သတင်း

စစ်ကြောင်းထိုးခံနေရသည့် ဘုတလင်နယ်တွင် လူ ၅၀ ခန့် ဖမ်းဆီးခံရပြီး နေအိမ်များ မီးရှို့ခံရ  

ဘုတလင်နယ်တွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုသည် မြို့အရှေ့ ခြမ်းသို့ ရောက်ရှိလာသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ရက်စက်စွာသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သော စစ်ကောင်စီတပ်သည် မြို့အရှေ့ဘက်ခြမ်းတွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီး၍  နေအိမ် များကို မီးရှို့နေသည်ဟု သိရှိရသည်။

အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ ဘုတလင်မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သော ပဲပြစ်တော၊ နှောရင်း၊ အင်းတဲ စသည့်တို့ကို စစ်ကြောင်းထိုးစီးနင်း၍ အင်းတဲရွာကို မီးရှို့သွားသည်ဟု ဘုတလင် မြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ပဲပြစ်တော (အနောက်ရွာ) ကို တစ်အိမ်မကျန် မွှေနှောက်ပြီး လိုချင်တာယူပြီး၊ နှောရင်း(ရွာ) ဝင်တယ်။ နှောရင်းကနေ အင်းတဲ ဝင်ပြီး မနေ့ကတည်းက ရှို့တာ”

မြို့အရှေ့ဘက် ၈ မိုင်ခန့်အကွာတွင် တည်ရှိသော အင်းတဲရွာတွင်  ယနေ့ (အောက်တိုဘာ ၃၀ ရက်) နံနက် အထိ အဆိုပါစစ်တပ်စစ်ကြောင်းက ရှိနေသေး၍ ဒေသခံများ ရွာထဲမဝင်နိုင်သေးသလို နေအိမ်မည်မျှ မီးလောင်သွားသည်ကို မသိရသေးပေ။ 

အဆိုပါ စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်နှင့် မြို့မြောက်ပိုင်းကျေးရွာများသို့ အောက်တိုဘာ ဒုတိယ ပတ်အတွင်းကလည်း စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံရသည်၊ အသက်ကြီးသူတချို့ ကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အဖမ်းခံရသူ ၅၀ ခန့် ရှိနိုင်ပြီး အများစုမှာမူ စစ်ကြောင်းနှင့်အတူ ဆက်လက်ခေါ်ဆောင်သွားခံရကြောင်း တော်လှန်ရေးအင်အားစုများက ပြောကြသည်။ 

“ဓားစာခံတွေက သက်ကြီးရွယ်အို လုံးဝမလိုက်နိုင်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တယ်။ တော်တော်များများ ကိုတော့ ဖမ်းထားတယ်။ သူတို့ စစ်ကြောင်းထွက်ရင် ဖမ်းထားတဲ့ ဓားစာခံတွေကို ခေါ်သွားတယ်။ အဓိက ကတော့ ဓားစာခံအသုံးပြုပြီး ဒီ စစ်ကြောင်းကို ထွက်နေတာ” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင် အခြား တစ်ဦးကလည်း ပြောသည်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၂၀ ကျော်သာကွာဝေးသည့် ဘုတလင် မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်က အင်အား ၈၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့တစ်ခု ကြားဖြတ် တိုက်ခိုက်ခံရပြီး စစ်သားဆယ်နှင့်ချီသေဆုံးပြီး ၄၀ ကျော် အရှင်ဖမ်းဆီးခံရသည်။

ကူတော်ရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်အပြီး ဖမ်းဆီးရသော စစ်သားများ။ (ဓာတ်ပုံ-ရတနာပုံတော်လှန်ရေးတပ်ဖွဲ့-YRF)

ထိုသို့ အထိနာသောတိုက်ခိုက်မှုအပြီး အောက်တိုဘာ ၁၁ ရက်တွင်  မုံရွာမှ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ဘုတလင်နယ်အတွင်း ဝင်ရောက်လာကာ  လက်ရှိအချိန်အထိ ရွာစဉ်လှည့်စစ်ကြောင်းထိုး မီးရှို့ခြင်း၊ ဖမ်းဆီးရမိသည့် သက်ကြီးရွယ်အိုများပါ မချန် ကိုယ်လက် အင်္ဂါများ ဖြတ်တောက်သတ်ဖြတ်ခြင်းဖြင့် လက်တုံ့ပြန်နေသည်။ 

စစ်ကိုင်းအခြေစိုက် တပ်မ ၃၃၊ ကလေးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၈၉ ၊ရဲနှင့် ပျူစောထီး (ပြည်သူ့စစ်)များပါဝင်သည့် ထိုစစ်ကြောင်းသည် ဆယ်ရက်တာအတွင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ ပေါင်း ၁၇ ရွာကို ဝင်ရောက်စီးနင်းခဲ့ရာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၂၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

အဆိုးရွားဆုံးဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်)လပြည့်နေ့က မြို့မြောက်ခြမ်း  စီပါရွာကို စစ်ကြောင်း ထိုးချိန်တွင် အမျိုးသား ၆ ဦး သတ်ဖြတ်ခံခဲ့ရသည့်အနက်သုံးဦးကို ဦးခေါင်းနှင့် ကိုယ်ခန္ဓာ များကို ဖြတ်တောက်ပြီး အစိတ်အပိုင်းများကို ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သည်။ 

ရက်သတ္တပတ် နှစ်ပတ်နီးပါးအတွင်း ထိုစစ်ကြောင်းသည် စီပါရွာ၊ ကျွဲသေချောင်း၊ ဆည်ဝ၊ အိုင်ပေါင်း ချောင်၊ စိုင်ပြင် စသည့်ကျေးရွာများမှ မီးရှို့ခဲ့ရာ အိမ်ခြေ ၄၀၀ နီးပါး ပျက်စီးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဆိုသည်။ 

ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေသည်။

ဘုတလင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကူတော်ရွာရှိ စစ်တပ် အထိုင်ချထားသည့်စခန်းမှအပ ကျေးရွာ
အများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။

စစ်တပ် ပြန်ထွက်သွားပြီးနောက် အောက်တိုဘာ ၂၇ ရက်က တွေ့ရသော စီပါရွာမြင်ကွင်း ။ (ဓာတ်ပုံ-ပြေကျော်)

Show More

Related Articles

Back to top button