အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီတွင် သန်းခေါင်စာရင်းကောက်သူ ၉ ဦး ဖမ်းဆီးခံရ 

သန်းခေါင်စာရင်းကောက်မည့် ကျောင်းဆရာမ ၈ ဦးနှင့် ထွေအုပ်ရုံး စာရေးမတစ်ဦးကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးလိုက်ပြီး မြို့နယ်ပအဖထံ လွှဲပေးသွားမည်ဟု သိရသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်နေသည့်  စစ်ကောင်စီဝန်ထမ်း အမျိုးသမီး ၉ ဦးကို ဖမ်းဆီးထားသည်ဟု ဒေသခံ တော်လှန်ရေးအင်အားစုက  ပြောသည်။

အောက်တိုဘာ ၆ ရက် နံနက်တွင် လောင်းလုံးမှ ထားဝယ်မြို့နယ်သို့ သန်းခေါင်စာရင်း ကောက်ယူရန် သွားသည့် ကျောင်းဆရာမ ၁ ဦးကို လမ်းတွင် စတင်ဖမ်းဆီးမိပြီးနောက် ဆရာမ ၇ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးမ ၁ ဦးကို နေအိမ်များတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ 

“လောင်းလုံးကနေပြီး ထားဝယ်ကို သွားတဲ့လမ်းမှာပဲ ဖမ်းမိသွားတယ်။ ဖမ်းမိသွားတဲ့ သူကနေပြီး တော့ နောက်ထပ် ဘယ်သူ၊ဘယ်သူတွေ ကျန်ခဲ့သေးတယ်ဆိုပြီး ထုတ်ပြောလာတော့ ကျွန်တော်တို့ အိမ်တွေမှာပါ သွားဖမ်းတယ်။ အခုကျွန်တော်တို့ ဖမ်းဆီးထားတာ ၉ ယောက် ရှိတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက Myanmar Now ကို ပြောသည်။ 

ဖမ်းဆီးရမိသူ ၉ ဦး၏ အမည်များကို ၎င်းတို့ လုံခြုံရေးအရ ထုတ်ပြန်သွားမည်မဟုတ်ဘဲ အများစုမှာ စစ်ကောင်စီ၏ အတင်းအကျပ်စေခိုင်းမှုကြောင့် လုပ်ကိုင်ရသည်ဟု ထွက်ဆိုထားကြသည်၊ ဖမ်းဆီးခံ ထားရသူများတွင် အသက်အငယ်ဆုံး ၂၇ နှစ်မှ အကြီးဆုံး ၆၀ နှစ် အထိပါဝင်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပ.အ.ဖ)  သို့ အပ်နှံမည်ဟု  ကိုရှဲဒိုးက ဆက်ပြောသည်။ 

“အများစုကတော့ မြို့နယ်ပညာရေးမှူးကနေပြီးတော့ ဖိအားပေးပြီးတော့ အတင်းအကျပ် ခေါ်တဲ့ အခါ ကျတော့ သင်တန်းတွေသွားတက်ရတယ်။ တက်ပြီးတော့ သန်းခေါင်စာရင်းကောက်တဲ့အထဲမှာ ပါဝင်ပြီးတော့ လိုက်ကောက်ပေးရတာပေါ့” ဟု ကိုရှဲဒိုးက ဆက်ပြောသည်။ 

“ကျွန်တော်တို့ သူတို့ရဲ့ထွက်ဆိုချက်တွေယူပြီးတော့ ပုံမှန် လုပ်ထုံး၊လုပ်နည်း အတိုင်းပဲ ပ.အ.ဖ ကို ကျွန်တော်တို့ အပ်မှာဗျ။ ပ.အ.ဖ ကိုအပ်ပြီးရင် သူတို့ရဲ့ လုပ်ဆောင်ချက်အတိုင်း ဘယ်လိုလုပ်မလဲ ဆိုတာ ကိုတော့ ကျွန်တော် တို့ မပြောနိုင်ဘူး။ ဆုံးဖြတ်ချက်ချတဲ့အပိုင်းကိုတော့ သူတို့ ဆက်လုပ်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရေးတွင် ပါဝင်နေသူ ၇၀ ခန့် ကျန်နေသေးပြီး ထိုသူတို့ကို  ဆက်လက်အရေးယူနိုင်ရန် ကြိုးပမ်းနေသည်   ဟု ကိုရှဲဒိုးက ဆက်ပြောသည်။ 

စစ်တပ်၏ အောက်တိုဘာ ၆ ရက်နေ့  သတင်းထုတ်ပြန်ချက်တစ်ခုတွင်  လောင်းလုံးမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင်  သန်းခေါင်စာရင်းကောက်ယူနေသည့် အဖွဲ့ဝင်များ အဖမ်းခံရကြောင်း အတည်ပြုထားပြီး အရေအတွက်မှာ ၇ ဦးဖြစ်သည်ဟု ဖော်ပြထားသည်။

ကျောင်းဆရာမများဖြစ်သော  ဒေါ်မေမီမိုး(၂၇ နှစ်)၊ ဒေါ်ဥမ္မာထွန်း (၄၈ နှစ်)၊  ဒေါ်ခင်အေးဆက် (၄၇ နှစ်) ၊ ဒေါ်ရင်ရင်စိုး (၆၀ နှစ်)၊ ဒေါ်မြအေး (၅၆ နှစ်) ၊  ကျောင်းအုပ် ဒေါ်ဖြူဖြူထွေး (၄၄ နှစ်) 

ရေဖြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမ ဒေါ်သီတာ (၅၇ နှစ်) တို့ ဖြစ်သည်ဟု ဖော်ပြ ထားသည်။ 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင်လည်း  သန်းခေါင်စာရင်း ကောက်သည့် အသက် ၆၅ နှစ် အရွယ် ဦးကမ်လျန်ထန် အောက်တိုဘာ ၄ ရက်တွင် ဖမ်းဆီးခံရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့များ နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားခံနေရသဖြင့်  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ပေးနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စက်တင်ဘာ ၁၇ ရက်က လောင်းလုံးမြို့နယ်တွင် သန်းခေါင် စာရင်းစစ်/စာရင်းကောက်သင်တန်း တက်ရောက်နေသူတချို့။  (ဓာတ်ပုံ-စစ်ကောင်စီ)

သန်းခေါင်စာရင်း စတင်ကောက်ယူသည့် အောက်တိုဘာ ၁ ရက်မတိုင်မီကပင် စစ်တပ်က လောင်းလုံး မြို့နယ်အတွင်းရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် မောင်းမကန်ဒေသကို  စစ်ကြောင်း ထိုးနေသဖြင့် ကျေးရွာ ၆  ရွာမှ ဒေသခံ သောင်းနှင့်ချီပြီး စစ်ဘေးရှောင်နေရသည်။ 

စာရင်းကောင်သူတို့ကို စစ်ကောင်စီတပ်က လုံခြုံရေး မပေးနိုင်သဖြင့် တနင်္သာရီတိုင်းအတွင်း  မြို့နယ် ၃ ခုတွင်သာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖွယ်ရှိသည်ဟု   ဒေသခံတစ်ဦးက ပြောသည်။ 

“ထားဝယ်၊ သရက်ချောင်း ၊ ရေဖြူ  ၃ မြို့နယ်ကတော့ ကောက်နေတယ်။ လောင်းလုံးမှာကျတော့ ကောက်ဖို့က မလွယ်ဘူး။ သူတို့အင်အားနဲ့ ကောက်မလား မသိဘူး။ ထားဝယ်မြစ်ရဲ့ တစ်ဖက်ကမ်း လောင်းလုံးမြို့နယ်ထဲက မင်းရပ်ရွာမှာ စစ်ကောင်စီလက်နက်ကိုင် အင်အား ၈၀ လောက်တော့ရှိမယ်” ဟု ၎င်းက ပြောသည်။ 

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ထားသည်။ 

သန်းခေါင်စာရင်းကောက်ယူရာတွင် မလိုအပ်သည့် မေးခွန်းများကြောင့် မိသားစု တစ်စုချင်း၏ လုံခြုံမှုကို ထိခိုက်စေသည်၊  စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲမှာလည်း  နိုင်ငံရေးအရ ထွက်ပေါက်ရှာနေခြင်းသာဖြစ်သည်ဟု ကိုရှဲဒိုးကလည်း ပြောသည်။ 

“ရွေးကောက်ပွဲ ရလဒ်ကို လက်မခံလို့ပဲ အာဏာသိမ်းမှုဖြစ်လာတာကို။ အဲဒီတော့ ခုလိုမျိုး ရွေးကောက်ပွဲ ထပ်လုပ်ဖို့ အကြံအစည်တွေကတော့ ထွက်ပေါက်ရှာတဲ့ ပုံစံနဲ့ လုပ်နေတဲ့ဟာလို့ မြင်တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

“ရွေးကောက်ပွဲသာ ဖြစ်သွားမယ်ဆိုရင် နိုင်ငံရေးအရ ကျွန်တော်တို့ မလိုချင်တဲ့ အလှည့်အပြောင်း တစ်ခုခု ရောက်သွားနိုင်တယ်”

လူအင်အား ​လေးသောင်းကျော်ဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်း ကောက်ယူသွားမည် ဖြစ်ပြီး လိုအပ်ပါက ရက်တိုးကောက်ခံသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

Related Articles

Back to top button