သတင်း

ဝမ်ပေါင်စီမံကိန်းနယ်မြေမှစစ်တပ်က ဒေသခံ ၂၃ ဦးကို ဖမ်းဆီးနှိပ်စက်

လက်ပံတောင်းတောင်ဒေသ ကြေးနီတူးဖော်ရေးနယ်မြေတွင် တိုက်ခိုက်ခံရသည့် တပ်က အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၉ ဦးကို ဖမ်းဆီးကာ တိုက်ခိုက်သူတို့အကြောင်း စစ်ဆေး မေးမြန်းခဲ့သည်။ ဖမ်းဆီးခံခဲ့ရသူအားလုံးကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူများ ဆေးကုနေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ‌စစ်တပ်၏ကုမ္ပဏီနှင့်တရုတ်နိုင်ငံတို့ ပူးတွဲလုပ်ကိုင်သည့် ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေရှိ စစ်တပ်က အရပ်သား ၂၃ ဦးကို   ဖမ်းဆီးပြီးနောက်   တော်လှန်ရေးအင်အားစု၏ လှုပ်ရှားမှုအကြောင်း ၄ရက်ကြာ စစ်ဆေး မေးမြန်းကာ ညှဥ်းပန်းနှိပ်စက်ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ဝမ်ပေါင်စီမံကိန်းအနီး  မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး နာရီပိုင်းအတွင်း ယင်းကဲ့သို့ ဖမ်းဆီး စစ်ဆေးခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

စစ်စခန်းအနီးတွင် ဖမ်းဆီးလိုက်သူတို့ကို  အမှတ် ၂၈ ရဲတပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း၊ ထိုရဲတပ်ရင်းအတွင်း အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို သီးခြားစီ ခွဲပြီးချုပ်နှောင်ထားကာ နှိပ်စက်မေးမြန်းကြောင်း ပြန်လည်လွတ်မြောက်လာသည့် ဆားလင်းကြီးဒေသခံ တစ်ဦးကပြောသည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး ယခုလ ပထမပတ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရစဉ် (ဓာတ်ပုံ – ပေးပို့)

“မိုင်းလာထောင်တဲ့သူတွေ ဘယ်ကလာထောင်တာလဲ၊ ဘယ်ရွာကလုပ်တာလဲမေးတယ်။ မသိဘူးလို့ပြောတာလည်းမရဘူး။ ရိုက်နှက်ကန်ကျောက်စစ်ဆေးပြီး မေးတာ” ဟု လုံခြုံရေးအရ အမည်ဖော်လိုခြင်းမရှိသည့် အထက်ပါ ဒေသခံက ပြောသည်။ 

စတင်ဖမ်းဆီးခဲ့သည့် ညနေပိုင်းတွင်သာမက  နောက်တစ်ရက်တွင် တစ်နေကုန် နှိပ်စက်ခြိမ်းခြောက်မေးမြန်းခဲ့သည်ဟု ဆိုသည်။ 

“ညာဘက် မျက်စိကို ကန်လိုက်တော့ ဆေးကုသမှုခံနေရတာပေါ့။ ကျန်တဲ့သူတွေက ဝမ်းဗိုက်တွေကို ကန်လိုက်တာရှိတယ်။ ခေါင်းပေါက်တာပြဲတာတွေရှိတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။ 

“ရဲတွေလက်ထဲကို မအပ်ခင်မှာ မြေပဲတောက မြေပဲကောက်ပြီးပြန်လာတဲ့ ကောင်လေးတစ်ယောက်ကို မသင်္ကာတဲ့ပုံစံမျိုးနဲ့ မူးယစ်ပြီးတော့ ဝမ်းလျားမှောက်ခိုင်းပြီး ဓားနဲ့လက်ကိုထောက်ပြီး မေးတာမြန်းတာရှိတယ်”

ဖမ်းဆီးခံခဲ့ရသူအားလုံးကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊  ဒဏ်ရာရသူများ ဆေးကုနေရကြောင်း သိရသည်။ 

ဖမ်းဆီးနှိပ်စက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ သတင်းဝက်ဆိုက်တွင်လည်း ထိုဖြစ်ရပ်အကြောင်း ဖော်ပြခြင်း မရှိသေးပေ။

ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ကြေးပြားများ သယ်ထုတ်မည့် မော်တော်ယာဉ်များကို လုံခြုံရေးပေးရန် စစ်ကောင်စီတပ်ဖွဲ့က ပုသိမ် – မုံရွာ လမ်းဝန်းကျင် ကျေးရွာများကို စက်တင်ဘာ ၁၂ရက်နေ့မှစပြီး ၃ ရက် ဆက်တိုက် စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။  

ထို့နောက် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက်ပိုင်းတွင် စီမံကိန်းမှ ကြေးနီများကို ချင်းတွင်းမြစ်ကမ်းမှ တဆင့်ရေကြောင်းဖြင့် သယ်ဆောင်သွားကြောင်း ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

“ဒီနေ့ ထန်းတောဆိပ်ကမ်းကနေ ဖလက်နဲ့တင်နေတယ်။ ၁၁ လောက်ကျတော့ နှစ်စီးပြည့်လို့ စုန်သွားတယ်။ ညောင်ပင်ကြီး၊ ထန်းတောဆိပ်ကမ်းကနေ သယ်မယ်ဆိုရင် ကုမ္ပဏီကထွက်ရင် ကားနဲ့ ၃ မိနစ်ကနေ ၅ မိနစ်ပဲမောင်းရတယ်” ဟု အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားက ပြောသည်။ 

“လုံခြုံရေးအင်အားက ပုသိမ် – မုံရွာလမ်းအတိုင်းဆိုရင် ၁၀၀ ကျော်လောက် သုံးရတာ။ ဟိုဘက်ကဆိုရင် လမ်းကြောင်းကတိုတော့ အဲ့ဒီလောက်မလိုဘူး”

ထိုစီမံကိန်းမှ အကျိုးအမြတ်ခွဲဝေမှုကို အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ၅၁ ရာခိုင်နှုန်း၊ စစ်တပ်လက်အောက်ခံ ဦးပိုင် ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီ လက်အောက်ခံ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်းရရှိနေသည်။

စစ်ကောင်စီ သက်ဆိုးရှည်စေသည့် ဝင်ငွေရလမ်း ထောက်တိုင်တစ်ခုဖြစ်နေသည့် ထိုစီမံကိန်းလည်ပတ်ခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုက သတိပေးထားသည်။ 

ဝမ်ပေါင်ကုမ္ပဏီက စီမံကိန်းကို  စစ်တပ်အာဏာသိမ်းပြီးကတည်းက ရပ်ဆိုင်းထားသည်၊ ဝန်ထမ်းများကို အခြေခံလစာ ပေးထားကာ ပတ်ဝန်းကျင်မထိခိုက်စေရန် ပြုပြင်ထိန်းသိမ်းမှုများသာ လုပ်ကိုင်လျက် ရှိသည်ဟု ၂၀၂၂ ခုနှစ်က ထုတ်ပြန်ထားသည်။ 

သို့သော်လည်း ဝမ်ပေါင်ကုမ္ပဏီသည် ယခုနှစ်ဆန်းပိုင်းကစတင်ပြီး လုပ်ငန်းပြန်စရန်  စိုင်းပြင်းနေပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် စက်ရုံဝန်ထမ်းများကို လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် စည်းရုံးနေသည်ဟု CDM ဝန်ထမ်းများနှင့် ဒေသခံများက ဆိုသည်။ 

စက်တင်ဘာလဆန်းတွင် စီမံကိန်းကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနီးဝန်းကျင်ကျေးရွာများကို ရွာစဉ်လှည့် စစ်ကြောင်း ထိုးခဲ့သည်။ 

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် တော်လှန်ရေး အင်အားစု နယ်မြေစိုးမိုးမှုကျယ်ပြန့်လာပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအပါအဝင် စီမံကိန်းအများအပြားကို ထိန်းချုပ်လာနိုင်ချိန်တွင် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများကို အကာအကွယ်ပေးရန် အာဏာသိမ်းစစ်တပ်ကို တရုတ်က တောင်းဆိုထားသည်။  

Show More

Related Articles

Back to top button