ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဒေသခံ ၁၄၄ ဦးကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်မှုသံသယဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်သည်ဟု မိသားစုဝင်များက ပြောသည်။
ဆတ်ရိုးကျရပ်ကွက် ခေါ် ဗျိုင်းဖြူရွာမှ အဆိုပါ ဒေသခံများကို သြဂုတ် ၃၀ ရက်နေ့က စစ်တွေမြို့၊ အကျဉ်းထောင်တွင်းတရားခွင်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်၊ မိသားစုဝင်များ ယနေ့အထိ တွေ့ခွင့်မရသေးဟု အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“အဲဒီနေ့က ထောင်ကိုလည်း မဝင်ရဘူး။ လမ်းဝမှာ (ထောင်ဘူးဝမှာ) နေရပါတယ်။ ထောင်ချပြီးသွားတာနဲ့ သူတို့တွေ (ထောင်ဝန်ထမ်းတွေ) လာပြောကြတယ်” ဟု ၎င်းက ဆိုသည်။
မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ချခံရသူများထဲတွင် သူ၏ အသက် ၆၅ နှစ်အရွယ် ခင်ပွန်း၊ အသက် ၄၀ ကျော်နှင့် ၃၀ ကျော်အရွယ် သမက်နှစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
အမှုရင်ဆိုင်စဉ်အတွင်း ငွေကြေးမတတ်နိုင်သဖြင့် ခုခံချေပရန်အတွက် ရှေ့နေလည်း မငှားနိုင်ဟု ဆိုသည်။
၎င်းတို့ကို စစ်တွေမြို့နယ်တရားရုံးက နှစ်ကြိမ်ခန့် ရုံးတင်စစ်ဆေးပြီးနောက် ထောင်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် ခင်ပွန်းဖြစ်သူမှာ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် ဒဏ်ရာရရှိထားပြီး သမက်တစ်ယောက်က နားမှ သွေးယိုနေသည်ဟု ဆိုသည်။
“ကျွန်မယောကျ်ားနဲ့ သမက်တွေ AA နဲ့လည်း လုံးဝစပ်ဆက်မှုလည်း မရှိဘူး။ မတရားစွပ်စွဲပြီး ထောင်ချလိုက်တာပါ။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“အလုပ်လည်းမရှိတော့ သိပ်ခက်ခဲပါတယ်။ ရှာကြံပြီးတော့ သူတို့ဆီကို ဆေးတွေပို့ပေးနေရတယ်”
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုနှစ် မေ ၂၉ ရက်နေ့က မြို့မြောက်ဘက် ဆတ်ရိုးကျချောင်းဘေးရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ထိုရပ်ကွက်ကို စီးနင်းကာ ရွာသားအားလုံးကို ဖမ်းဆီးခဲ့ရာ ကနဦးတွင် ၄ ဦး အသတ်ခံရသည်။
ထို့နောက် စုစုပေါင်း ၇၆ ဦး သတ်ဖြတ်လိုက်သည်၊ မိန်းကလေးသုံးဦးထက်မနည်းကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောထားကြသည်။
စစ်ကောင်စီက အမျိုးသမီးများကို ပြန်လွှတ်ပေးလိုက်ကာ အမျိုးသား ၃၀၀ နီးပါးကို ဖမ်းဆီးသွားသည်၊ ယင်းနောက် ဖမ်းဆီးခံထားရသူများအနက်မှ အမျိုးသား ၁၄၀ ကျော်ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ယခုကဲ့သို့ ထောင်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အရပ်သားအများအပြားကို နှိပ်စက်သည်၊ မုဒိမ်းကျင့်သည်၊ ထောင်ချသည် ဟူသော မိသားစုဝင်တို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ထိုနေ့က ထိုရပ်ကွက်တွင် ဖမ်းဆီးမှု၊ ပစ်ခတ်မှုများ ရှိခဲ့သည်၊ မုဒိမ်းမှု မရှိခဲ့ဟု ဇွန်လ ၆ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
မေလ ၂၉ ရက်နေ့တွင် AA တပ်ဖွဲ့ဝင်များ ဗျိုင်းဖြူရွာတွင် ရှိနေသည်ဟု သတင်းရသဖြင့် စစ်တပ်က သွားရောက် စစ်ဆေးခဲ့သည်၊ အမျိုးသားတချို့က သေနတ်လုသဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ ခုနက သေနတ်လုယူတဲ့ အမျိုးသားသုံးဦး သေဆုံးခဲ့တာရှိတယ်။ အဲ့ဒီအထဲမှာ မသင်္ကာတဲ့သူ လူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းပြီးတော့မှ စစ်ဆေးလျက်ရှိတယ်” ဟု သူက ပြောသည်။
ဒေသခံ နောက်တစ်ဦးကလည်း ၎င်း၏ ခင်ပွန်းသည် အပြစ်မရှိဘဲ ဖမ်းဆီးထောင်ချခံရသဖြင့် မကျေနပ်ကြောင်း ပြောသည်။
“အိမ်ရှင်နဲ့ (ခင်ပွန်းသည်နဲ့) နှစ်ယောက်နေတာမှာ အိမ်ရှင်က ထောင်ကျသွားတော့ ကျွန်မ ဘုန်းကြီးကျောင်းမှာ နေရတယ်။ အများကြီးခံစားရတယ်။ မိသားစုလည်းမရှိဘူး။ နှစ်ယောက်မှာ တစ်ယောက် ထောင်ကျသွားတော့ သိပ်ခံစားရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
အဖမ်းခံရသည့် ဗျိုင်းဖြူရွာဒေသခံများထဲမှ အမှုဖွင့်မခံရဘဲ ပြန်လွတ်လာသူတို့က ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်။ သို့သော် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုအဆက်မပြတ်ရှိနေ၍ လွတ်လွတ်လပ်လပ်သွားလာခြင်း မပြုဝံ့ဟု ဆိုကြသည်။
သြဂုတ် ၂၉ ရက်က စစ်တွေမြို့မြောက်ဘက် ငါးမိုင်ခန့်အကွာ မီးလောင် (မင်းလှ) ရွာနှင့် မြစ်နားရွာကြားတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ခဲ့သည်။
မြို့ထဲတွင်လည်း တိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများ အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
“ဘယ်ကိုမှ ထွက်လို့မရဘူး။ ကြောက်ပေမဲ့ နေနေရတယ်” ဟု သူက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက် ရခိုင်ဒေသတွင် တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီသည် စစ်တွေမြို့ကို ကုန်းလမ်း၊ ရေလမ်းမှ အဝင်အထွက်ပိတ်ပင်လိုက်သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးမရှောင်နိုင်ကြပေ။
စစ်ဘေးရှောင်ရန် တစ်ခုတည်းသော တရားဝင်လမ်းကြောင်းမှာ ရန်ကုန် သို့မဟုတ် မန္တလေးသို့ လေကြောင်းဖြင့် သွားရန်ဖြစ်သည်။ ငွေကြေးတတ်နိုင်သူတချို့က လေယာဉ်လက်မှတ်ကို လနှင့်ချီ ကြိုတင်ဝယ်ယူပြီး လေကြောင်းဖြင့် စစ်ဘေးရှောင်ကြသည်။
သို့သော် ငွေကြေးမတတ်နိုင်ခြင်း၊ စစ်မှုထမ်းဥပဒေနှင့် ဧည့်စာရင်း အကြောင်းပြဖမ်းဆီးခံရမှုရှိသောကြောင့် ဒေသခံအများစုမှာ စစ်တွေတွင် ပိတ်မိနေကြသည်။
AA သည် မောင်တောမြို့ရှိ နေရာအများစုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ သံတွဲမြို့နယ်ရှိ တစ်ခုတည်းသော လက်ကျန်တပ်စခန်းဖြစ်သော မောင်ရွှေလေးရေတပ်စခန်းကို တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။