သတင်း

ထိုင်းတွင် ဘာသာစကားသင်တန်းဗီဇာဖြင့် နေထိုင်သူများကို စစ်ကောင်စီ အကြပ်ကိုင်

ထိုင်းသို့ သွားရောက်ပြီး အလွယ်တကူ ရယူနိုင်သည့် ဘာသာစကားသင်တန်းဗီဇာဖြင့် နေထိုင်သူ များစွာ ရှိနေချိန်တွင် စစ်ကောင်စီသံရုံးက ထိုသူများကို ပက်စပို့သက်တမ်းတိုးပေးမည်မဟုတ်ဟု ကြေညာလိုက်သည်။


Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် >

ထိုင်းနိုင်ငံတွင်  ဘာသာစကားသင်တန်းရောက်ကာ Non-ED ဗီဇာအမျိုးအစားဖြင့် နေထိုင်သူများကို နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးပါက ယခုနှစ် စက်တင်ဘာ ၁၆ မှစတင်၍ သက်တမ်းတိုးပေးတော့မည်မဟုတ်ကြောင်း   ဗန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ယနေ့ (စက်တင်ဘာ ၁၂) ရက်စွဲဖြင့်  ကြေညာလိုက်သည်။

Non-ED သည် အခြားဗီဇာအမျိုးအစားများထက် စျေးသက်သာ၊ ရရန် လွယ်ကူ၊ သင်တန်းကိုလည်း  အချိန်ပိုင်းသာ တက်ရောက်နိုင်သဖြင့်  ထိုင်းသို့ တရားဝင်လာရောက်သည့် မြန်မာအများစု ရယူထားသော ဗီဇာ အမျိုးအစား ဖြစ်ရာ ဤကြေညာချက်ကြောင့် သက်ရောက်မှု ကြီးမားမည် ဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်၏ရန်ကြောင့် ပြည်သူအများအပြား ပြည်ပသို့ ထွက်ခွာနေရာ အများအပြားက မြန်မာပြည်နှင့် ယဉ်ကျေးမှုနီးစပ်သောထိုင်းကို ရွေးချယ်ထားကြခြင်း ဖြစ်သည်။

ဘာသာစကားသင်တန်းကို အွန်လိုင်းမှ တက်ရောက်သည့် မြန်မာကျောင်းသား၊ ကျောင်းသူအလွန်များပြားလာခြင်းကြောင့်  သံရုံးနှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးတို့က  သက်တမ်းတိုးမပေးတော့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထို့ကြောင့် ထိုဗီဇာရယူထားသူတို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုလျှင် မြန်မာနိုင်ငံသို့ ပြန်ပြီး  နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့  သွားရောက် ဆက်သွယ်ရမည် ဖြစ်သည်။

အခြားနိုင်ငံတစ်ခုခုသို့ သွားရောက်နေထိုင်ပြီး အနီးဆုံး မြန်မာသံရုံးတွင် သက်တမ်းတိုးပေးရန် လျှောက်ထားနိုင်မည် ဖြစ်သော်လည်း အများစုအတွက် လွယ်ကူမည့်နည်းလမ်း မဟုတ်ပေ။

ထိုင်းတွင် အခြားဗီဇာအမျိုးအစားတစ်ခုခုကို ပြောင်းလဲနိုင်သော်လည်း ငွေကုန်ကြေးကျ ပိုများမည် ဖြစ်သည်။ 

မြန်မာပြည်ပြန်ရေးမှာလည်း စစ်တပ်၏ စစ်သားစုဆောင်းရေး၊ မကြာသေးမီက အစပြုလိုက်သည့် ပြည်သူအခြေပြု ရပ်ကွက်ကျေးရွာ လုံခြုံရေး အစီအမံများကြောင့် ပြည်ပပြန်ထွက်ရေးမှာ သေချာမည် မဟုတ်သလို ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသူများလည်း ရှိနေသည်။

ဘာသာစကားသင်တန်းဗီဇာ ပိတ်ပင်သော်လည်း ထိုင်းနိုင်ငံရှိ တက္ကသိုလ်၊ အခြေခံပညာ မူလတန်း၊ အထက်တန်းကျောင်း   တက်နေသူများကို ယခင်အတိုင်း သက်တမ်းတိုးပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသံရုံး၊ ကောင်စစ်ဝန်ရုံးတို့က ဘာသာစကားသင်တန်းဗီဇာ ကိုင်ဆောင်သူ၏  နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးမပေးရန်   ယခင်ကတည်းက ကန့်သတ်ထားကြောင်း၊ ယခုမှသာ  လူသိရှင်ကြား ထုတ်ပြန်လာခြင်းဖြစ်ကြောင်း ချင်းမိုင်တက္ကသိုလ်ရောက် မြန်မာ ကျောင်းသူတစ်ဦးက ပြောသည်။

သံရုံး၊ ကောင်စစ်ဝန်ရုံးရှိ ဝန်ထမ်းများက အာဏာသိမ်းဗိုလ်ချုပ်များ၏ မူဝါဒအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊  အာဏာသိမ်းမှု  ဆန့်ကျင်သူများ၊ စစ်ဘေးရှောင်များကို အကြပ်ကိုင်ရန် နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးသည့်နည်းဖြင့် ထိန်းချုပ်နေကြောင်း ၎င်းက ဆိုသည်။

ယခင်ကလည်း ချင်းမိုင်ကောင်စစ်ဝန်ရုံးသည် အလည်အပတ်နှင့် ပညာရေးပတ်စ်ပို့ နှစ်မျိုးဖြင့် ထိုင်းနိုင်ငံတွင် ရောက်နေသူများ တရားဝင်ဆက်နေနိုင်ရန် သက်တမ်းတိုးရာတွင် ရဲစခန်း၊ ရပ်ကွက်၊ အစိုးရအရာရှိတစ်ဦးဦးနှင့် မိဘတို့၏ ထောက်ခံချက်များ လိုအပ်သည်ဟု ပြီးခဲ့သည့်နှစ် ဧပြီတွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ရှိနေစဉ်အတွင်း ဆောင်ရွက်ချက်များကို စာဖြင့် ကိုယ်တိုင်ရေး၍ တင်ပြရမည်၊ ကျောင်းသားဆိုပါက ကျောင်းထောက်ခံစာ ပြရမည်ဟုဆိုသည်။

အထောက်အထားများပြည့်စုံလျှင်ပင် ပတ်စပို့သက်တမ်းတိုးခွင့် ပြုမပြု ၎င်းတို့ ဆုံးဖြတ်မည် မဟုတ်ဘဲ သက်ဆိုင်ရာသို့ တင်ပြမည်ဖြစ်၍ အချိန်ကြာမြင့်နိုင်ရာ ပတ်စပို့နှင့် ဗီဇာ (ထိုင်းနိုင်ငံပြည်ဝင်ခွင့်) သက်တမ်းကို ချိန်ဆသင့်သည်ဟု ချင်းမိုင်ကောင်စစ်ဝန်ရုံးက ဧပြီ ၁၇ တွင် ထုတ်ပြန်ထားသည်။ 

သံရုံး၊ ကောင်စစ်ဝန်ရုံးတို့တွင် စာရွက်စာတမ်းကိစ္စအတွက် ဝင်ထွက်သည့် မြန်မာပြည်သားများနှင့် စည်ကားနေတတ်သည်။

တချို့ကလည်း လုပ်ငန်း  လွယ်လွယ်ကူကူ၊ ပြဿနာနည်းနည်းဖြင့် ပြီးစီးနိုင်မည့် နည်းလမ်းကို သိရှိထားသော၊ အဆက်အသွယ်ကောင်းသော ပွဲစားများကို အကျိုးဆောင်ခပေးကာ လုပ်ဆောင်နေကြသည်။

သတင်းထုတ်လုပ်မှုများ ရေရှည်လည်ပတ်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ နိုင်ပါသည်။

Related Articles

Back to top button