
လွန်ခဲ့သည့် ၁၆ နှစ် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း အတွေ့အကြုံ ရှိလင့်ကစား စက်တင်ဘာ ဒုတိယပတ်အတွင်း ရာဂိမုန်တိုင်း သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်တွင် အာဏာသိမ်းထားသည့် စစ်ဗိုလ်ချုပ်များ ကြိုတင်ပြင်ဆင်ခြင်းမရှိသည့် အတွက် ပြည်သူတို့ ထိခိုက်မှု များပြားခဲ့သည်။
ရာဂိမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုများ၊ မြေပြိုများ ဖြစ်ပေါ်ကာ လူပေါင်းရာနှင့်ချီ သေဆုံး၊ လူ ၁ သန်းခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင် ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း ရေဘေးကြောင့် ၄၃၆ ဦး သေဆုံး၊ ၆၆ ဦး ပျောက်ဆုံးသည်၊ မြို့နယ် ၁၀၀ ကျော်တွင် စပါးစိုက်ဧက ၈ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
သို့သော် ဆန်စပါးအဓိက စိုက်ပျိုးသော ပဲခူးတိုင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတိုင်းနှင့် အခြားသောဒေသများမှ ရိတ်သိမ်းခါနီး မိုးစပါးစိုက်ဧကများ ပျက်စီးမှုသည် စစ်ကောင်စီ ထုတ်ပြန်ချက် ထက်ပိုများနိုင်ပြီး ဧက ၁ သန်းကျော် အနည်းဆုံး ပျက်စီးဆုံးရှုံးနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။
မိုးစပါးသည် တစ်ဧကလျှင် ၇၅ တင်း မှ တင်း ၈၀ ဝန်းကျင် အထွက်နှုန်းရှိ၍ ယခုနှစ်အတွက် တင်းပေါင်း သန်း ၈၀ ကျော် လျော့ကျနိုင်မည်ဖြစ်သည်။
စစ်အာဏာသိမ်းမှုလေးနှစ် ပြည့်တော့မည့်ကာလအတွင်း ပဋိပက္ခဒေသ ကျယ်ပြန့်လာသော အညာဒေသတွင် လယ်ကွင်းများ စစ်တလင်းဖြစ်နေချိန် ဆန်စပါးအဓိကစိုက်ပျိုးသော နိုင်ငံအောက်ပိုင်းဒေသတွင်လည်း သဘာ၀ဘေးကြောင့် စပါးစိုက်ခင်းများ ရေဖုံးလွှမ်းကုန်သည်။
ထိုအခြေအနေများသည် ပဋိပက္ခနှင့် စီးပွားရေးကျဆင်းမှု ဒဏ်ခံနေရသော စပါးစိုက်တောင်သူများကို အကျပ်အတည်း ပိုဖြစ်စေသလို နိုင်ငံ၏ စားနပ်ရိက္ခာဖူလှုံမှု ပြဿနာကိုပါ ပိုမိုကြီးမားလာစေနိုင်သည်။

ဘူးလေးရာ ဖရုံဆင့် တောင်သူများဘ၀
စီးပွားရေးကျဆင်းကာ စိုက်ပျိုးရေးသုံး သွင်းအားစု စျေးနှုန်းများမြင့်တက်နေချိန် စိုက်ပျိုးစရိတ်ချေးငွေကို နေထိုင်စားသောက်ရေးအတွက် အစားထိုးသုံးကာ ရုန်းကန်နေရသော စပါးစိုက်တောင်သူများ၏ဘဝကို ရာဂိမုန်တိုင်းရေဘေးက တိုက်စားသွားခဲ့ပြီဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ရွာရှိ ရိတ်သိမ်းခါနီး လယ်ဧက ၆၀၀ ကျော် ရေဖုံးလွှမ်းပြီးနောက် မည်သူ့လယ်မှန်း ခွဲခြား၍ မရတော့သည်အထိ နုန်းများဖြင့် ပြည့်ကုန်သည်ဟု သူက ဆိုသည်။
“ကျွန်တော်တို့ စပါးထပ်စိုက်ပျိုးဖို့ အတော့်ကို စဉ်းစားနေရတယ်” ဟု စပါးစိုက်လယ်လေး ဧက ဆုံးရှုံးသွားသော ထိုအမျိုးသားက ပြောသည်။
ထို့ပြင် ရေဘေးကြောင့် စုဆောင်းထားသော စပါးသိုလှောင်ရုံများ၊ မျိုးရိုးစဉ်ဆက် အစဉ်တစိုက်လုပ်ကိုင်ခဲ့သော မိသားစုလက်ငုတ်လက်ရင်း အသေးစားစီးပွားရေးလုပ်ငန်းများနှင့် နေအိမ်များလည်း ဆုံးရှုံးသွားရသည်ဟု သူက ဆိုသည်။
“တောင်သူတွေအနေနဲ့ အရင်ကတောင် လည်ပတ်မှုရှိအောင် ချေးငွေလေးတွေလည်း မနည်းရုန်းကန်နေ ကြရတာ၊ အခုဟာက လုံး၀ဆုံးရှုံးသွားတာဆိုတော့ တော်တော်တော့ ခက်ခဲသွားပြီ” ဟု ၎င်းက ပြောသည်။
ရေဘေးကြောင့် ရမည်းသင်းမြို့နယ်ရှိ ကျေးရွာများကို ဆည်ရေပေးနေသော လဲဖြူရေလှောင် တမံသည်လည်း နုန်းများဝင်ရောက်ကာ ကောသွားပြီဖြစ်၍ မြင်းနားကျေးရွာ၊ ကံသာအေး ကျေးရွာ အပါအဝင် ကျေးရွာ ၅ ရွာထက်မနည်းသည် အချိန်ကာလတစ်ခုအထိ ဆန်စပါး ပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း ဒေသခံများက ဆိုသည်။
နိုင်ငံအတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်သော ပဲခူးတိုင်းတွင်လည်း နှစ်စဉ် မိုးရာသီတွင် ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် စပါးစိုက်ခင်းများ ရေနစ်မြှုပ်လေ့ရှိရာ ယခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့သည်။
ငွေအတိုးပေးကာ ချေးယူထားသော ချေးငွေများဖြင့် စိုက်ပျိုးထားသော လယ်သုံး ဧကကျော် ရေနစ်မြှုပ်သွားပြီဟု ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၌ နေထိုင်သည့် တောင်သူတစ်ဦးက Myanmar Now ကို ပြောသည်။ “ပြန်ကိုမစိုက်ပျိုးချင်တော့ပါဘူး” ဟု သူက ဆိုသည်။
၎င်းတို့ နေထိုင်ရာ ကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာများမှ စပါးဧက ၆,၀၀၀ ကျော် ရေနစ်သွားခြင်းကြောင့် တောင်သူအများစု ပြန်လည်စိုက်ပျိုးကြရန် ငွေကြေးအရင်းအနှီးအခက်အခဲဖြစ်သွားပြီဟု သူက ပြောသည်။
စပါးစိုက်ဧက ၃၁ သိန်းကျော်ရှိသော ပဲခူးတိုင်းတွင် ယခုနှစ် ရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ဧက သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးသွားသည်ဟု ခန့်မှန်းနေကြသော်လည်း စစ်ကောင်စီကမူ ပဲခူတိုင်းအတွင်း ဆန်စပါး စိုက်ဧက ပျက်စီးဆုံးရှုံးမှု ပမာဏကို ထုတ်ပြန်ခြင်းမရှိပေ။
တောင်သူများသည် စီးပွားရေးကျဆင်းမှုဒဏ်၊ သဘာ၀ဘေးဒဏ်များ ကျရောက်သည့်အခါ ထိခိုက်လွယ်သည့် အခြေခံလူတန်းစားအုပ်စုတွင် ပါဝင်သူများဖြစ်သည်။
စစ်ကောင်စီ၏ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများက သဘာ၀ဘေးအန္တရာယ် ကျရောက်မှုအတွက် အရန်မျိုးစပါးများကို သိုလှောင်ထားလေ့ရှိသော်လည်း လက်ရှိပျက်စီးဆုံးရှုံးမှု ပမာဏသည် အရန်မျိုးစပါး ပမာဏာထက်ကျော်လွန်နိုင်သည့် တောင်သူများအတွက် မျိုးစပါး အကူအညီရရန်ပင် ခက်ခဲသည်ဟုလည်း စိုက်ပျိုးရေးပညာရှင် ဦးစံသိန်းက ပြောသည်။

အထွက်နှုန်းလျော့ မိုးစပါးနှင့် ဆန်စျေးကွက်အလားအလာ
စစ်ကောင်စီက ဆန်စျေးကွက်နှင့် စျေးနှုန်းကို ကန့်သတ်ထိန်းချုပ်ခြင်း၊ လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းကဲ့သို့ ဆန်စျေးကွက် ပျက်စေသည့် အခြေအနေဆိုးများ ဖြစ်ပေါ်နေချိန်တွင် မိုးစပါးအထွက်နှုန်း လျော့ကျခြင်းကလည်း စျေးကွက်အပေါ် သက်ရောက်မှုများနိုင်ကြောင်း ဆန်လုပ်ငန်းရှင်များက ယူဆသည်။
လက်ရှိအချိန်တွင် နိုင်ငံ၏ ဆန်စပါးအများဆုံး စိုက်ပျိုးသော ဧရာ၀တီတိုင်းတစ်ခုသာ တိုက်ပွဲများနှင့် သဘာ၀ဘေး အန္တရာယ်တို့မှ ကင်းဝေးနေကြောင်း၊ နိုင်ငံအလယ်ပိုင်း ဆန်စပါးအထွက်များသော စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များတွင် တိုက်ပွဲများဖြစ်ပေါ်နေသလို မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် ရန်ကုန်တို့တွင် လည်း ရေဘေးကြုံတွေ့ခဲ့ရခြင်းကြောင့် လာမည့်နှစ်စ ဆန်အသစ်စျေးကွက်တွင် ဆန်အဝင်နည်းနိုင်ကြောင်း ရန်ကုန်မြို့ခံ၊ ဆန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ပုံမှန်ဆိုရင် ၁၂လပိုင်းကုန်ရင် မိုးစပါးဆန်အသစ်တွေက စျေးကွက်ဝင်ပြီလေ၊ ဘယ်လောက်အထိ လျော့ကျသွားမလဲဆိုတာက ခန့်မှန်းရခက်ပေမယ့် ပုံမှန်တောင်မှ တစ်နှစ်နဲ့ တစ်နှစ်က အထွက်နှုန်း လျော့နေတာ၊ ဒီနှစ်က ပိုပြီးတော့ အထွက်နှုန်းလျော့မှက အသေချာပဲ” ဟု သူက ပြောသည်။
လတ်တလောမှာပင် စျေးနှုန်းကန့်သတ်ထိန်းချုပ်မှုများကြောင့် ဆန်အချော စျေးကွက်အတွင်း စျေးနှုန်းမတည်ငြိမ်ခြင်း၊ အရည်အသွေးမပြည့်မီခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု သူက ဆိုသည်။
စစ်ကောင်စီ၏ အရည်အသွေးကောင်း ဆန်သတ်မှတ်စျေးနှုန်းများသည် ဆန်ဆိုင်များအတွက် တွက်ခြေ မကိုက်ခြင်း၊ သတ်မှတ်စျေးဖြင့် မရောင်းချပါကလည်း အရေးယူခံရနိုင်ခြင်းတို့ကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင်အရည်အသွေးကောင်း ဈေးနှုန်းမြင့်ဆန်ချောဆိုလျှင် ပုန်းလျှိုး ကွယ်လျှိုး ရောင်းနေကြရသည်။
လတ်တလော ဆန်စျေးကွက်အတွင်း စျေးနှုန်းများသည် သင့်လျော်သည့် ဆန်စျေးနှုန်းများ မဟုတ်ဘဲ စစ်ကောင်စီက စျေးနှုန်းဆွဲချထားခြင်းဖြစ်၍ မှောင်ခိုစျေးကွက် ပေါ်လာသည်အထိ ဆန်စျေးကွက်အတွင်း ရိုက်ခတ်မှု ရှိလာသည်။
စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) တို့ ပူးပေါင်းကာ ဆန်စျေးနှုန်းများကို လစဉ် သတ်မှတ်ထုတ်ပြန်ပေးလေ့ရှိသည်။
စက်တင်ဘာလတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာပေါ်ဆန်း ဆန်အချောတို့သည် ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်ရှိနေပြီး ဆန်ကြမ်းစျေးနှုန်းများသည် တစ်အိတ်လျှင် ၇၀,၀၀၀ ကျော်မှ ၉၀,၀၀၀ အထိ ပေါက်စျေးရှိသည်။

ရေဘေးကြောင့် စပါးအထွက်နှုန်းလျော့ကျနိုင်၍ ဆန်စျေးကွက်အပေါ် သက်ရောက်မှုနည်းပါးရန် ပြည်ပဆန်တင်ပို့မှုကို လျှော့ချသင့်ကြောင်း မန္တလေးမြို့ခံ ဝါရင့် ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။
“အရန်ဆန်ပမာဏနဲ့ အခုပျက်စီးသွားတဲ့ ဧကကို တွက်ချက်ပြီး Export(ပြည်ပတင်ပို့မှု) ကို ထိန်းချုပ်မှပဲ ဒီပြဿနာက ပြေလည်နိုင်မယ်။ Export ကို ပို့မယ်၊ ပို့မယ်ပဲ လုပ်လို့တော့မရဘူး၊ လုပ်လိုက်မယ်ဆိုရင် ပြည်တွင်းစျေးကွက်က ရိုက်ခတ်မှုကြီးမားမှာပေါ့” ဟု သူက Myanmar Now ကို ပြောသည်။
နိုင်ငံခြားငွေ အကျပ်အတည်းဖြစ်နေသော စစ်ကောင်စီသည် ယခုနှစ် ပြည်ပဆန်တင်ပို့မှုကို တန်ချိန် ၂ သန်း၊ အမေရိကန်ဒေါ်လာ ၁ဘီလျံကျော် ရရှိရန် မျှော်မှန်းထားပြီး တင်ပို့မှုပြည့်မီရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကို ဖိအားပေးလျက်ရှိသည်။
နိုင်ငံတွင် အရန်ဆန်တန်ချိန်လေး သန်းခန့်ရှိကြောင်း၊ ယခုရေကြီးမှုကြောင့် စပါးစိုက်ဧက ၅၀၀၀ ခန့်သာ ပျက်စီး ခြင်းသည် ဆန်တင်ပို့မှုကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်း လွန်ခဲ့သောလပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းမှ ပြန်လွတ်လာသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က စစ်ကောင်စီထိန်းချုပ်ထားသော Global New Light of Myanmar သို့ စက်တင်ဘာလ၂၇ ရက်နေ့တွင် ဖြေကြားထားသည်။
ရေကြီးနစ်မြှုပ်မှုကြောင့် လယ်မြေများ၊ ဆန်စက်များ နှင့် သိုလှောင်ရုံများ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ သော်လည်း မြန်မာ့ဆန်ထုတ်လုပ်မှု နှင့် တင်ပို့မှုအပေါ် သိသိသာသာသက်ရောက်မှု ရှိမည်မဟုတ်ဟု သူက ဆိုသေးသည်။
MRF သည် ရေကြီးနစ်မြှုပ်ခဲ့သော ဧက ၅,၀၀၀ အတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ လှူဒါန်း သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်မိုးစပါးစိုက်ဧက ၁၅ သန်းရှိ၍ တစ်နှစ်လျှင် စပါးတင်း သန်းပေါင်းတစ်ထောင်ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။
နိုင်ငံတဝန်းဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုများကို ကုစားနိုင်ရန် တောင်သူများသို့ အတိုးမဲ့ချေးငွေ ကျပ် ၁.၂၅ ဘီလီယံ ထုတ်ချေးရန် စီစဉ်လျက်ရှိသည်ဟု MRF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာအာမခံလုပ်ငန်းသည်လည်း ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့မှ ပျက်စီးသွားသော သီးနှံစိုက်ခင်းများအတွက် သီးနှံအာမခံလျော်ကြေးငွေ ကျပ် ၁၂ ဘီလီယံကျော် ပေးမည်ဟု ဆိုထားသည်။

စားနပ်ရိက္ခာ ဖူလှုံမှု ပြဿနာ
ပြင်းထန်ကျယ်ပြန့်လာသော ပဋိပက္ခများ၊ စီးပွားရေး မတည်ငြိမ်မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများက မြန်မာ့စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်လာစေသည်။ အခြေခံကုန်စျေးနှုန်း မြင့်တက်ခြင်းနှင့် စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုကျဆင်းသွားခြင်းက မြန်မာ့စားနပ်ရိက္ခာဖူလုံရေးကို ပိုမိုဆိုးရွားစေကာ အလွန်စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇွန်လထုတ် ကမ္ဘာ့ဘဏ်၏ မြန်မာ့စားနပ်ရိက္ခာဖူလုံမှု၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အစီရင်ခံစာတွင် သတိပေးထားသည်။
၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်ကြားကာလ၌ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် ပို့ကုန်ရငွေကန့်သတ်ချက်တို့ကြောင့် မြန်မာနိုင်ငံ၏စိုက်ပျိုးထွက်ကုန်တင်ပို့မှု သိသိသာသာကျဆင်းသွားသည်။ ပို့ကုန်တင်ပို့မှု ၉ ရာခိုင်နှုန်း ကျပြီး သွင်းကုန်တန်ဖိုး ၁၂ရာခိုင်နှုန်း တက်လာသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်သည် ၂၀၂၃ ခုနှစ်ကုန်တွင် အစားအစာအမျိုးမျိုး စားသုံးမှုလျော့ကျနေပြီး နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှုနှင့် လက်လှမ်းမီနိုင်မှုများ ဖြတ်တောက်ခံရခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံမှု ပိုမိုဆိုးရွားလာနေသည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ပဋိပက္ခများဖြစ်ပွားနေသော နိုင်ငံအလယ်ပိုင်း၊ အညာဒေသရှိ တောင်သူလယ်သမားများသည် ယခင်ကလောက် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိ၍ နိုင်ငံအောက်ပိုင်း ဒေသများမှ ဆန်စပါးနှင့် စားနပ်ရိက္ခာကို မှီခိုနေကြရသည်။ ယခုအခါရေဘေးကြောင့် အောက်ပိုင်းဒေသများမှာပါ ထုတ်လုပ်မှု လျော့ကျမည်ဖြစ်၍ ပဋိပက္ခဒေသများအတွက် ရိက္ခာအကျပ်အတည်းပိုဖြစ်မည်ဟု စိုက်ပျိုးရေးပညာရှင် ဦးစံသိန်းက ခန့်မှန်းသည်။
“ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို စားနပ်ရိက္ခာ ဆန်စပါး ပိုမရောက်နိုင်တော့ဘူး။ ရေကြီးနစ်မြှုပ်တဲ့ ဒေသတွေကလည်း အိုးအိမ်ပါပျက်စီးတာဆိုတော့၊ လယ်တွေတင်မကဘူးဆိုတော့ တောင်မင်း၊ မြောက်မင်း မကယ်နိုင်ဆိုသလိုပေါ့ဗျာ” ဟု သူက ပြောသည်။
လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများသည် စားနပ်ရိက္ခာဖူလုံမှုကိုသာမက စိုက်ပျိုးထုတ်လုပ်မှုကိုပါ အကြီးအကျယ်ထိခိုက်စေသည်ဟု ကမ္ဘာ့ဘဏ်က အစီရင်ခံထားသည်။ အဓိကအားသဖြင့် ချင်း၊ ရခိုင်၊ ကယား နှင့် ကချင် ကဲ့သို့ ပဋိပက္ခဇုန်များမှ အမျိုးသမီးများနှင့် ကလေးများအတွက် စားနပ်ရိက္ခာ အရေးပေါ် အကူအညီပေးရန် လိုအပ်နေသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။
ပဋိပက္ခဇုန်များရှိရာ ဒေသများမှ တောင်သူလယ်သမားတို့သည် ဓာတ်မြေသြဇာ ကဲ့သို့ အဓိကကျသည့် စိုက်ပျိုးရေး သွင်းအားစုများရရှိရေးအတွက်လည်း ကြီးမားသော အခက်အခဲကို ရင်ဆိုင်နေကြရသည်။
ပဋိပက္ခ၊ စီးပွားရေး မတည်ငြိမ်မှုနှင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခံရမှုတို့က ကျေးလက်နှင့် ပဋိပက္ခဒေသ တောင်သူလယ်သမားတို့၏ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာ ရရှိနိုင်မှုကို ခက်ခဲသွားစေသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ထောက်ပြထားသည်။
ထိုအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်ကို ရေလွှမ်းမိုးပြီး ဆန်စပါး စိုက်ဧက ၁ သန်းခန့်ရေနစ်မြှုပ်ခဲ့သော ရာဂိမုန်တိုင်းကာလအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မပါဝင်သေးပေ။ ထိုကြောင့် မြန်မာ့စားနပ်ရိက္ခာဖူလုံမှု ကျပ်တည်းနေမှု ပိုမိုဆိုးရွားလာမည်မှာ အသေချာပင်ဖြစ်သည်။