ ဘုတလင်မြို့ ပေါ်က စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ချက်ကျွေးရတာတွေလည်းရှိတယ်”

အောက်တိုဘာ ၁၁ ရက်မှ စတင်ကာ ဘုတလင်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်လက်ချက် ကြောင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၂၄ ဦးထက်မနည်း သတ်ဖြတ်ခံ ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက် တွင် ထုတ်ပြန်ထားသည်။ 

စစ်တပ် စီးနင်းမီးရှို့မှုကြောင့် စီပါရွာမှ အိမ်ခြေ ၂၉၃ လုံး၊ တက်လှိုင်းရွာ ၁ လုံး၊ အိုင်ပေါင်းချောင် ၂၁၊ ဆည်ဝရွာသစ် ၃၀၊ ရွာဟောင်း ၁၅ လုံး၊ ကျွဲသေချောင်း ၂၅ လုံး၊ စိုင်ပြင်လေးရွာမှ ၁၅ လုံး ပြာကျခဲ့ရကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာနှင့် မိုင် ၂၀  ခန့်သာဝေးသည့် ဘုတလင် မြို့နယ် သည် လက်နက်ကိုင်တော်လှန်မှု အားကောင်းရာဒေသဖြစ်သည်၊  ဘုတလင်မြို့ပေါ်နှင့် ကူတော်ရွာ အခြေ စိုက်စခန်းတွင်သာ စစ်တပ်က ထိန်းချုပ်ထားကာ ကျေးရွာ အများစုတွင် တော်လှန်ရေးအင်အား စုများက နယ်မြေစိုးမိုးထားသည်။  

ဘုတလင်နယ်အတွင်း ဆက်တိုက်စီးနင်းနေသည့် စစ်ကြောင်းသည် တော်လှန်ရေးအင်အားစုကို ချေမှုန်းရန်ထက် ပြည်သူလူထုကို အကြောက်တရားထည့်သွင်းရန် ဦးတည်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ မီးရှိုခြင်းတို့လုပ်ဆောင်နေကြောင်း မြို့နယ် ပအဖ အဖွဲ့ဝင်က ပြောသည်။ 

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကြောင့် သဖန်းရွာအပါအဝင် အင်းတဲ၊ ကုက္ကိုလ်ကျင်း၊ မြို့သစ်ချောင်း စသည့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရသည်။

ရာသီဥတုအကူးအပြောင်းကာလဖြစ်သဖြင့် သက်ကြီးရွယ်အိုများအပါအဝင် စစ်ရှောင်များ ဖျားနာပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူများထံမှသိရသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးခဲ့သည့်အနက် ၇၀ ရာခိုင်နှုန်းကျော်မှာ စစ်ကိုင်းတိုင်း မှဖြစ်ကြောင်း  အချက်အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar  အဖွဲ့၏

 ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button