သတင်း

ပလက်ဝ ဒေသခံ ၃ ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ

AA အစီအစဉ်ဖြင့် လည်ပတ်သော ပလက်ဝဆေးရုံ၏ တာဝန်ခံလည်းဖြစ်သည့် ဆရာဝန်နှင့် အခြား ၂ ဦး အဖမ်းခံနေရသည်ဟု သိရသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆရာဝန်တစ်ဦး၊  ဒေသခံအမျိုးသားနှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသခံတချို့က ပြောသည်။ 

AA အစီအစဉ်ဖြင့် လည်ပတ်နေသော ပလက်ဝမြို့ဆေးရုံ၏ တာဝန်ခံ ဒေါက်တာအေးကျော်နှင့် ဒေသခံနှစ်ဦးကို စက်တင်ဘာ ၂၉ တွင် AA တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားသည်ဟု အမည် မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။

ဒေါက်တာအေးကျော်သည် စီးပွားရေးလုပ်ငန်းလည်း လုပ်ကိုင်သည်ဟု သူက ပြောသည်။

“ကျွန်တော်တို့ကြားသိရတာကတော့ မီဇိုရမ် (အိန္ဒိယ) ဘက်ကနေ ကုန်ပစ္စည်းတွေကို ပလက်ဝမြို့နယ် ကို တင်သွင်းတယ်ပေါ့။ ပလက်ဝမှာ စီးပွားရေးအဆင်ပြေတဲ့လူဆိုတော့ ကုန်ပစ္စည်းတွေကို မီဇိုရမ် ဘက်ကနေ စက်လှေတွေနဲ့ တင်သွင်းတယ်။ ပလက်ဝမြို့မှာ ပြန်ဖြန့်တယ်” ဟု ထိုသူက ဆိုသည်။ 

၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုမသိရသေးဘဲ လက်ရှိအချိန်အထိ မိသားစုဝင်များက အဆက်အသွယ်မရသေးကြောင်း သူက ဆက်ပြောသည်။  

၎င်းတို့ကို ဖမ်းဆီးရသည့် အကြောင်းရင်း မသိရသေးပေ။

ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိနိုင်ရန် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ သော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။ဖမ်းဆီးခံရသည့် သွားဆရာဝန် ဒေါက်တာအေးကျော်သည် လူမှုကူညီရေးများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူဖြစ်ကြောင်း ဒေသတွင်းအွန်လိုင်းသတင်းစာမျက်နှာများက ဖော်ပြထားကြသည်။  

ဖမ်းဆီးခံရသည့် ဒေါက်တာအေးကျော်။ (ဓာတ်ပုံ- Zalen News)

AA နှင့် ပလက်ဝအခြေအနေ

စက်တင်ဘာ ၁၇ နှင့် ၂၆ ကလည်း ကျေးရွာ ၄ ရွာမှ ဒေသခံ ၁၄ ဦးကို AA က ဖမ်းထားသည် ဟု ကမ္ဘာ လုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ပြောဆိုထားသည်။

၎င်းတို့ကို AA နှင့် စစ်ရေး၊ နိုင်ငံရေးအားပြိုင်နေသည့် ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (CDF-ပလက်ဝ) ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံတချို့က ယူဆကြသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို AA က ထိန်းချုပ်လိုက်ပြီးနောက် ပလက်ဝဒေသ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ချင်းပြည်ကောင်စီနှင့် အငြင်းပွားမှု ပိုဖြစ်လာသလို ချင်းအမျိုးသား တပ်ဦး (CNF) ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့များနှင့် AA နှင့်နီးစပ်သော တော်လှန်ရေးအဖွဲ့များ အချင်းချင်းကြား ပဋိပက္ခတချို့ ရှိနေသည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်တွင် ပါဝင်သော ပလက်ဝမြို့တွင် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ပူးပေါင်းလှုပ်ရှားနေသော ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) လည်း အခြေစိုက်သလို AA နှင့်အတူ ပူးပေါင်း တိုက်ခိုက်နေသော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) လည်း လှုပ်ရှားနေသည်။

ယခုနှစ်ဆန်းက ချင်းဒေသကာကွယ်ရေးအဖွဲ့ မရာ (Chinland Defense Force-Mara) က ၎င်းတို့၏ ဗျူဟာမှူး အပါ အဝင် တပ်ဖွဲ့ဝင် ၄ ဦး ပလက်ဝမြို့နယ်အတွင်း AA နှင့်နီးစပ်သည့် MDF က ဖမ်းဆီး သွားသည်ဟု ပြောထားသည်။

ချင်းပြည်နယ်၏ ဒေသဖြစ်သလို ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်း ဆက်နေသော ဒေသလည်းဖြစ်ရာ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သော်လည်း ရခိုင်ပြည်နယ် နယ်စပ်တွင် တည်ရှိ ကာ ခူမီး၊ ရခိုင်နှင့် မရာလူမျိုးများနေထိုင်ကြသည်။

အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကုန်သွယ်ရေးတွင် အရေးပါသော အဓိကလမ်းကြောင်း ဖြစ်သည့် ကုလားတန်မြစ်၏ အနောက်ဘက်ခြမ်း ပလက်ဝနယ်ကို ယခင်ကတည်းက  AA က နယ်မြေ စိုးမိုးမှု ရယူထားသည်။

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဆက်သွယ်ရေးအရ အရေးပါသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းများကို ယမန်နှစ် နိုဝင်ဘာလတွင် AA က စတင်တိုက်ခိုက်ခဲ့ ပြီး ဇန်နဝါရီ ဒုတိယပတ်တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

Show More

Related Articles

Back to top button