
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အကျဥ်းထောင်ထဲတွင် ဖမ်းထားသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ နီးပါးကို ရန်ကုန်၊ သာယာဝတီ၊ ပုသိမ်မြို့တို့ရှိ အကျဥ်းထောင်အသီးသီးသို့ ယမန်နေ့ (အောက်တိုဘာ ၈ )က စစ်ရေယာဉ်များဖြင့် ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။
ထောင်ပြောင်းခံရသူများသည် အာရက္ခတပ်တော် (AA)နှင့်ဆက်စပ်သည့်ဟု စွပ်စွဲကာ ဖမ်းဆီးထားသူများနှင့် ပြီးခဲ့သည့်မေလက စစ်ကောင်စီ၏အစုလိုက်အပြုံလိုက်ဖမ်းဆီးခံခဲ့ကြရသည့် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ ရွာသားများဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“မနေ့ညက ၈ နာရီ၊၉ နာရီလောက်မှာ စလို့ထုတ်ပါတယ်တဲ့။ ၁၁ နာရီလောက်မှာ သင်္ဘောထွက်တော့ မယ့်အခါ အသိထောင်ဝန်ထမ်းတစ်ယောက်က လှမ်းလို့အကြောင်းကြားပေးပါတယ်။ ညီမတို့ လင်ယောကျ်ားကို သင်္ဘောကို တင်သွားပြီလို့ပြောပါတယ် “ဟု ဗျိုင်းဖြူကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ထောင်ဝန်ထမ်းများသည် မည်သည့်အတွက်ကြောင့် ထောင်ပြောင်းသည် ၊ မည်သူ့ကို မည်သည့် ထောင်သို့ ပြောင်းမည်ကိုအသိပေးခြင်းလည်းမရှိဟု သူက ဆက်ပြောသည်။
” ဒီတစ်ရက်နှစ်ရက်မှာ ထမင်းနည်းနည်းစားလို့ဝင်သေး။ နလံထူဖို့ပြင်သေး။ အခု ပြန်လို့ခံစားနေရပြီ။ သိပ်ခံစားရတယ်”ဟု ၎င်းက ဆိုသည်။
ထောင်ပြောင်းရွှေ့ခံရသည့်အထဲတွင် အသက် ၂၅ နှစ်အရွယ်ရှိသည့် ထိုအမျိုးသမီး၏ ဖခင်၊ ခင်ပွန်းနှင့်ဆွေမျိုးတစ်ဦးပါဝင်သည်ဟုဆိုသည်။
မကြာသေးမီက ခင်ပွန်းကိုထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည့် အမျိုးသမီးတစ်ဦးကမူ ထောင် ပြောင်းရွှေ့ခံရမည်ကို သိရှိခဲ့ရပြီး မည်သည့်ထောင်ကို ပြောင်းခံရမည်ကို မသိရှိဟု ပြောပြခဲ့သည် ဟု ဆိုသည်။
“အခု ဗျိုင်းဖြူရွာတစ်ရွာလုံးက မိန်းမတွေငိုနေကြတယ်။ အရှင် ပြန်တွေ့ရမလား ၊ အသေပြန်တွေ့ရမ လားလို့လည်းမသိနိုင်ဘူး”ဟု ၎င်းက ပြောသည်။
ယခုနှစ် မေ ၂၉ ရက် နံနက်က စစ်တွေမြို့၏မြောက်ဘက်ရှိ ဆတ်ရိုးကျ ရပ်ကွက်ဟုလည်း ခေါ်ကြ သည့် ဗျိုင်းဖြူရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာကာ ဗျိုင်းဖြူရွာသားအားလုံးကို ဖမ်းခေါ်ကာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြပြီး လူ ၂၀၀ ကျော်ကို ၂ သုတ်ခွဲကာ စစ်တွေထောင်တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် ထောင် ဒဏ် ၃ နှစ်စီ ချထား ခြင်းဖြစ်သည်။
စီးနင်းစဉ် ၃ ရက်အတွင်း ဒေသခံ ၇၆ ဦး သတ်ဖြတ်ခံလိုက်ရပြီး မိန်းကလေးသုံးဦးထက်မနည်း မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

စစ်တွေမြို့၏တောင်ဘက်တွင်ရှိသည့် စစ်တွေထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားများကို ယခုကဲ့သို့ ထောင်ပြောင်းရွှေ့ခြင်းမှာ စစ်တွေမြို့ကို AA တိုက်ခိုက်လာပါက အကျဉ်းကျနေသူများ လွတ်မြောက်နိုင်သဖြင့် ပြောင်းရွှေ့လိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။
ဘူးသီးတောင်၊ သံတွဲစသည့်မြို့များကို AA သိမ်းပိုက်ခဲ့ချိန်တွင် နိုင်ငံရေးအကျဉ်းသား အများအပြား ပြန်လည်လွတ်မြောက်ခဲ့သည်။
AA သည် ရခိုင်တစ်ပြည်နယ်လုံးကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားသည်။
စစ်တွေမြို့နယ် မြစ်နားရွာရှိအခြေပြုစစ်ကြောင်းနှင့် ရွှေမင်းဂံကျေးရွာဘက်မှ ကူးလာသည့် ပူးပေါင်း စစ်ကြောင်းတို့ မင်းလှ(မီးလောင်ရွာ)သို့လာစဉ် သြဂုတ် ၂၉ ရက်က AA ၏ ကြားဖြတ်တိုက်ခိုက်ခံရကာ အကျအဆုံးဖြင့် ဆုတ်ခွာခဲ့ရဖူးသည်။
လက်ရှိတွင် စစ်တွေမြို့ရှိ လမ်းဆုံ၊လမ်းခွများတွင် ကတုတ်ကျင်းများတူး၍ ကင်းပုန်းဝပ် စောင့်ကြည့် ခြင်း၊ မြို့အပြင်များတွင် ခြံစည်းရုံးကာရံကာ မိုင်းထောင်ခြင်းများပြုလုပ်ကာ ခံစစ်ဆင်ထားသည်။
လက်ရှိတွင် AA ကလည်း စစ်တွေမြို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီလေတပ်ကလည်း စစ်တွေ မြို့အနီးရှိ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်ကို အဆက်မပြတ်ဗုံးကြဲနေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ စာရင်းများအရ အာဏာ သိမ်းချိန်မှ စ၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၅၂၂ ဦးရှိပြီး ထိုအထဲမှ ၂၁၀၂၅ ဦးမှာ ထိန်းသိမ်းခံနေရ ဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၄၈၈ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။