Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် >
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တစ်ဦး သက်ငယ်မုဒိမ်းမှု ကျူးလွန်သည်ဟု စွပ်စွဲခံရအပြီး တစ်နှစ်ကျော်အကြာတွင် ထိုသူကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်။
မဲဆောက်မြို့ရှိ စုပေါင်းနေအိမ်တစ်ခုတွင် နေထိုင်သည့် တွံတေးမြို့နယ် NLD အတွင်းရေးမှူး ဦးအောင်မင်းသည် အခန်းချင်းကပ်လျက်ရှိ ငါးနှစ်အရွယ် မိန်းကလေးကို မုဒိမ်းမှုကျူးလွန်ခဲ့သည့် တိုင်ကြားချက် ၂၀၂၃ မေ ၂ တွင် NUG ထံရောက်ရှိပြီးနောက် ဦးအောင်မင်းကို ဖမ်းဝရမ်းထုတ်ခြင်းဖြစ်သည်။
ထိုအမှု အမှုမှန်ပေါ်ပေါက်ရန် NUG ညွှန်ကြားမှုအောက်ရှိ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရဲစခန်းမှ ရဲအုပ်ယမင်းက ပြီးခဲ့သည့်နှစ်လယ်ပိုင်းကတည်းက တရားလိုလုပ်ကာ ထိုရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၇/ ကျင့်-၅၁၂ ကို ကျူးလွန်ကြောင်းစွဲဆိုထားသဖြင့် ဦးအောင်မင်းကို ဖမ်းဆီးပြီး တရားရုံးတင်ရန် NUG အစိုးရ ကလေးမြို့နယ်တရားရုံး တရားသူကြီး ဆလိုင်းဂျေက လက်မှတ်ထိုးကာ ယခုနှစ် ဩဂုတ် ၃၀ တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း တရားရုံးထုတ်ပြန်ချက်တွင် တွေ့ရသည်။
ဦးအောင်မင်းကို ယခုလ စက်တင်ဘာ ၁၃ ရက်တွင် တရားရုံးသို့လာရောက်ရန်လည်း ဆင့်ခေါ်ထားသည်။
ထိုအမှုအခြေအနေကို ကာယကံရှင်များထံ ပုံမှန်ချိတ်ဆက်အသိပေးလေ့ရှိပြီး ကာယကံရှင်များ၏ လုံခြုံရေးနှင့် အမှုစစ်ဆေးစဉ်လျှို့ဝှက်ရမည့်ကိစ္စများကြောင့် အများပြည်သူကို ပုံမှန်သတင်းမထုတ်ပြန်နိုင်ခဲ့ဟု အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်နေသည့် NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က Myanmar Now ကိုပြောသည်။
“ အခုကတော့ တရားရုံးကို တင်လိုက်နိုင်ပြီဖြစ်တဲ့အတွက် ရှေ့ဆက်လုပ်ငန်းဆောင်တာတွေသည် တရားရုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ရဲစခန်းတွင် အမှုတိုင်ကြားစဉ် တရားလိုသက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး နစ်နာသူများဘက်မှ သက်သေအဖြစ် ထွက်ဆိုချက်ပေးလိုသူနည်းပါးကြောင်း၊ နစ်နာသူကလေးငယ်၏ မိခင်နှင့် နီးစပ်ပြီး အရေးကြီး မျက်မြင်သက်သေတစ်ဦးဖြစ်သည့် CDM ဆရာမတစ်ဦးကပင် ထွက်ချက်မပေးကြောင်းလည်း ဒေါ်အိသဉ္ဇာမောင်က ပြောသည်။
ထို့ကြောင့် အမှုခိုင်လုံရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ရာ ၎င်းတို့ ဝန်ကြီးဌာမှသက်သေတစ်ဦး၊ NUG ရဲတပ်ဖွဲ့မှ ရဲဦးစီးချုပ်နှင့် ရဲအရာရှိတို့အပါဝင် သက်သေငါးဦးက ထွက်ဆိုချက်ပေးမည်ဟုလည်း သူက ဆိုသည်။
“ကျွန်မတို့မှာ ဒီတစ်မှုတည်း မဟုတ်ဘူး။ အများကြီးပဲရှိသေးတယ်။ တချို့အမှုတွေဆို ဒီထက်ခက်တဲ့အမှုတွေ ရှိသေးတယ်။ ဥပမာကျူးလွန်သူတွေသည် လက်နက်ကိုင်ထားတဲ့သူတွေဖြစ်တဲ့အမှုတွေလည်းရှိတယ်။ ဆိုတော့ လုပ်ရတဲ့ ကိစ္စတွေမှာ ဒီထက်ခက်တယ်” ဟု ဒေါ်အိသဉ္ဇာမောင်က ပြောသည်။
ထိုကဲ့သို့ အမှုကိစ္စများတိုင်ကြားလာပါက ငွေကြေးထောက်ပံ့ခြင်း၊ လုံခြုံသည့်နေရာများစီစဉ်ပေးခြင်း စိတ်ပိုင်းဆိုင်ရာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဝန်ကြီးဌာနက ကူညီပေးနေသည်ဟုလည်း သူက ပြောသည်။
စွပ်စွဲခံရသည့် ဦးအောင်မင်းကို လတ်တလောတွင် NUG ရဲတပ်ဖွဲ့က ထိန်းသိမ်းထားခြင်းရှိမရှိနှင့် မည်သည့်နေရာတွင် ရှိနေသည်ကိုအတိကျမသိရသေးပါ။
ထိုအမှုနှင့်ပတ်သက်၍ NUG တရားရေးဝန်ကြီးဌာနထံ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ယခုလ ဒုတိယပတ်တွင်ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး ထိုအမှုအခြေအနေကို ထည့်သွင်းဖြေဆိုမည်ဖြစ်ကြောင်း တုံ့ပြန်သည်။
သမီးဖြစ်သူ လိင်အမြတ်ထုတ်ခံရသည်ဟု တိုင်ကြားထားသူသည် ရန်ကုန်တက္ကသိုလ်မှ ဆရာမဖြစ်ပြီး၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ခဲ့သည်။ အာဏာသိမ်းစစ်အုပ်စု၏ ခြိမ်းခြောက်မှုကြောင့် သမီးငယ်နှင့်အတူ ၂၀၂၂ အောက်တိုဘာတွင် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ပြီးခဲ့သည့်နှစ်က NUG သို့ ပေးပို့တိုင်ကြားသည့်စာတွင် တွေ့ရသည်။
ဝန်ကြီးဌာနကို လိပ်မှုတိုင်ကြားထားသော သုံးမျက်နှာရှိ ထိုတိုင်ကြားစာမိတ္တူကို NUG ၏ သမ္မတရုံး၊ ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ ဝန်ကြီးဌာနလေ ခု၊ NLD ပါတီ ဗဟိုကော်မတီတို့ထံ ပေးပို့ထားသည်။
ငွေကြေးအခက်အခဲကြောင့် စုပေါင်းနေအိမ်တစ်အိမ်တွင် သားအမိနှစ်ဦး နေထိုင်ခဲ့ရကြောင်း၊ အိမ်ခန်းများတွင် ရေချိုးခန်းနှင့်အိမ်သာမပါ၍ အများသုံးအိမ်သာတွင် အသုံးပြုကြရပြီး ထိုအချိန်တွင် သမီးငယ်ကို အခန်းချင်းကပ် နေထိုင်သည့် ဦးအောင်မင်းကလိင်အမြတ်ထုတ်၊ မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု ယူဆရကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
NUG အစိုးရသည် စစ်အာဏာသိမ်းမှုအပါအဝင် မတရားကျူးလွန်မှုများကို တွန်းလှန်နေသည့် အစိုးရတစ်ရပ်ဖြစ်သောကြောင့်တော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် မတရားမှုတိုင်းကိုလည်း ကျောသားရင်သားမခွဲခြားဘဲ အမှုမှန်ပေါ်ပေါက်စေရန်ဆောင်ရွက်နေကြောင်း၊ တော်လှန်ရေးကာလဖြစ်၍ ကြန့်ကြာနိုင်ကြောင်း NUG အစိုးရတာဝန်ရှိသူများက ပြောဆိုထားသည်။
မည်သည့်အခြေအနေတွင်ဖြစ်စေ ထိုကဲ့သို့သောအမှုများ တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရန် NUG က တိတိကျကျကိုင်တွယ်ကာစီရင်ချက်ချမှတ်ရန် လိုအပ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားနေသူများက ဆိုသည်။