
စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်း၊ အသုံးဆောင်နှင့် ဝင်ငွေရရှိနေမှုကို ပစ်မှတ်ထားဒဏ်ခတ်ရန် လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးသည့် ကုမ္ပဏီများအပါဝင် စစ်တပ်၏ အပေါင်းပါ လူပုဂ္ဂိုလ်များကို ဗြိတိန်၊ ဥရောပသမဂ္ဂ(အီးယူ)နှင့် ကနေဒါနိုင်ငံတို့က ယမန်နေ့ (အောက်တိုဘာ ၂၉) တွင် အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်လိုက်သည်။
စစ်ကောင်စီအတွက် လေယာဉ်ဆီ၊ လေယာဉ်ပစ္စည်းအစိတ်အပိုင်း၊ နည်းပညာနှင့် တားမြစ်ပစ္စည်းများ တင်သွင်းပေးနေသည့် Asia Sun Group ၊ Swan Energy၊ Myan-Oil Company Limited ၊ Rich Ray Trading ၊ Progress Technology Support (Royal Shune Lei Co)နှင့် King Royal Technologies ကုမ္ပဏီ ၆ ခုကို ဗြိတိန်က အရေးယူပိတ်ဆို့လိုက်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်နေရာများကို လေကြောင်းမှ တိုက်ခိုက်နေသော စစ်ကောင်စီသည် ကြီးမားသည့် လူအခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်နေပြီး ထိုကျူးလွန်ရန် ထောက်ပံ့ကူညီနေသည့် ကုမ္ပဏီများကို ပစ်မှတ်ထားဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရ အင်ဒိုပဖိဖိတ်ဆိုင်ရာ ဝန်ကြီး Catherine West က ပြောသည်။
“ဒီအရေးယူပိတ်ဆို့မှုတွေက မြန်မာစစ်တပ်အပေါ် ဖိအားတွေတိုးမြင့်လာမှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
အလားတူ King Royal Technologies ၊ Progress Technology Support (Royal Shune
Lei Co) နှင့် Swan Energy ကုမ္ပဏီ ၃ ခုကို ကနေဒါနိုင်ငံက ထပ်မံပိတ်ဆို့လိုက်သည့်အပြင် ဝန်ကြီးဟောင်းဦးအောင်သောင်း၏သား ခရိုနီ ဦးနေအောင်ပိုင်ဆိုင်သည် International Group of Entrepreneurs (IGE) ကိုလည်း ပိတ်ဆို့အရေးယူကြောင်း ကနေဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် IGE ကုမ္ပဏီပိုင်ရှင် ဦးနေအောင်၊ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသည့် Shoon Energy ကုမ္ပဏီ၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းကျော်ကျော်အောင်နှင့် စစ်ကောင်စီခန့် စက်မှုဝန်ကြီး ချာလီသန်းတို့ကို စသည့်လူပုဂ္ဂိုလ်တို့ကိုလည်း အရေးယူပိတ်ဆို့ကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြသည်။
ဥရောပသမဂ္ဂ(အီးယူ)ကလည်း အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းနှင့် မြန်မာထိုင်းနယ်စပ် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ စီးပွားရေးအကျိုးမြတ်ရနေသည့် ဗိုလ်မှူးကြီးစောချစ်သူ၏ Chit Linn Myaing Group (CLM) ကုမ္ပဏီကို အရေးယူပိတ်ဆို့ကြောင်း ကြေညာသည်။
Chit Linn Myaing Group (CLM) လည်ပတ်လုပ်ကိုင်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသသည် ညှင်းပမ်းနှိပ်စက်မှုနှင့် အဓမ္မခိုင်းစေမှုများအပါဝင် လူ့အခွင့်ရေးချိုးဖောက်မှုတို့ ဖြစ်ပွားနေပြီး ရာဇဝတ်မှု၊ အွန်လိုင်းငွေလိမ်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုမျာ၏ ဗဟိုချက်လည်း ဖြစ်နေကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ကြီးထွားလာနေသည့် အွန်းလိုင်ငွေလိမ်လုပ်ငန်းများ၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်ရန် အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း ဆိုသည်။
ရွှေကုက္ကိုလ်ဒေသရှိလုပ်ငန်းများသည် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်သော်လည်း
အကောင်းအဆိုးဒွန်တွဲမှုများရှိနေပြီး မကောင်းသတင်းအချို့ပေါ်အခြေခံကာ
ပိတ်ဆို့ခြင်းဖြစ်ကြောင်း ထိုပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောချစ်သူကတုံ့ပြန်သည်။
“ကျွန်တော်တို့ဒေသမှာ မကောင်းတာတွေ လက်မခံပါဘူး။ ဒီကျားဖြန့် (ငွေလိမ်)လုပ်ငန်းမှာဆိုရင် တဖြည်းဖြည်းချင်းလုံးဝပပျောက်သွားအောင် လက်ရှိလည်း အကောင်အထည်ဖော်ပြီးတော့ လုပ်နေတာပဲ” ဟု ပြောသည်။
ထို့ပြင် လူကုန်ကူးခံရသူများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးနေသည်ဟု ဗိုလ်မှူးကြီး စောချစ်သူက ဆိုသည်။
“ဒေသခံတွေအကျိုးရှိရင် ကျွန်တော်တို့ကို ကူညီပါလို့။ ဒေသခံအကျိုးမရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ သူတို့တောင်းဆိုတဲ့အတိုင်း ကျွန်တော်တို့ ပြန်လည်ပြီးတော့ ပို့ဆောင်ပေးနေတာပဲ။ အခုကျွန်တော်တို့ ဆက်လက်ပြီးတော့ ပို့ဆောင်နေဆဲပဲ” ဟု ၎င်းက ပြောသည်။
ပိတ်ဆို့မှုကြောင့် နိုင်ငံတကာမိတ်ဖက်များနှင့် အဆက်သွယ်ပြတ်တောက်သွားနိုင်ကြောင်း ၎င်းက ပြောသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် DKBA အင်အားစုထဲမှ အင်အားအများအပြားသည် နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ စစ်တပ်နှင့် ကာလကြာရှည်ပူးပေါင်းခဲ့ပြီး စစ်ကောင်စီလက်ထက်တွင် စစ်တပ်နှင့်မပူးပေါင်းဘဲ ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အမည်ဖြင့် သီးခြားရပ်တည်ရန် ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီ၏ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများအား ပံ့ပိုးကူညီနေသူများကို နိုင်ငံတကာက
ပစ်မှတ်ထားအရေးယူပိတ်ဆို့နေသော်လည်း စစ်တပ်၏ ကျူးလွန်မှုများလျော့ကျသွားခြင်းမရှိသေးဘဲ နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများကိုဆက်တိုက်ပြုလုပ်နေသည်။