သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက အမှုတစ်ခု ထပ်ဖွင့်

စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မူလကြားသိထားသည့် ပို့ကုန်၊ သွင်းကုန်ပုဒ်မအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့်ပါ ထပ်တိုးအမှုဖွင့်ထားသည်ဟု ၎င်းအတွက် အမှုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေက ပြောသည်။

ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထပ်တိုးအမှုဖွင့်ထားသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁၆) တွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံး၌ Video Conferencing မှတဆင့် ပြုလုပ်လိုက်သည့် ရုံးချိန်းရောက်မှသာ သိရှိရကြောင်း ရှေ့နေဦးခင်မောင်ဇော်က ဆိုသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကိုဗစ်ကာလစည်းကမ်းများကို ဖောက်ဖျက်၍ မဲဆွယ်ယာဉ်တန်းကို ကြိုဆိုခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အဆိုပါ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေပုဒ်မအရ ထပ်မံအမှုဖွင့်ခံရခြင်းဖြစ်သည်။

ပထမအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အနီးကပ်လုံခြုံရေးအဖွဲ့ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင်တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်ခံရခြင်းဖြစ်သည်။ 

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မတ ဦးဝင်းမြင့်တို့ကို Video Conferencing စနစ်ဖြင့် ပထမဆုံးအကြိမ် အမှုကြားနာခဲ့သည်ဟု ဆိုသည်။ သမ္မတဦးဝင်းမြင့်သည်လည်း ကိုဗစ်ကာလစည်းကမ်းများကို ဖောက်ဖျက်၍ မဲဆွယ်ယာဉ်တန်း ကြိုဆိုသည်ဟူသော စွပ်စွဲချက်ဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့်ခံထားရသူ ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ ချုပ်ရက်ရမန်မှာ မနက်ဖြန် (ဖေဖော်ဝါရီ ၁၇) တွင်မှ ပြည့်မည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့က တစ်ရက်စောကာ တရားစွဲတင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်နန်းအေးမြသီရိက ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးသူကို ရှေ့နေအဖြစ် ငှားရမ်းလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း မြို့နယ်တရားသူကြီးက အသိပေးသည်ဟု ဦးခင်မောင်ဇော်က ပြောသည်။

၎င်းကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးပြီးဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကိုယ်စားလှယ်လွှဲစာ လက်မှတ်ထိုးခွင့်ရေး အမှုသည်နှင့် တွေ့ခွင့်ရရန် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဦးခင်မောင်ဇော်က ဆိုသည်။

သမ္မတဦးဝင်းမြင့်မှာမူ ကိုယ်တိုင်လည်း ရှေ့နေတစ်ဦးဖြစ်သည့်အတွက် ရှေ့နေငှားရမ်းရန် အစီအစဉ်မရှိဟု တရားရုံးသို့ ပြောကြားခဲ့သော်လည်း အမှုလိုက်ခွင့် ကိုယ်စားလှယ်လွှဲစာရယူရန် ကြိုးပမ်းမည်ဟု ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံတော်အကြီးအကဲနှစ်ဦး ဖမ်းဆီးတရားစွဲဆိုခံရမှုကို ရင်ဆိုင်မည့်ဗျူဟာနှင့်ပတ်သက်၍ ဦးခင်မောင်ဇော်က စိတ်ဝင်စားသည့် ပညာရှင်များ၏ အကူအညီများကို တောင်းခံသွားမည်ဟု ဆိုသည်။ 

“ရှေ့နေတွေ အကုန်လုံးရဲ့တာဝန်ဖြစ်တယ်လို့ ယူဆပါတယ်။ မြန်မာပြည်မှ မဟုတ်ဘူး၊ နိုင်ငံတကာ အကုန်လုံးပေါ့ဗျာ။ စိတ်ဝင်းစားတဲ့သူတွေ အကုန်လုံးရဲ့အကူအညီတောင်းပါမယ်” ဟု ၎င်းက ဆိုသည်။

လာမည့်ရုံးချိန်းကို မတ် ၁ ရက်နေ့သို့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ချိန်းဆိုထားပြီး Video Conferencing စနစ်ဖြင့်ပင် အမှုကို စစ်ဆေးကာ မည်သည့်ကာလအတွင်း အပြီးသတ်ဆောင်ရွက်မည်ကိုမူ နှစ်ဖက်ရှေ့နေများနှင့် တရားရုံးတို့ကြား ညှိနှိုင်းရဦးမည်ဟု ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံ့အကြီးအကဲနှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရကြောင်း ဗီဒီယိုမှတဆင့် မြင်တွေ့ရမှုကို ဇဗ္ဗူသီရိမြို့နယ်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒေါ်နန်းအေးမြသီရိက ခန့်မှန်းပြောဆိုသည်။

“ထိန်းသိမ်းထားတဲ့နေရာကတော့ လုံခြုံရေးအတွက် ဖြေကြားဖို့မရှိပါဘူး” ဟု ၎င်းက ဆိုပြီး အကြီးအကဲနှစ်ဦးစလုံး၏ အမှုသုံးမှုစလုံးတွင် တရားလိုဘက်မှ သက်သေ ၉ ဦးစီ တင်သွင်းထားပြီး လွတ်လပ်စွာ တရားစီရင်မည်ဖြစ်ကြောင်း ဒေါ်နန်းအေးမြသီရိက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိတွင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားသကဲ့သို့ ၎င်းထူထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေရာ ပိုမိုပြင်းထန်သော ပုဒ်မဖြင့် ထပ်မံစွဲချက်တင်ရန် စစ်ကောင်စီက စီစဉ်နေသည်ဟု ယူဆရကြောင်း ဖောင်ဒေးရှင်းနှင့် နီးစပ်သူအချို့က ဖေဖော်ဝါရီ ပထမပတ်အတွင်း Myanmar Now ကို မှတ်ချက်ပြုခဲ့သည်။

၁၉၈၈ တွင် မြန်မာ့နိုင်ငံရေးလောကသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ကလည်း ဗိုလ်ချုပ်ကြီးများက ပုဒ်မမျိုးစုံတပ်ပြီး ကာလကြာရှည် ထိန်းသိမ်းခဲ့သည်။

စစ်အာဏာရှင်ကို အန်တုရာတွင် အထင်ရှားဆုံးနိုင်ငံရေးသမားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့သို့ရောက်ရှိစဉ် ကြိုတင်စောင့်ဆိုင်းနေသော လူအုပ်က ဝိုင်းဝန်းတိုက်ခိုက်သော်လည်း အသက်ဘေးမှ လွတ်မြောက်လာရာ စစ်အစိုးရက သူ့ကို ဖမ်းဆီးလိုက်သည်။

ပြန်လည်လွတ်မြောက်လာပြီးနောက် ရွေးကောက်ပွဲဝင်တိုင်း အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ 

ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းတွင် ဒေါ်အောင်ဆန်းစုကြည်က လိုက်လျောမှု၊ ညှိနှိုင်းမှု အားနည်းသည်ဟု ဝေဖန်ခံခဲ့ရသည်။

Show More

Related Articles

Back to top button