နိုင်ငံမြောက်ပိုင်း တော်လှန်ရေးအင်အားစုက စစ်ကောင်စီစခန်းများကို တိုက်ခိုက် သိမ်းပိုက်နေသော်လည်း နိုင်ငံတောင်ပိုင်းရှိ သက်တမ်းရင့် တော်လှန်ရေး အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လှုပ်ရှားနယ်မြေတွင် အလားတူထိုးစစ် မရှိသဖြင့် ဝေဖန်ခံနေရသည်။
ထိုအခြေအနေနှင့်ပတ်သက်၍ ထိုင်း မြန်မာနယ်စပ် အခြေစိုက် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး သင်တန်းကျောင်း တည်ထောင်သူ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ စောကပီကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး − ကရင်ပြည်နယ်အပါအဝင် မြန်မာပြည်တောင်ပိုင်း စစ်ရေး၊ တော်လှန်ရေးအခြေအနေ ဘယ်လိုဖြစ်နေတယ်လို့ ပြောနိုင်မလားခင်ဗျာ။
ဖြေ − တောင်ပိုင်းဆိုတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအထိပါတဲ့ သဘောပေါ့။ ကျွန်တော့်အမြင်အရတော့ စစ်ရေးက တိုင်းပြည်ရဲ့ နေရာအနှံ့တင်းမာနေတဲ့သဘောလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီကလည်း နေရာအနှံ့အပြားမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင်နေရတာဖြစ်တော့ အရင်လို ကျွန်တော်တို့နေရာဒေသတွေကို ထိုးစစ်ဆင်ဖို့ဆိုတာကလည်း သိပ်ခက်သွားပုံရတယ်။
တန်ပြန်ထိုးစစ်ဆင်ဖို့ သူတို့ကြိုးစားတယ်၊ မအောင်မြင်တဲ့ သဘောမှာတော့ရှိတယ်ပေါ့။ ဥပမာ – (မြဝတီမြို့ရှိတပ်ကို အားဖြည့်ရန် ကော့ကရိတ်မြို့မှ ချီတက်လာသော်လည်း ရှေ့မတိုးနိုင်ဖြစ်နေသည့်) အောင်ဇေယျ စစ်ကြောင်းလို အခြေအနေမျိုးပေါ့။ သို့သော်လည်း စစ်ကောင်စီက လေတပ်ကို တွင်တွင်အသုံးချနေဆဲပဲလို့ ပြောလို့ရတယ်။ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တာတွေကလည်း ကျွန်တော်တို့ နေရာဒေသတွေမှာ လုပ်နေတယ်။ ဒီနှစ်ဦးပိုင်းလောက်ကနေ စပြီးတော့ စစ်ကောင်စီဘက်က ဒရုန်းတွေကို ပိုပြီးသုံးလာတာတွေ့ရတယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက် ဘယ်လိုဖြစ်သလဲဆိုရင် ကျွန်တော်တို့ နေရာဒေသတွေမှာက အမြဲလိုလို အေးအေးဆေးဆေးမနေရဘူး၊ အမြဲစိုးရိမ်နေရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ နိစ္စဓူဝ အခြေအနေမှာတောင် လုပ်ကိုင်စားသောက်ဖို့အတွက်ကလည်း အရမ်းခက်ခဲတာကို တွေ့ရတယ်။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာတော့ နယ်စပ်တလျှောက် ဥပမာ – ကရင်နီနယ်စပ်ကနေ အောက်ပိုင်းတကြော သံလွင်မြစ်ကနေ ဆင်းလာရင် သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ဆုံရာအထိ၊ ပြီးတော့ သောင်ရင်းမြစ်တကြော ဒီဘက်ကို ကြည့်လိုက်မယ်ဆိုရင် မြဝတီကလွဲပြီးတော့ပေါ့၊ ကျန်တဲ့နယ်စပ်ဒေသအကုန်လုံးကို KNU က ထိန်းချုပ်ထားနိုင်တဲ့ သဘောရှိတယ်။ တပ်မဟာ ၆ (ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း၊ ကျုံဒိုး၊ ကော့ကရိတ်စသည်တို့ ပါဝင်သည်ဒေသ) ဘက်မှာဆိုရင်လည်း နယ်စပ်တလျှောက် ထိန်းချုပ် ထားပြီးသားလို့ ပြောလို့ရပါတယ်။
တော်လှန်ရေးအင်အားစုအနေနဲ့ကတော့ ရှိတဲ့ လူသားအရင်းအမြစ်၊ ငွေအရင်းအမြစ်ပေါ့၊ သူ့အခြေအနေနဲ့သူ လုပ်ရတဲ့သဘောလို့တော့ ကျွန်တော်မြင်တယ်။ ဥပမာ ၁၀၂၇ စစ်ဆင်ရေး (၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် ရှမ်းပြည်မြောက်ပိုင်းတွင် စတင်သည့် ထိုးစစ်) လို Big Offensive (ထိုးစစ်ကြီး) ပေါ့။ အဲဒီလိုထိုးစစ် မရှိပေမယ့် နေရာဒေသ အနှံ့အပြားမှာတော့ တိုက်ပွဲတွေဖြစ်နေတယ်။ အာရှလမ်းမ (ထိုင်းမြန်မာနယ်စပ် မြဝတီမှ ကော့ကရိတ်) မှာဆိုရင်လည်း Cobra စစ်ကြောင်းက ထိန်းချုပ်ထားတဲ့ နေရာဒေသ အထက်ပိုင်းရော၊ အောက်ပိုင်းရော ဘေးပတ်ဝန်းကျင်ဆိုလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာလည်း ပြောလို့ရတယ်။ ဆိုတော့ တောင်ပိုင်းရဲ့ စစ်အနေအထားက နာမည်တပ်ထားတဲ့ ထိုးစစ်လိုဟာမျိုးမရှိပေမယ့် စစ်ရေးအရအမြဲတမ်း တင်းမာပြီးတော့ တိုက်ပွဲကအမြဲရှိနေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။ နေရာဒေသကလည်း ကျယ်ပြန့်တယ်။ ကရင်ဒေသလို့ပြောရင် စစ်တောင်းမြစ်ဝှမ်းဒေသ၊ ဒီဘက်ဆိုရင် သံလွင်မြစ်ဝှမ်းဒေသ၊ ပြီးရင် သံလွင်မြစ်နဲ့ နယ်စပ်တကြော၊ သောင်ရင်းမြစ်ဒေသပေါ့။ ဒီနေရာတွေအထိက နယ်မြေကျယ်ပြန့်တော့ စုစုစည်းစည်းနဲ့ စစ်ဆင်ရေးလုပ်တာမျိုး မတွေ့ရပေမယ့် စစ်ပွဲတွေ၊ တိုက်ပွဲတွေ၊ လေယာဉ်ပျံနဲ့ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေက အမြဲတမ်းဖြစ်တယ်လို့ ပြောလို့ရပါတယ်။
မေး − မြဝတီမြို့ကို KNU က ဦးဆောင်ပြီး (ဧပြီလအတွင်း) တိုက်တဲ့ အခါမှာ လူတော်တော်များများက မြဝတီကို သိမ်းတော့မလားဆိုပြီး မျှော်လင့်ကြတာရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ မြို့သိမ်းပွဲဖြစ်မလာတဲ့အခါ တချို့ကလည်း ဝေဖန်ကြတာတွေရှိလာပါတယ်။ ဆရာ့အနေနဲ့ဆိုရင် KNU က မြဝတီကို မသိမ်းဖြစ်သွားတဲ့အပေါ် ဘာကြောင့် အခုလိုဖြစ်တယ်လို့ မြင်ပါသလဲ။
ဖြေ − မြဝတီကိစ္စကတော့ ခရေစေ့တွင်းကျတော့ ကျွန်တော်လည်း သိမနေပါဘူး။ အဖွဲ့တွေလည်းများတာကိုး။ ကရင်မှာက ကရင်လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်။ ဥပမာ ကရင်ပြည်နယ်ထဲမှာ PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေလည်း ရှိတယ်။ KNU/KNLA PC ကရင်ငြိမ်းချမ်ရေးကောင်စီလို အဖွဲ့မျိုးပေါ့။ နောက်ဆုံးပေါ်လာတဲ့ ကော်သူးလေတပ် (KTLA) လို အဖွဲ့လည်းရှိတယ်။ ကရင် BGF (နယ်ခြားစောင့်တပ်) အဖွဲ့တွေလည်းရှိတယ်။ အထူးသဖြင့်ကတော့ BGF ကရင်နယ်ခြားစောင့်တပ် ကိစ္စပဲ။ သူက စစ်ကောင်စီရဲ့ လက်အောက်ခံလည်း ဖြစ်နေတော့ စစ်ကောင်စီအသုံးချတဲ့အတိုင်း သူလည်းလုပ်ပေးနေရတဲ့ သဘောရှိတယ်။
ကရင် BGF ကိစ္စကို အရင်မရှင်းဘဲနဲ့ မြဝတီကိစ္စကို အပြီးသတ်ဆောင်ရွက်ဖို့က ခက်နေဦးမယ်လို့ ကျွန်တော်မြင်တယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေအများကြီးရှိနေတဲ့အထဲမှာမှ လက်နက်ကိုင်အဖွဲ့ အစည်းအချို့က စစ်ကောင်စီလက်အောက်မှာ လုံးလုံးလျားလျား ရပ်တည်လှုပ်ရှားနေတာဖြစ်လို့ ဒီကိစ္စတွေကို မရှင်းနိုင်ဘဲနဲ့ မြဝတီကိုထိန်းနိုင်ဖို့၊ မြဝတီမြို့ကို အပြီးအပိုင်သိမ်းဖို့က အချင်းချင်းကြားမှာ သွေးထွက်သံယိုမှုတွေ မလုပ်ဘဲနဲ့ ဖြစ်ဖို့ကလည်း အရမ်းခက်ခဲမယ်ပေါ့။
မေး − ကရင်ပြည်နယ်မှာဆိုရင် KNU ရှိမယ်၊ BGF ရှိမယ်၊ KNLA(PC) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နောက်ပြီး KTLA ဆိုတာလည်း ရှိတာတွေ့ရပါတယ်။ ဒီအဖွဲ့တွေကြားက ဆက်ဆံရေးအခြေအနေကရော ဘယ်လိုရှိနေတယ်တယ်လို့ လေ့လာမိပါသလဲ။
ဖြေ − ကရင်လက်နက်ကိုင်အဖွဲ့တွေစကားပြောဖို့ ကရင်လက်နက်ကိုင် ပေါင်းစပ်ညှိနှိုင်းတဲ့ အဖွဲ့ဆိုတာမျိုး ဖွဲ့ထားတယ်လို့သိရတယ်။ အခါအားလျော်စွာ တွေ့ကြဆုံကြတယ်လို့ ကျွန်တော်တို့ သိတယ်။ သို့သော် ဘယ်မှာပြဿနာရှိသလဲဆိုရင် တော်လှန်ရေးလုပ်တဲ့အဖွဲ့နဲ့ တော်လှန်ရေးကို ထိခိုက်စေတဲ့အဖွဲ့က တစ်စုတစ်စည်းတည်းဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊ ဒါက မူအရပြောရရင်ပေါ့။ နိုင်ငံရေးအရပြောရရင် တစ်ဘက်က တော်လှန်ရေးလုပ်တဲ့အဖွဲ့ ၊ တစ်ဘက်က တော်လှန်ရေးမလုပ်တဲ့အဖွဲ့၊ တစ်ဘက် စီးပွားရေးလုပ်တဲ့အဖွဲ့၊ နောက်တစ်ဘက်က စစ်ရေးနိုင်ငံရေး ဦးဆောင်နေတဲ့အဖွဲ့ ဒီလိုမျိုး ကျွန်တော်တို့ ပြန်ခွဲဖို့တော့လိုမယ် ဆိုလိုချင်တာက ဒီတိုင်းပေါင်းစပ်လို့တော့ မရဘူးပေါ့ဗျာ။
အခုဖြစ်နေတာက မပစ်ကြမခတ်ကြဖို့ ၊ သွေးထွက်သံယိုမဖြစ်ကြဖို့အဆင့်ထက် ပိုပြီး ညှိမရဘူးဆိုတာက ဒီသဘောသဘာဝနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ပြောလို့ရပါတယ်။ တစ်ဘက်မှာ အခြေအနေက ဘယ်လိုရှိသလဲဆိုတော့ အဖွဲ့အစည်းတွေရဲ့ အောက်ခြေမှာ တပ်ရင်းတပ်ဖွဲ့တွေကြားထဲ ထိန်းလို့မရတဲ့နေရာဒေသလည်း ရှိနိုင်ပါတယ်။
တကယ်တော့ ကိုယ့်တပ်ရင်းတပ်ဖွဲ့တွေကိုလည်း စနစ်တကျ စည်းကမ်းတကျ ထိန်းကြဖို့လိုသလို တော်လှန်ရေးကာလမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ ကိုယ်ကျိုးစီးပွားကိစ္စတွေကိုလည်း ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းနဲ့ အဲဒီကိစ္စတွေကိုင်တွယ်ဖြေရှင်းမှုကို စပြီးတော့မှ နိုင်ငံရေးအရ စုစည်းမှုတို့၊ စစ်ရေးအရစုစည်းမှုတို့ဆိုတာ လုပ်လို့ရမယ်ထင်ပါတယ်။ အခုကျတော့လည်း အချင်းချင်း ပစ်တာခတ်တာ သတ်တာတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်တဲ့သဘော၊ ထိန်းထားတဲ့သဘောတော့ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ စုစည်းမှုတို့၊ စစ်ရေးအရ စုစည်းမှုတို့ဆိုတာက အဆင့်တွေအများကြီး ကျန်ဦးမှာဖြစ်သလို တော်တော်လေးကို အလှမ်းကွာသေးတယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။
မေး − ကရင်လက်နက်ကိုင်အဖွဲ့တွေကြား မပစ်ကြဘူးဆိုတာနဲ့ပဲ လုံလောက်တယ်ထင်ပါသလား။ ဒီထက်ကျော်လွန်တဲ့ တိုးတက်မှုရော မဖြစ်သင့်ဘူးလား။
ဖြေ −အမျိုးသားရေး၊ တော်လှန်ရေးကို တကယ်လုပ်မယ်ဆိုရင်တော့ တချို့နိုင်ငံရေးကိစ္စတွေမှာ စစ်ကောင်စီနဲ့ ဆက်ဆံတဲ့နေရာတွေမှာ ပြတ်ပြတ်သားသား ရှိဖို့တော့လိုတယ်။ မပစ်ကြမခတ်ကြရုံနဲ့ ကျွန်တော်တို့ အမျိုးသားရေးပန်းတိုင်ကိုရောက်ဖို့ တော်လှန်ရေးလုပ်နေတယ်လို့ ပြောတာမျိုးက မဖြစ်နိုင်ဘူးပေါ့။ ဓမ္မနဲ့ အဓမ္မ၊ တရားတာနဲ့ မတရားတာ ရပ်တည်တဲ့အခါမျိုးမှာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ဆုံးဖြတ်ထားတာနဲ့ တိုင်းပြည်ကို မပြုပြင်မပြောင်းလဲဘဲ ပိုနေမြဲကျားနေမြဲနေတာက တော်လှန်ရေးသဘောသဘာဝ၊ တော်လှန်ရေးအတွေးအခေါ်နဲ့ ဆန့်ကျင်နေတာပေါ့။ လုံလောက်သလားဆိုရင်တော့ မလုံလောက်ဘူးပေါ့။ သို့သော် မူအရတော့ တော်လှန်ရေး လုပ်တယ်ဆိုရင်တော့ ပြတ်သားဖို့လိုပါတယ်။
မေး −ကရင်ပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ များပြားနေခြင်းနဲ့ အပြည့်အဝ မစုစည်းနိုင်သေးတဲ့ အခြေအနေက လက်ရှိတော်လှန်ရေးအပေါ်မှာ အကောင်းအဆိုး ဘာသက်ရောက်မှုတွေရှိတယ်လို့ ထင်ပါသလဲ။
ဖြေ − ရိုးရိုးသားသားပြောရရင်တော့ ဒီစုစည်းမှုမလုံလောက်ဘူးပေါ့။ ဒီထက်ပို စုစည်းကြဖို့ အများကြီး လိုတယ်ဆိုတာလည်း လူအများနားလည်ထားတဲ့ ကိစ္စတခုပါပဲ။ တစ်အချက်ကတော့ အပြန်အလှန်နားလည်မှုတည်ဆောက်ဖို့၊ နှစ်အချက်က ပြတ်ပြတ်သားသား မူအပေါ်မှာ ရပ်တည်နိုင်ကြဖို့၊ သုံးအချက်ကတော့ နိုင်ငံရေးအရ အင်အားစုစည်းနိုင်ဖို့နဲ့ နောက်ဆုံးကတော့ ရှင်းရှင်းပြောရရင် အဲဒီစုစည်းမှုတွေရှိတယ်၊ နားလည်မှုတွေရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုရင် စစ်ရေးကို ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ရှိပါတယ်။
နိုင်ငံရေးအရ နားလည်မှုဆိုတဲ့နေရာမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်စုနဲ့တစ်စု တည်ဆောက်ကြတဲ့အခါမှာ ကျွန်တော်တို့ရောက်လိုတဲ့ ပန်းတိုင်က တူတယ်ဆိုရင်တောင်မှ ဘယ်ပုံဘယ်လမ်းနဲ့ သွားကြမလဲဆိုတဲ့အပေါ် ဆုံးဖြတ်ချက်ချတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကတိကဝတ်ပေးပြီးတော့မှ သွားလိုတဲ့လမ်းကြောင်းကလည်း ကျွန်တော်တို့ သဘောတူတယ်၊ ရောက်လိုတဲ့ပန်းတိုင်ကိုလည်း သဘောတူတယ်ဆိုတဲ့ဟာမျိုးအထိ ညှိနိုင်ဖို့လိုပါတယ်။
အခုကတော့ ကျွန်တော်တို့က ဘုံရန်သူကို တိုက်ကြမယ်။ ပြုတ်အောင်လုပ်ကြမယ်ဆိုတာမျိုး အဆင့်ပဲ ရှိသေးတယ်။ ရောက်လိုတဲ့ပန်းတိုင်နဲ့ အဲဒီပန်းတိုင်ကို ရောက်ဖို့ သွားရမယ့် နည်းလမ်းရွေးတဲ့အခါ တချို့ကိစ္စတွေမှာ သဘောထားမတိုက်ဆိုင်တာတွေ ၊ မတူတာတွေရှိနေနိုင်သေးတယ်။ ဒါက မူအရပဲ ကျွန်တော်ပြောသေးတာ။ တချို့ကိစ္စတွေ အကောင်အထည်ဖော်တဲ့ အခါမှာ လိုအပ်တဲ့ လူသားအရင်းအမြစ်ရော ငွေကြေးရင်းမြစ်ရော ဒါတွေအားလုံးက ဘယ်ကလာမှာလဲ။ ဘယ်လိုရှာကြမလဲ။ ဘယ်နည်းနဲ့ လုပ်ကြမလဲဆိုတဲ့ အပိုင်းတွေကလည်း လက်တွေ့အသေးစိတ် သဘောတူညီဖို့လည်း လိုနေတာပေါ့။
မေး − စစ်အာဏာသိမ်းမှုပြီးတဲ့နောက် နိုင်ငံရေးအရ စုစည်းမှုကောင်းပြီး အုပ်ချုပ်ရေးအထိသွားနိုင်တဲ့ပုံစံမျိုး ကရင်နီပြည်နယ် (ကယားပြည်နယ်) မှာတော့ တွေ့နေရတယ်၊ ကရင်ပြည်နယ်မှာကော တွေ့လာရနိုင်လား ဒါမှမဟုတ် သီးခြား ပုံစံတစ်ခုနဲ့ပဲ မြင်ရနိုင်သလား။
ဖြေ −ကရင်ပြည်နယ်မှာဆိုရင် မြဝတီ အာရှလမ်းမကြီးက အဓိကလည်းကျတယ်၊ အကျိုးစီးပွားလည်း ကြီးတယ်၊ ပါဝင်တဲ့ အဖွဲ့အစည်းကလည်းများတယ်။ ရွှေကုက္ကို (ကရင်ပြည်နယ်ရှိ လောင်းကစားမြို့)လို ကိစ္စတွေကလည်း ကရင်နီပြည်မှာကျတော့ မရှိဘူး။ ကရင်ပြည်နယ်မှာ ရှိတဲ့ အကျိုးစီးပွား ပါဝင်ပတ်သက်မှု အခြေအနေနဲ့ ကရင်နီမှာ ရှိတဲ့ အကျိုးစီးပွား ပါဝင်ပတ်သက်မှုက မတူဘူး။ မတူတဲ့အတွက် တချို့ဖြစ်ပေါ်လာတဲ့ လုံခြုံရေး၊ စစ်ရေးအနေအထားတွေကလည်း မတူနိုင်ဘူးလို့ပြောလို့ရတယ်။ ကရင်နီမှာလို အနေအထားဖြစ်လာဖို့ဆိုတာက မျှော်လင့်ဖို့ ခက်ပါတယ်။
နံပါတ် နှစ်ကတော့ ကရင်နီမှာ ငြိမ်းချမ်းရေးသဘောတူညီချက်တခုနဲ့ စစ်ကောင်စီ ဒါမှမဟုတ် မြန်မာစစ်တပ်နဲ့ သဘောတူညီမှု တစ်ခုရထားပြီးတော့မှ လုပ်နေကိုင်နေတဲ့၊ နေထိုင်နေတဲ့ အဖွဲ့အစည်းတွေက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြန်ပြီး တော်လှန်ကြတယ်။ လက်နက်ကိုင်တော်လှန်ရေး ပြန်ဆင်နွှဲကြတယ်ဆိုတာ တွေ့ရတယ်။ အဲဒီလိုပဲ ကရင်နီပြည်နယ်မှာဆိုရင် KNDF (ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်) ပေါ့၊ သူက ထီးထီးကြီး မူတစ်ခုနဲ့ စုစည်းပြီးပေါ်လာတာကို တွေ့ရတယ်။ အဲဒီအခြေအနေက ကရင်ပြည်နယ်မှာ မရှိဘူး၊ အဲဒီလိုမရှိတဲ့အတွက် ကရင်နီပြည်က ပုံစံမျိုး ကျွန်တော်တို့ တောင်ပိုင်းဒေသမှာ ပေါ်လာဖို့ခက်ခဲမယ်လို့ ကျွန်တော်ထင်ပါတယ်။
သို့သော် အုပ်ချုပ်ရေး ယန္တရား၊ စီမံခန့်ခွဲရေး ယန္တရားတွေကို အောက်ခြေဒေသတွေကနေတစ်ဆင့် တည်ဆောက်ပြီးတော့မှ အောက်ခြေကနေအထက်ကို တစ်ဆင့်ပြီးတစ်ဆင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တရားတွေချပြီးတော့မှ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာမျိုးကျတော့ ကရင်ပြည်နယ်မှာလည်း တချို့လုပ်လို့ရတာတွေရှိတယ်။
လုံခြုံရေးအခြေအနေ တူသလားဆိုရင်တော့ မတူဘူး။ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးကိစ္စတွေကတော့ တချို့ လုပ်လို့ရနိုင်တာရှိတယ်။ KNU အနေနဲ့လည်း လုပ်နေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ တချို့အဖွဲ့တွေကျတော့ဗျာ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့သက်သက်ပဲ၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တရားတွေကို လုပ်ဆောင်နေတာမရှိဘူး။ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေးနဲ့ နိုင်ငံရေးဦးဆောင်မှုကို လုပ်နေတာကတော့ KNU တစ်ခုပဲ ရှိနေပါတယ်။ ဒါပေမယ့် ဒါကလည်း လုံခြုံရေးပိုင်းမှာ အခြေအနေမပေးရင် အကန့်အသတ်တွေရှိတယ်။
မေး − ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ အခြေအနေက ဘယ်လိုအနေအထားဖြစ်နေတယ်လို့ မြင်ပါသလဲ။
ဖြေ −ကျွန်တော်က စစ်ရေးကျွမ်းကျင်သူတော့ မဟုတ်ပါဘူး၊ သို့သော်ကြည့်နေရတာပေါ့၊ လေ့လာတဲ့အခါမှာလည်း စစ်ရေးနဲ့ လုံခြုံရေးအခြေအနေကိုလည်း ကြည့်ရတာပေါ့။ သေချာတာတစ်ခုကတော့ စစ်ဆင်ရေးကို ဆင်နွှဲဖို့အတွက်ကတော့ စစ်ကောင်စီအတွက် အခြေအနေ လုံးဝ မပေးသေးဘူး။ သို့သော် အဖွဲ့အစည်းတွေ အကွဲကွဲ အပြားပြားဖြစ်နေ၊ ရှိနေတဲ့အပေါ်မှာတော့ ဥပမာဗျာ ဘားအံလို၊ ကော့ကရိတ်လို တကယ့် အဓိကမြို့တွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်။ သို့သော် KNLA တပ်မဟာ (၅) ရှိတဲ့ ဖာပွန်လိုမြို့မျိုးတို့ ၊ ဒီဘက်မှာဆိုလည်း သင်္ဃန်းညီနောင် တပ်မဟာ (၆) နယ်မြေထဲက မြို့အချို့ပေါ့။ ဒါတွေကိုတော့ KNU ဘက်က ထိန်းသိမ်းထားနိုင်တဲ့ သဘောမျိုးတွေရှိတာပေါ့။ စစ်ကောင်စီကတော့ နိုင်ငံအနှံ့အပြားမှာ စစ်ရေးအခြေအနေ အကြပ်အတည်းရင်ဆိုင်နေရတဲ့ အခါမှာတော့ ထိုစစ်ဆင်ဖို့ မဖြစ်နိုင်တော့ပေမယ့် တကယ့်အထင်ကရ မြို့တွေကိုတော့ ထိန်းချုပ်ထားနိုင်နေသေးတဲ့သဘောပေါ့။
စစ်ရေးနိုင်ငံရေးခေါင်းဆောင်တွေကတော့ အဘက်ဘက်က ကြည့်ရမှာပေါ့။ ပြည်သူလူထုရဲ့ ခံနိုင်ရည်နဲ့ အနေအထားကိုလည်း ကြည့်ရမှာဖြစ်သလို တစ်ဖက်ကလည်း စစ်ဖြစ်မယ့်ဒေသက မိမိပြည်သူလူထု နေထိုင်တဲ့ဒေသအများစု ဖြစ်မယ်ဆိုရင် ပြည်သူလူထုတွေရဲ့ စိတ်ဆန္ဒနဲ့ အဆင်သင့်ဖြစ်မှုပေါ့။ တချို့ကလည်း စိတ်ဆန္ဒရှိတယ်။ ပြည်သူလူထုက ပိုပြီးတော့မှ လုပ်စေချင်တာမျိုးတွေလည်း ပိုပြီးတွေ့ရတယ်။ ဒါက ဒွိဟလို သဘောလို့ ပြောရမှာပေါ့။
တစ်ဘက်ကလည်း ပြည်သူလူထုက ဖြစ်စေချင်တယ်။ လုပ်စေချင်တယ်။ တစ်ဘက်မှာလည်း ပြည်သူလူထုရဲ့ ခံနိုင်ရည်နဲ့ အဆင်သင့်ဖြစ်မှုကလည်း လိုအပ်တယ်။ အဆုံးအဖြတ်တစ်ခုကို ပေးနိုင်မယ့် စစ်ဆင်ရေးမျိုးကို လုပ်နိုင်ကိုင်နိုင်ဖို့အတွက်က ကိုယ့်ဘက်ကရှိတဲ့ အရင်းအမြစ်လုံလောက်မှုနဲ့ ပြည်သူလူထုရဲ့ အဆင်သင့်ဖြစ်မှု နှစ်ခုအပေါ်မှာ မူတည်တယ်လို့ ပြောချင်ပါတယ်။