
ကိုးကန့်တပ် MNDAA ထံ လက်လွှတ်ခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ ၉) နံနက်တွင် သုံးကြိမ်မြောက် ဗုံးကြဲ တိုက်ခိုက်ရာ ဒေသခံအမျိုးသားတစ်ဦးသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် လားရှိုးမြို့ကို ပြီးခဲ့သည့် ဩဂုတ် ၃၀ နှင့် စက်တင်ဘာ ၈ တို့တွင် ဗုံးကြဲခဲ့သေးသည်။
ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ရပ်ကွက်(၁)ရှိ ထွေအုပ်ရုံးအနီးနှင့် ထိုရပ်ကွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဝင်ပေါက်တစ်ခုအနီး ဗျူဟာလမ်းမကြီးနားတွင် ဗုံးနှစ်လုံး ကြဲချသည်ဟု ဒေသခံများက ပြောသည်။
ထွေအုပ်ရုံးကိုလာရောက်သည့် အသက်(၅၀)ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရသည်၊ ရုံးအဆောက်အဦတချို့ ထိခိုက်ပျက်စီးသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဒဏ်ရာရသူများ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ သေဆုံးသူအမျိုးသား၏ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဗုံးပေါက်ကွဲသည့် နေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ခဲ့သူ အသက်(၅၀)ခန့်အရွယ် အမျိုးသားတစ်ဦးက ရုံးအဆောက်အဦ မျက်နှာစာပိုင်း ပျက်စီးသွားပြီး ခေါင်မိုးများလည်း လန်သွားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုမှာ ယခင်လို ဦးတည်ချက်မဲ့ ကြဲချခြင်းမျိုးမဟုတ်ဘဲ သတင်းကြိုရပြီး ဗုံးကြဲခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ အသက်(၅၀)အရွယ် မြို့ခံအမျိုးသားက ပြောသည်။
“အခုက သူတို့က နေရာတကာကို လိုက်ပစ်တာမဟုတ်ဘူး၊ ပစ်မှတ်တစ်ခုကို ဦးတည်ထားပြီး လာတာ၊ ဘယ်နေရာမှာ ဘာရှိမယ်၊ ဘယ်နေရာကို ကြဲမယ်ဆိုပြီး ပစ်မှတ်နှစ်ခုဆို နှစ်ခု၊ တစ်ခုဆို တစ်ခု၊ အဲလိုမျိုးဦးတည်ပြီးမှ လာတာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
လားရှိုးမြို့ကို ဩဂုတ်လကုန်ပိုင်းတွင် ကိုးကန့်တပ်(MNDAA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာရာ ယနေ့ ဗုံးကြဲတိုက်ခိုက်မှုနှင့်ဆိုလျှင် သုံးကြိမ်ထိရှိလာပြီဖြစ်သည်။
ယမန်နေ့(စက်တင်ဘာ ၈)နံနက် ၄ နာရီ အရုဏ်တက်ချိန်တွင်လည်း မြို့မြောက်ဘက်အစွန် ရပ်ကွက်(၁၂)အတွင်း လေကြောင်းမှ ဗုံး ၂ လုံးကြဲချခဲ့ပြီး အားကစားရုံနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်ဝန်းကျင်တွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ အားကစားရုံတွင် စစ်ပွဲအတွင်း လားရှိုးမြို့ခံတို့ ခိုးယူခံရသည့် ဆိုင်ကယ် နှင့် ကားအမြောက်အများကို ကိုးကန့်အထူးဒေသရဲတပ်ဖွဲ့ သိမ်းဆည်းထားသည့် နေရာ ဖြစ်ရာ ဗုံးဒဏ်ကြောင့် မော်တော်ယာဉ် အများအပြား ထိခိုက်ပျက်စီးသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် Silver Sky ဟိုတယ်အဆောက်အဦနှင့် ဟိုတယ်တွင်းရှိ ပစ္စည်းများ ပျက်စီးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်ကလည်း လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲခဲ့ရာ ရပ်ကွက်(၉)ရှိ စာသင် ကျောင်းနှင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်နှင့် တပ်ထောက်ခံသူအများစုက လားရှိုးမြို့တွင် အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စခန်း ကျဆုံးမည်မဟုတ်ဟု ယုံကြည်ထားကြသော်လည်း ဌာနချုပ်စခန်း အပါအဝင် လားရှိုးတစ်မြို့လုံးကို MNDAA နှင့် ပူးပေါင်းတပ်များက ဇူလိုင် ၃ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လခန့်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြသည်။
တစ်နိုင်ငံလုံး ရှုံးပွဲဆက်နေသည့် စစ်ကောင်စီတပ်က လားရှိုးနှင့် စစ်ဌာနချုပ်စခန်းကို လက်လွှတ်ရပြီး နောက် လားရှိုးမြို့အပါအဝင် လက်လွှတ်ထားရသည့် နယ်မြေများကို လေကြောင်းမှ လက်တုန့်ပြန်လာခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
လောက်ကိုင်တိုက်ပွဲဖြစ်ပွားစဉ်က စစ်ရေးသတင်းများ ကြိုရသော်လည်း လေကြောင်း တိုက်ခိုက်မှုကို ထိထိရောက်ရောက်မလုပ်ခဲ့သည့်အတွက် လောက်ကိုင်မြို့ကို လက်လွှတ်ရခြင်းဖြစ်သည်ဟု စစ်ဗိုလ်ချုပ်ကြီးများက သုံးသပ်သည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ထို့ကြောင့် ၎င်းတို့ အားသာသည့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာခြင်းဖြစ် သည် ဟု ၎င်းက ပြောသည်။
ရပ်ကွက် ၁၂ ခုရှိသော လားရှိုးမြို့ပေါ်တွင် စစ်ဌာနချုပ်အပြင် အခြားတပ်ရင်း တပ်ဖွဲ့များပါ အခြေစိုက်သောကြောင့် မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့သည်။
ယခုအခါ လားရှိုးမြို့ ပြန်လည်တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ပြုလုပ်နေကြောင်း MNDAA က အဆက်မပြတ် သတင်းထုတ်ပြန် နေသည်ကို တွေ့ရသည်။