
စစ်အာဏာသိမ်း ၃နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက်ပစ်မှတ်မခွဲခြားဘဲ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးလျက်ရှိရာ စစ်၏ဒဏ်ကို အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်း ထိခိုက်ခံစားနေရသည်။
ထို့အပြင် နိုင်ငံအနှံစစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စစ်ကြောင်းထိုးစဉ် အမျိုးသမီးများကို ပစ်မှတ်ထားကာ အဓမ္မပြုကျင့်ရန်လှုံ့ဆော်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်းမှုများရှိနေသည်။ ထို့အတူ စစ်ကောင်စီကိုဆန့်ကျင်သူများထဲတွင်လည်း အလားတူကျူးလွန်သူများရှိနေကြသည်။
တော်လှန်စစ်ကာလအတွင်း ပေါ်ပေါက်လာသော ထိခိုက်လွယ်အုပ်စုများအပေါ် ကျူးလွန်သည့် အဓမ္မမှုများ၊ လက်ရှိ နွေဦးတော်လှန်ရေးအခြေအနေ၊ တော်လှန်ရေးတွင် အမျိုးသမီးများပါဝင်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ အသက် ၃၀ အရွယ် ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး – အာဏာသိမ်း ၄ နှစ်နီးပါးကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ အခြားစစ်ရေးပဋိပက္ခတွေကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်ထိခိုက်သေဆုံးမှုတွေဘယ်လောက်ထိ ရှိပါသလဲ။ ဒီလိုဒုက္ခတွေကို ဘယ်လောက်အထိ ဆိုးဆိုးရွားရွားခံစားနေရပါသလဲ။
ဖြေ – အခုက တိုင်းပြည်မှာအရေးပေါ်အခြေအနေကြေညာထားတာ၊ နောက်ပြီးတော့မှ တော်လှန်စစ်ပွဲ ဆင်နွဲနေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူတွေနဲ့ ထိခိုက်လွယ်အုပ်စုတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက အများဆုံးထိခိုက်နာကျင်ခံစားရတဲ့အခြေအနေပေါ့။
နောက်တစ်ခု မြို့ပေါ်တွေမှာ ကြည့်မယ်ဆိုရင်လည်း ဒီနေ့ကာလက အုပ်ချုပ်ရေးပိုင်းရော၊ ဥပဒေပြုရေးပိုင်းရော၊ နောက်တစ်ခု လုံခြုံရေးပိုင်းရော အခက်ခဲတွေဖြစ်နေတဲ့ကာလဖြစ်တဲ့ အတွက်ကြောင့် ထိခိုက်လွယ်အုပ်စုတွေက အများကြီး ဒုက္ခခံစားရပါတယ်။ ကိန်းဂဏန်းအားဖြင့်ကတော့ တော်တော်များပါတယ်။ ဖြစ်ရပ်က တစ်ရက်နဲ့တစ်ရက်က ကွာတယ်လေ။ အဲ့ဒါကြောင့်မို့ ကိန်းဂဏန်းအတိကျ ထုတ်မပြောတော့တာပါ။ အသေးစိတ်ကတော့ ဝန်ကြီးဌာနရဲ့ page တွေမှာ လချုပ်စာရင်း အမြဲတမ်းတင်လေ့ရှိပါတယ်။

မေး – ထိခိုက် ခက်ခဲတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဘာတွေဆောင်ရွက်ပေးနေတာရှိလဲ။
ဖြေ – အဓိကအားဖြင့်တော့ ကျွန်မတို့ဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို အများဆုံးကူညီဖြစ်ပါတယ်။ ဒီကြားထဲမှာ ဖြစ်သွားတဲ့ကိစ္စတွေပေါ့၊ လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ကိစ္စတွေအတွက် မြေပြင်မှာလည်း ကျွန်မတို့ Township Officer တွေ (မြို့နယ်အဆင့်အရာရှိတွေ) ရှိတယ်လေ။ သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်တွေ၊ တာဝန်ခံတွေ ရှိတဲ့အတွက် သူတို့နဲ့ချိတ်ပြီးတော့မှ လိုအပ်တဲ့အကူအညီတွေကို ချက်ချင်းဆောင်ရွက်ပေးဖြစ်ပါတယ်။
မေး – နိုင်ငံတကာအဖွဲ့စည်းတွေ၊ ကုလသမဂ္ဂလိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်ရတဲ့ကိစ္စတွေ ရှိရင်လည်းသိပါရစေ။
ဖြေ – ကျွန်မတို့အနေနဲ့ကတော့ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့မှ အမြဲတမ်းပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေ အများကြီးပဲရှိပါတယ်။ အထူးသဖြင့်တော့ ကျွန်မတို့ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပေါ့။ သူနဲ့ချိတ်ဆက်ပြီးတော့လည်း ပြည်တွင်းထဲက အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အကြောင်းကို အမြဲတမ်းတင်ပြလေ့ရှိပါတယ်။ နောက်ပြီးတော့မှ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း အမြဲတမ်းပေးပို့လေ့ရှိပါတယ်။
မေး – နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်နေတဲ့ အမျိုးသမီးတွေရှိသလို၊ ကျရာကဏ္ဍက ပါဝင်နေတဲ့ အမျိုးသမီးတွေအများကြီးရှိပါတယ်။ သူတို့ရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ – ကျွန်မတို့နိုင်ငံက နိုင်ငံတကာစာချုပ်စာတမ်းတွေကို လက်မှတ်ထိုးထားရတဲ့ နိုင်ငံပေါ့။ အထူးသဖြင့်တော့ CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း)၊ (ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်) ၁၃၂၅ တို့ကို လက်မှတ်ထိုးထားရတဲ့နိုင်ငံဖြစ်တယ်။ လက်မှတ်ထိုးထားခြင်းသည် ပါဝင်ဆောင်ရွက်ပါမယ်ဆိုတဲ့ ကတိကဝတ်ကို တစ်နည်းတစ်ဖုံအားဖြင့် အာမခံထားတဲ့ပုံစံပေါ့။ ဆိုတော့ ကျွန်မတို့ နိုင်ငံရေးပါဝင်မှုတွေမှာ၊ အဆင့်ဆင့်သောဆုံးဖြတ်မှုတွေ ထဲမှာ အမျိုးသမီးပါဝင်မှုတွေ များလာအောင်လို့တော့ ကျွန်မတို့အနေနဲ့ တိုက်တွန်းနိုးဆော်ရမယ်။ လုပ်ဆောင်ရမယ့်ကိစ္စတွေရှိပါတယ်။
မေး – စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး အမျိုးသားတွေကို စစ်ထဲဆွဲသွင်းပြီး စစ်သင်တန်းပေးနေတာ အပတ်စဉ် ၅ ရှိနေပါပြီ။ ဒါပြီးရင် အမျိုးသမီးတွေကိုလည်း စစ်သားစုဆောင်းဖို့ စီစဉ်နေတာရှိတော့ အမျိုးသမီးတွေ အနေနဲ့ ဘယ်လိုတုံ့ပြန်သင့်သလဲ။
ဖြေ – ကျွန်မတို့အနေနဲ့ကတော့ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ထားတယ်။ လုပ်တာကတော့ ရည်ရွယ်ချက်နှစ်ခုပေါ့။ နံပတ် ၁ ကတော့ စစ်မှုထမ်းရှောင်လာမယ့်သူတွေ အတွက် လမ်းညွှန်ပေးတာမျိုးရှိတယ်။ နောက်တစ်ခုကတော့ သတင်းပေးချင်တာပဲဖြစ်ဖြစ်၊ ဥပမာ ဖရဲသီး(အတွင်းသတင်းပေး) လုပ်လိုတာဖြစ်ဖြစ်၊ ဥပဒေရေးရာ ဝန်ဆောင်မှုဖြစ်ဖြစ်၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုဖြစ်ဖြစ် ဆက်သွယ်လာရင် ဝန်ဆောင်မှုပေးနိုင်အောင် လုပ်ထားတာ ဆိုတော့ အဲ့ဒီကနေ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ကတည်းကနေ လာရောက်ပြီးအကူညီတောင်းခံသူတွေ အများကြီးပဲရှိပါတယ်။ အဲ့ဒီကနေတစ်ဆင့် လမ်းညွှန်ချက်တွေပေးနေတာရှိပါတယ်။
နောက်တစ်ခုကတော့ ကျွန်မတို့ လူထုတွေအနေနဲ့ကလည်း သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ထားဖို့လိုတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကတော့ ဒီအချိန်မှာ လမ်းညွှန်ချက်တွေ အများကြီးပေးနေကြတယ်။ ဘယ်လိုအခြေအနေဆို ဘယ်လိုရှောင်တိမ်းရမယ်။ ဘယ်လိုထွက်ခွာရမယ်ဆိုတဲ့ဟာတွေကို လမ်းညွှန်ချက်တွေ ပေးနေတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း ဒီလိုလမ်းညွှန်ချက်တွေ ပေးထားတာရှိတယ်။ ဒါလေးတွေကိုလည်း တစ်ချက်လောက် လေ့လာကြည့်စေချင်တယ်။ ဒါဆိုရင်တော့ ပိုပြီးတော့မှ လွယ်ကူမှာပါ။

မေး – စစ်တပ်က လူငယ်တွေကို အတင်းအဓမ္မ စစ်ထဲဆွဲသွင်းနေတဲ့နေရာမှာ သူတို့ရဲ့ ရည်ရွယ်ချက် ပေါက်မြောက်လား။ လူငယ်တွေ စစ်မှုထမ်းဥပဒေကိုရှောင်လွဲပြီး တော်လှန်ရေးဘက် ပူးပေါင်းပါဝင်မှု ပိုများလာတဲ့အခြေအနေရှိလား။
ဖြေ – ကျွန်မသွားခဲ့တဲ့နယ်မြေတစ်ခုနဲ့ပဲ ဥပမာပေးပါရစေ။ ကျွန်မ ကရင်နီကိုသွားခဲ့တုန်းကဆိုရင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုဘက်ကို လူငယ်အများကြီး ဝင်ရောက်လာတယ်။ နံပတ် ၁ ကတော့ ဘယ်သူမှတော့ စစ်ကောင်စီထဲ ဝင်ပြီးတော့မှ တိုက်ခိုက်လိုစိတ်မရှိဘူး၊ ဒီအတွက်ကြောင့်မို့ဝင်လာတယ်။ နောက်တစ်ခုကတော့ တော်လှန်ရေးတပ်ဖွဲ့အင်အားစုတွေမှာ စစ်တိုက်ရခြင်းအကြောင်းအရင်းကရှင်းလင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ဒီမိုကရေစီလိုချင်လို့၊ နောက်တစ်ခုက ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်လို့။ နောက်တစ်ခုက စစ်သည်တော်တွေလိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေဆိုတာလည်း ရှိတယ်။ ဒီလိုမျိုးစနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီကို ရွေးမလား၊ တော်လှန်ရေးအင်အားစုတွေကို ရွေးမလားဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က အများကြီးအလေးသာတာမျိုးရှိတာပေါ့။
ဒါပေမယ့် တစ်ဖက်က စစ်ကောင်စီကလည်း လူငယ်တွေသာမကဘူး နီးစပ်ရာ အများကြီးဆွဲခေါ်တာ ရှိတယ်လေ။ အသက်ကြီးတဲ့သူတွေလည်း အများကြီးပါတယ်။ ဒါကတော့ လူထုကို လူသားဒိုင်းသဖွယ်အသုံးချတဲ့ကိစ္စ။ ဒီအတွက်ကြောင့်မို့လို့ စစ်ကောင်စီသည် ပြည်သူလူထုရဲ့ ရန်သူဖြစ်ကြောင်းကို ကျွန်မတို့က ကြောညာထားပြီးဖြစ်ပါတယ်။
မေး – မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကြောင်းထိုးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်ဖို့ ပြောဆိုတဲ့ ရုပ်သံတွေကိုပျံ့နှံ့လာတာကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ တွေ့ရပါတယ်။ စစ်တပ်အနေနဲ့ ဘာကြောင့် ဒီကိစ္စတွေကို လုပ်နေလဲ။ အဓမ္မပြုကျင့်မှုတွေ ဘယ်လောက်ထိဖြစ်ပေါ်နေပါသလဲ။
ဖြေ – … ဒီနေ့အခြေအနေက တိုင်းပြည်မှာ တော်လှန်စစ်ပွဲဆင်နွဲနေတဲ့ကာလ ဖြစ်တယ်။ နောက်တစ်ခုက တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေညာထားတာ။ ဒီလိုမျိုး အခြေအနေမှာတော့ စစ်တပ်ကနေ အရပ်သားတွေပစ်မှတ်ထားတဲ့လုပ်ရပ်တွေ ပိုများလာတယ်။ ဒီလိုပဲ ထိခိုက်လွယ်အုပ်စုတွေ အမျိုးသမီး၊ ကလေးသူငယ်၊ LGBT တွေအပါဝင် အခြားသော လိင်စိတ်ခံယူမှုကွဲပြားသူတွေအထိပါ စစ်တပ်ရဲ့ကျူးလွန်မှုတွေ ပိုပိုပြီးတော့များလာတယ်။ အဲ့ဒီအဖြစ်အပျက်တွေအတွက် ကျွန်မတို့ အမှုကိစ္စတွေကို မှတ်တမ်းတင်တာ၊ သက်သေစုဆောင်းတာတွေအပြင် နိုင်ငံတကာ ပေးပို့တာတွေအထိ လုပ်ဆောင်နေပါတယ်။ သူတို့ကတော့ သူတို့ရဲ့ပေါ်လစီ မူဝါဒတွေအတိုင်းပဲသွားတာ၊ ထင်သလောက်တော့ အားမရဘူးပေါ့။
မေး – တော်လှန်ရေးအင်အားစုတွေဘက်မှာ အမျိုးသမီးတွေအပေါ်မှာ အလားတူကျူးလွန်မှုတွေ ရှိနေတယ်လို့ကြားရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး တိုင်ကြားတာတွေ ဘယ်လောက်အထိများလဲ။
ဖြေ – ဒီကာလမှာ ကျူးလွန်တဲ့အမှုတွေကို သုံးမျိုးခွဲလိုက်တယ်။ နံပတ် ၁ က စကစက ကျူးလွန်တဲ့ ပြစ်မှုတွေ၊ နံပတ် ၂ ကတော့ အရပ်သားပြည်သူအချင်းချင်း ကျူးလွန်တဲ့ပြစ်မှုတွေ၊ နံပတ် ၃ က လက်နက်ကိုင်တွေ ကျူးလွန်တဲ့ပြစ်မှုတွေပေါ့။ လက်နက်ကိုင်ဆိုတဲ့အထဲမှာ ERO တွေ ပါမယ်။ LDF တွေပါမယ်။ နောက် PDF တွေပါမယ်။ ပကဖ၊ ပလဖတွေ ပါမယ်ပေါ့နော်။ ဒီလိုမျိုး အမျိုးအစား ၃ ခုခွဲလိုက်တယ်။ သက်ဆိုင်ရာဝင်ကြီးဌာနအသီးသီးကိုဝင်တာတွေရှိတယ်။ ဥပမာအားဖြင့် လူ့အခွင့်အရေးဝန်ကြီးဌာနကိုဝင်တဲ့တိုင်စာတွေရှိတယ်။ နောက် ကျွန်မတို့ ဝန်ကြီးဌာနကို ဝင်လာတဲ့ တိုင်စာတွေရှိတယ်။ ကာကွယ်ရေးတို့၊ ပြည်ထဲရေးတို့ ဝန်ကြီးဌာနအသီးသီးကို ဝင်လာတဲ့ တိုင်စာတွေရှိတယ်။
ကျွန်မတို့ဝန်ကြီးဌာနကို တိုင်စာတွေဝင်လာရင် ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ တွဲပြီးအလုပ်လုပ်ရတယ်။ ဒီနေရာမှာ နာလည်ထားရမှာက ပြည်ထဲရေးလို ဖမ်းဆီးပိုင်ခွင့်ရှိတဲ့ ဝန်ကြီးဌာန မဟုတ်ဘူးပေါ့နော်။ အဲ့လိုပဲ တရားရေးလို တရားစီရင်လို့ရတဲ့ဝန်ကြီးဌာန မဟုတ်တော့ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ အလုပ်လုပ်ရတယ်။ အဲ့ဒီကနေတစ်ဆင့် တိုင်ကြားစာဗဟိုကော်မတီဆိုတာ ရှိတယ်။ ဗဟိုကော်မတီကနေ ဝန်ကြီးဌာန အသီးသီးကိုပေးပို့တယ်။
ဥပမာ ရဲအရေးပိုင်တဲ့အမှုခင်းတွေဆိုရင် ရာဇဝတ်မှု အမှုအခင်းတွေအဖြစ် တရားစွဲဆိုနိုင်အောင်လို့ တွန်းပို့တာရှိတယ်၊ ဒါမျိုးဆိုရင် ပြည်ထဲရေးနဲ့သက်ဆိုင်သွားပြီ၊ ဥပမာ မုဒိမ်းမှုတို့၊ လူသတ်မှုတို့လို အမှုမျိူးတွေပေါ့။ ရဲအရေးပိုင်တဲ့အမှုတွေထဲကဆိုရင် သက်ဆိုင်ရာ တရားစွဲဆိုတဲ့အဖွဲ့တွေကနေ အမှုအခင်းဖွင့်ပြီးတော့မှ ဆက်လက်ဆောင်ရွက်လေ့ရှိတယ်။ တရားစီရင်ရမှာကတော့ တရားရေးရဲ့ လုပ်ငန်းဆောင်တာဖြစ်သွားတယ်။
စစ်ဘက်အရပ်ဘက်အမှုခင်းတွေခွဲဝေတဲ့ကော်မတီရှိတယ်။ အဲ့ဒီထဲမှာ ကျွန်မတို့ဝန်ကြီးဌာနက အဖွဲ့ဝင်အဖြစ်ပါတယ်။ စစ်ဘက်နဲ့ဆိုင်တဲ့ကိစ္စတွေကိုတော့ စစ်ခုံရုံးတင်ပြီးဆောင်ရွက်လေ့ရှိတယ်။ ကျွန်မတို့နဲ့ဆိုင်တဲ့ကိစ္စမှာတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အမြတ်ထုတ်တာ၊ ဒီလိုကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင် ကျွန်မတို့ကော်မတီရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာကျသွားပြီးတော့ ကျွန်မတို့မူဝါဒအတိုင်းသွားပါတယ်။

မေး – လွန်ခဲ့တဲ့နှစ်က မဲဆောက်မှာ တွံတေးမြို့ NLD ပါတီဝင် ဦးအောင်မင်းက ကလေးငယ် လိင်ပိုင်းဆိုင်ရာထိပါးတယ်ဆိုပြီး စွပ်စွဲခံရတဲ့ အမှုမှာ အမှုမှန်ပေါ်ပေါက်ဖို့ NUG ကိုင်တွယ်နေတယ်လို့သိရပါတယ်။ ဒီအမှုနောက်ဆုံးအခြေအနေကို သိပါရစေ။
ဖြေ – ကျွန်မတို့က အဲလစ်အမှုလို့ခေါ်တယ်။ ကျွန်မတို့ဆီကို တိုင်ကြားစာက မနှစ်က မေလထဲမှာ ဝင်တယ်၊ ဖြစ်သွားတာက ဧပြီထဲမှာဖြစ်တာ။ တိုင်ကြားစာ ဝင်ဝင်ချင်း အမှုကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့လိုက်လံဆောင်ရွက်ရတာတွေရှိတယ်။ ရှိတော့ ကျွန်မတို့ ကလေးမြို့နယ် တောင်ပိုင်းရဲစခန်းမှာ ပုဒ်မ ၃၇၇ နဲ့ ရဲအုပ်ယမင်းကနေ တရားလိုပြုလုပ်ပြီးတော့ တရားစွဲထားတယ်။ မနှစ်ကတည်းက စွဲထားတယ်။ အဲ့ကိစ္စကိုလည်း မနှစ်ကတည်းက ကာယကံရှင်ကို ပေးသိပြီးသွားပြီ။
တစ်ခုက ကျွန်မတို့တွေသည် သတင်းအချက်လက်ကို ပုံမှန်အားဖြင့်တော့ မထုတ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကာယကံရှင်ရဲ့လုံခြုံရေးလည်းရှိတယ်။ နောက်တစ်ခုက အမှုဆောင်ရွက်ရတဲ့အခါမှာ လျှို့ဝှက်ရမယ့်ကိစ္စတွေလည်းရှိတော့ ပုံမှန်အားဖြင့်တော့ မထုတ်ပြန်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာတော့ ကနဦးဆောင်ရွက်ချက်အနေနဲ့ ထုတ်ပြန်ချက်ကို မနှစ်ကတည်းက ထုတ်ပြန်ထားပြီးသား။ အမှုဖြစ်စဉ်တောက်လျှောက်မှာတော့ အမှုအခြေအနေ တိုးတက်မှုရှိတိုင်းကာယကံရှင်ကို ချိတ်ဆက်ပြီးတော့မှ အမြဲတမ်းအကြောင်းကြားလေ့ရှိတယ်။
ဒါကာယကံရှင်နဲ့တော့ အမြဲတမ်းအချိတ်ဆက်ရှိတယ်။ မနှစ်က ဇွန်လထဲမှာ ရဲစခန်းက ခေါ်တွေ့ပြီးပြီ။ ရဲစခန်းကခေါ်တွေ့တာက တရားလိုသက်သေကို ခေါ်ပြီးတော့မှ ထွက်ချက်ယူတာ။ အဲ့ဒီအထဲမှာက ကာယကံရှင်ကလေးလေးပါမယ်၊ ကလေးလေးရဲ့အမေပါမယ်။ နှစ်ယောက်။ ကျွန်မတို့အနေနဲ့က သက်သေအရမ်းနည်းလွန်းတယ်။ ဒီကစ္စက လိုင်းပေါ်မှာသာ Hot ဖြစ်ပေမယ့် တကယ်တမ်းလိုက်ပါဆောင်ရွက်ရတဲ့အခါမှာ နစ်နာသူဘက်ကနေ သက်သေလိုက်ပေးမယ့်သူ အရမ်းနည်းတယ်။ ဒီကိစ္စမှာ အရေးကြီးတဲ့ မျက်မြင်သက်သေရှိတယ်။
ကျွန်မတို့ အမှုဖြစ်စဉ်ကို နားထောင်တဲ့အခါမှာ ဒီကိစ္စဖြစ်ပြီးပြီးချင်း ကလေးအမေက သူနဲ့ နီးစပ်ရာ CDM ဆရာမတစ်ယောက်ကို တိုင်ပင်တယ်။ တိုင်ပင်တော့ အဲ့ဒီဆရာမသည် အရေးအကြီးဆုံး မျက်မြင်သက်သေပဲ။ ကျွန်မတို့အနေနဲ့ ဒီဆရာမကို သက်သေအဖြစ် ထွက်ဆိုခိုင်းစေချင်တာ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆရာမက သက်သေအဖြစ် မထွက်ဆိုတဲ့အခါမှာ အမှုခိုင်လုံမှုပိုပြီးတော့မှ ရှိအောင်လို့ဆိုပြီးတော့မှ ကျွန်မတို့ဝန်ကြီးဌာနက ဒီအမှုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေတဲ့ ဆရာမတစ်ယောက်ရှိတယ်၊ သက်သေအဖြစ်ထွက်ဆိုမယ်၊ ပြီးတော့ ပြည်ထဲရေးဘက်က ရဲဦးစီးချုပ်။ အဲ့ဒါအပြင်ကို နောက်ထပ်ရဲအရာရှိတစ်ယောက်။ (စုစုပေါင်း) ၅ ယောက် သက်သေအဖြစ်ထွက်ဆိုမှာဖြစ်တယ်။
မနှစ်ကတည်းက ရဲစခန်းကနေ ခေါ်တွေ့ပြီးတော့ သက်သေထွက်ချက်တွေယူပြီးသွားပြီ။ ဒါကိုလည်း ကာယကံရှင်ဆရာမလည်း သိပါတယ်၊ ကျွန်မတို့ အပြင်ကိုပဲ မထုတ်ပြန်တာရှိပါတယ်။ နောက်တစ်ခု အခက်အခဲတွေ့တာက ဆေးစာနဲ့ ပတ်သက်ပြီး ကျွန်မတို့ အခက်အခဲတွေ့တယ်။ အမှုကိစ္စတွေက ပြောရတာသာ လွယ်တာနော်၊ တကယ်တမ်းဆောင်ရွက်ရင် တော်တော်လေးကို ခက်တယ်။
ကျွန်မတို့မှာ ဒီတစ်မှုတည်း မဟုတ်ဘူး၊ အများကြီး ပဲရှိသေးတယ်၊ တချို့အမှုတွေဆို ဒီထက်ခက်တဲ့အမှုတွေရှိသေးတယ်။ ဥပမာ ကျူးလွန်သူတွေသည် လက်နက်ကိုင်ထားတဲ့သူတွေဖြစ်တဲ့အမှုတွေလည်းရှိတယ်။ ဆိုတော့ လုပ်ရတဲ့ ကိစ္စတွေမှာ ဒီထက်ခက်တယ်။ ဒီကိစ္စမှာ အခက်အခဲတွေ့တာက တရားရုံးက ဆေးစာကို လက်မခံတာ၊ တရားရုံးရဲ့လုပ်ထုံးလုပ်နည်းမှာလည်း ကျော်လို့မရတာတွေ အများကြီးရှိတာပေါ့။ ကျွန်မတို့က ဆေးစာနဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့်တွေ လျှောက်ရတယ်။ ဒါကြောင့်မို့လို့ နည်းနည်းလေးကြာသွားတာဖြစ်တယ်။ အခုကတော့ တရားရုံးကို တင်လိုက်နိုင်ပြီဖြစ်တဲ့အတွက် ရှေ့ဆက်လုပ်ငန်းဆောင်တာတွေသည် တရားရုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲဖြစ်ပါတယ်။
မေး – ကျူးလွန်ခံရတယ်ဆိုတဲ့သူတွေကို ဝန်ကြီးဌာနက ဘယ်လိုကူညီစောင့်ရှောက်မှုတွေပေးထားလဲ။
ဖြေ – ဒီကိစ္စကိုပဲတည်ပြီးမပြောတော့ဘူး။ ကျွန်မတို့ဆီကို အမှုတစ်ခုဝင်လာရင် ကျွန်မတို့က ကနဦးထောက်ပံ့မှုအနေနဲ့ မြန်မာငွေ ၅ သိန်းထောက်ပံ့တယ်။ ဆက်စပ်ပြီးလိုက်တဲ့ကိစ္စတွေလည်း ရှိတာပေါ့၊ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်တဲ့အပိုင်းတွေရှိတယ်။ နောက်တစ်ခုက လုံခြုံရေး၊ ကာယကံရှင်ရဲ့လုံခြုံရေးက အရေးကြီးတာဖြစ်တဲ့အတွက် လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွှေ့ပြောင်းပေးတာရှိတယ်။ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုရယူချင်ရင် တိုင်ပင်ဖော်ဆိုတဲ့ counselling program (နှစ်သိမ့်ဆွေးနွေးအကြံပေးတဲ့အစီအစဉ်) ရှိတယ်။ အဲ့ဒါနဲ့ချိတ်ဆက်ပြီးဆောင်ရွက်ပေးတယ်။ နောက်တစ်ခု ဥပဒေပိုင်းဆိုင်ရာ အကူညီရချင်တယ်ဆိုရင် မျှတ လမ်းညွှန်ဆိုတဲ့ ဥပဒေပိုင်းဆိုင်ရာတိုင်ပင်တဲ့ အဖွဲ့ရှိတယ်။ ဒါကိုလည်းကျွန်မတို့ ဝန်ကြီးဌာနက လုပ်ပေးထားတာရှိပါတယ်။
မေး – လက်ရှိ နွေဦးတော်လှန်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒုဝန်ကြီးရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ – လက်ရှိအခြေအနေမှာက ကျွန်မတို့အနေနဲ့ အားတက်စရာသတင်းတွေ တောက်လျှောက် အများကြီးပဲ ကြားရတယ်။ တချို့ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေဆိုရင် အိမ်ပြန်သွားနိုင်တဲ့သူတွေ အများကြီးပဲပေါ့နော်။ Social Media တွေမှာလည်းပြန့်နေတာပဲ။ ဆိုတော့ ကိုယ့်ဘက်က အားသာချက်တွေ အများကြီးပဲ ရှိနေတဲ့အနေအထားပါ။