
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်တော်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲသဖြင့် ဒေသခံ ၄ ဦးသေဆုံးကာ ၁၆ ဦး ထက်မနည်း ဒဏ်ရာရသွားသည်ဟု သိရသည်။
ကျောက်တော် အ.ထ.က(၂) စာသင်ကျောင်းအနီးနှင့် လမ်းမကြီးအနီးရှိ ပြိုင်စံရှားအမှုန့်ကြိတ်စက်ရုံ ပတ်ဝန်းကျင်ကို ဗုံးနှစ်လုံးကျသဖြင့် မိသားစုလိုက် ထိခိုက် သေဆုံးကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရသည့် နေ့သည် သီတင်းကျွတ်လဆန်း ၈ ရက်နေ့၊ ဥပုသ်နေ့ ဖြစ်ရာ လူနေရပ်ကွက် ဗုံးကြဲခံရမည်ဟု ထင်မထားမိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ဒေသခံက ပြောသည်။
“လုံးဝ မထင်မှတ်ထားတဲ့အချိန်မှာလာကြဲတော့ ဒေသခံတစ်ယောက်အနေနဲ့ ကြောက်တယ်။ ခြေဖျား၊ လက်ဖျား အေးစက်သွားတယ်။ အခုက လေယာဥ်သံကြားလိုက်တာနဲ့ ချက်ချင်းဗုံးပေါက်တာပဲ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူတို့မှာ အမှုန့်ကြိတ်စက်ပိုင်ရှင် ဦးအေးကျော် (၄၃ နှစ်)၊ ပိုက်သည်ရပ်ကွက်မှ ဦးကျော်သိန်းလှ (၅၃ နှစ်)၊ ရွာမရပ်ကွက်မှ ဦးမောင်ထွန်းနိုင်(၄၅ နှစ်)၊ အပေါက်ဝရွာမှ လာရောက် နေထိုင်သော မသန္တာအေး ( ၁၈ နှစ်) တို့ ဖြစ်ကြသည်။

ဒဏ်ရာရသူများမှာ အမှုန့်ကြိတ်စက်ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ဆန်းဝေ (၄၂ နှစ်)၊ မောင်ခိုင်ကျော် လင်း (၆ နှစ် )၊ မချိုမြတ်မော် (၈ နှစ်)၊ မနန်းသွယ်ခိုင်(၁၃ နှစ်)၊ မရွှေအိမ်သူ (၁၄ နှစ်)၊ ဦးခင်မောင်လွင် (၅၂ နှစ်)၊ ဦးထွန်းသိန်းလှ ( ၃၄ နှစ် )၊ ဒေါ်မချေ (၄၇ နှစ်)၊ ဦးဦးသန်း (၆၅ နှစ်)၊ ဦးဦးကျော်ဝင်း (၅၅ နှစ်)၊ မနွယ်နွယ်ခိုင်(၂၄ နှစ်)၊ ဦးမောင်မောင်ချေ (၃၆ နှစ်)၊ မောင်ကျော်သူအောင် (၂၆ နှစ်)၊ ဒေါ်ရီရီသန်း (၄၆ နှစ်)၊ ဒေါ်ဝေဝေတင် (၃၈ နှစ်) နှင့် ဒေါ် မြတ်လဲ့လဲ့ငုံ (၃၅ နှစ်)တို့ ဖြစ်သည်။
လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများအနက် ပြင်းထန်ဒဏ်ရာရအရေးပေါ်လူနာ ၂ ဦးပါဝင် သည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
“မြို့အနေအထားကတော့ လေယာဉ်နဲ့ပစ်တုန်းက ဆူဆူပူပူဖြစ်ခဲ့တယ်။ အခုတော့ လုံးဝတိတ်ဆိတ်နေ တယ်။ အပြင်ကိုလည်းမထွက်ကြတော့ဘူး။ အဝေးကလာတဲ့သူတွေဆိုရင်လည်း စောစောထွက်ခွာတာ ရှိကြတယ်။ ထမင်းဆိုင်၊ စျေးဆိုင်တွေလည်းပိတ်ထားကြတယ်။ တစ်ယောက်မှ အပြင်မထွက်ရဲကြ တော့ဘူး။ မီးတောင်မထွန်းရဲကြတော့ဘူး။ အားလုံးလန့်နေကြတယ်” ဟု လေကြောင်းမှ ဗုံးကြဲပြီး ကာစ အခြေအနေကို ပြောပြသည်။
Myanmar Now က ရရှိသည့် မှတ်တမ်းဓာတ်ပုံတစ်ခုတွင် ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသားတစ်ဦး ဦးခေါင်း၊ မျက်နှာတို့တွင် ဒဏ်ရာများ ရရှိပြီး လမ်းပေါ်တွင် ပက်လက်လှန် သေဆုံးနေသည်ကို တွေ့ရသည်။
ဘုရားပုထိုးကျောင်းကန်များ ဆောက်လုပ်ပူဇော်ပြီး သာသနာပြုပုဂ္ဂိုလ်ဟု ခံယူထားသည့် စစ်ခေါင်း ဆောင်က စစ်တပ်လက်လွှတ်လိုက်ရသော နယ်မြေများကို ဆက်လက် တိုက်ခိုက်မည်ဟု သတိပေးထားသည်။
ရခိုင်ဒေသတိုက်ပွဲများတွင် AA ကို စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ကိုစစ်နှင့်တူအောင် မတိုက်ဘဲ လေကြောင်းဖြင့်သာ လက်နက်အားကိုးဖြင့် ပစ်ခတ်နေ၍ အရပ်သားများထိခိုက်နေရသည်ဟု ကျောက်တော်မြို့မှအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခုက လေကြောင်းသံ မကြားဘဲ လက်နက်ပေါက်ကွဲပြီးမှ အသံကြားရတယ်။ အစ်မဆိုရင် နှလုံးရောဂါလည်း မရှိဘဲ နှလုံးအောင့်နေတာ အခုထိပါ။ လူတွေကိုမြင်ရတာ ပျာယာခတ်နေကြပြီး လက်မကိုင်မိ ခြေမကိုင်မိ အခြေအနေတွေဖြစ်နေ တွေ့ရပါတယ်”ဟု သူက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် ကျောက်တော်မြို့ကို AA က အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ နယ်မြေဆုံးရှုံးထားသော ရခိုင်ဒေသတွင်လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် ပြုလုပ်နေရာ မေလအတွင်းက ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို ဗုံးကြဲသဖြင့် ရဟန်း တစ်ပါးအပါအဝင် ၅ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရသွားသည်။
အောက်တိုဘာ ၇၊ ၈ ရက်တို့တွင်လည်း တောင်ကုတ်၊ မောင်တောနှင့်ပေါက်တောမြို့နယ်တို့တွင် ဒေသခံ ၁၉ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရသွားသည်။
လေတပ် အန္တရာယ်ကြောင့် သီတင်း ကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တို့တွင် လူစုလူဝေးမပြုလုပ်ကြရန် အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၇ တွင် သတိပေးညွှန်ကြားထားသည်။
ယခင်လအတွင်းကလည်း တောင်ကုတ်၊ ရသေ့တောင်၊ မြောက်ဦး၊ ဂွမြို့နယ် ကျိန္တလီမြို့၊ သံတွဲ၊ ပေါက်တော၊ မောင်တောတို့တွင် ဗုံးကြဲမှုကြောင့် အရပ်သား အနည်းဆုံး ၂၆ ဦး၊ အကျဉ်းသားနှင့် စစ်သုံ့ပန်း ၅၇ ဦး သေဆုံးခဲ့သည်။
ပုံစာ-သီတင်းကျွတ်၊တန်ဆောင်မုန်းလပြည့်နေ့တို့တွင် လူစုလူဝေးမပြုလုပ်ရန် ထုတ်ပြန်ထားသည့် AA၏ ညွှန်ကြားချက်ကို ဖတ်ရှုနေသူတစ်ဦး။ (ဓာတ်ပုံ-Myanmar Now)
