အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ပိုင် Mytel တွင် ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီ အမြတ်ရရန်ခက်ဟု ရှယ်ယာရှင်ပြော

စစ်တပ်ပိုင်လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် အမြတ်အစွန်းရရန် ခက်ခဲကြောင်း အစုအစပ်ရှယ်ယာရှင်ကုမ္ပဏီတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုပမာဏများခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးဆုံးရှုံးနိုင်ခြေများခြင်းတို့ကြောင့် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် အမြတ်အစွန်းရရန် ခက်ခဲကြောင်း အစုအစပ်ရှယ်ယာရှင်ကုမ္ပဏီတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြသည်။

Mytel  ကို ဗီယက်နမ်စစ်တပ်၊ မြန်မာစစ်တပ်နှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီ ပူးပေါင်းသည့် Myanmar National Telecom Holding Public Company Ltd(MNTH) တို့ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်သည်။

MNTH ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ယခင်လက ထုတ်ပြန်သည့် ၂၀၂၃-၂၄ ကုမ္ပဏီအစီရင်ခံစာတွင် ထိုဆက်သွယ်ရေးလုပ်ငန်းမှ အမြတ်ရရန်ခက်ခဲကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ကုမ္ပဏီ၏ ဆုံးရှုံးနိုင်သည့်အချက်များ(Risk Factors) ကို ဖော်ပြရာတွင်“ တည်ဆောက်ထားသော တာဝါတိုင်များသည်လည်း လက်ရှိအခြေအနေများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်ရနိုင် ခြေရှိနိုင်ပါသည်” ဟု ပါရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၄ ဩဂုတ်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်လာသည့် MAGDPL သည် လယ်ယာထွက်ကုန်နှင့် ကောက်ပဲသီးနှံ ပြည်ပတင်ပို့သည့်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး Mytel ဆက်သွယ်ရေးနှင့် အခြားအလားလားကောင်းသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။

Mytel နှင့် ပူးပေါင်းလုပ်ကိုင်ရန် MNTH ကုမ္ပဏီ စတင်တည်ထောင်သည့် ၂၀၁၅ ခုနှစ်မှစတင်ကာ ကျပ် ၃ ဘီလျံခန့် ရင်းနှီးမြှုပ်နှံထားကြောင်း ကောက်ပဲသီးနှံပြည်ပတင်ပို့နေသည့် ထိုကုမ္ပဏီက ဆိုသည်။ 

၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုက စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရာတွင် Mytel အသုံးမပြုရေးလည်း ပါဝင်သည်။ 

ထို့ပြင် နိုင်ငံအနှံ့ရှိ Mytel တာဝါတိုင်များကို ဖောက်ခွဲ  ဖျက်ဆီးကာ ရလာသည့် အပိုင်းအစများကို  လက်လုပ်မိုင်း၊ အမြောက်၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုကြသည်။

နိုင်ငံအနှံစစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေများစွာ ဆုံးရှုံးနေပြီး တော်လှန်ရေးအင်အားစု စိုးမိုးထားသည့် နယ်မြေတွင် Mytel ဆက်သွယ်ရေးလုပ်ငန်းများ ဆက်လက် လည်ပတ်ရန် ခက်ခဲနေသည်။

အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများပြင်းထန်နေပြီး မြို့နယ်ပေါင်းများစွာလက်လွတ်ထားရသည့် ရခိုင်ပြည်နယ်တွင် Mytel ကုမ္ပဏီသည် စက်ကိရိယာများ သိမ်းဆည်းထွက်ခွာနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးအသိုင်းအဝိုင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်တွေဘက်က လက်လှမ်းမီတဲ့စက်တွေသိမ်းပြီး သင်္ဘောနဲ့တင်နေပြီ။ တစ်ပြည်နယ်လုံးလည်း MPT ပဲ ရတာ” ဟု သူက ပြောသည်။ 

အာဏာသိမ်းပြီး သုံးလအတွင်း Mytel ကုမ္ပဏီသည် သုံးစွဲသူသန်းချီ လျော့ကျသွားသလို ဝင်ငွေဒေါ်လာသန်းချီ ထိခိုက်ခဲ့ကြောင်း စစ်တပ်၏ ဝင်ငွေရလမ်းများကို စောင့်ကြည့်နေသော အရပ်ဘက်အဖွဲ့အချို့က ၂၀၂၁ နိုဝင်ဘာလအတွင်း ထုတ်ပြန်ဖူးသည်။

Mytel ကုမ္ပဏီကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီများဖြင့် ပူးပေါင်းထားသည့် MNTH ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles