![သြဂုတ် ၂၆ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တွေ့ရသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ-မြန်မာအလင်း)](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/Min-Aung-Hlaing-in-Mandalay-HQ-2024-August.jpg.jpg)
စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံရေးနှင့် သံတမန်ရေး မျက်နှာစာများတွင်ပါ အထီးကျန်နေပြီး၊ သုံးနှစ်အတွင်း တိုင်းပြည်ကို ကျရှုံးနိုင်ငံလမ်းကြောင်းပေါ် ရောက်ရှိစေရန် တွန်းပို့ခဲ့သူ ဖြစ်သည်။ ယခုနောက်ဆုံး ပြည်သူအချင်းချင်း သွေးချောင်းစီးမည့် “ပြည်သူ့လုံခြုံရေးစနစ်” ကို အဖျက်ဒေါသစိတ်ကြီးစွာဖြင့် အရှိန်မြှင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။
ဩဂုတ်လ ၂၅ ရက်နေ့ မန္တလေးမြို့သို့ ရောက်ရှိလာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြို့တော်ခန်းမတွင် တိုင်းနှင့် ခရိုင်အဆင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ခေါ်ယူတွေ့ဆုံပြီး “ပြည်သူ့လုံခြုံရေး Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း” အမိန့်ပေး လမ်းညွန်ခဲ့သည်။
ထိုတွေ့ဆုံပွဲတွင် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို ရင်ဆိုင်နေရသော ကချင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းမှ စစ်ကောင်စီခန့်ဝန်ကြီးချုပ်များလည်း တက်ရောက်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် မင်းအောင်လှိုင်သည် စစ်ကောင်စီ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများနှင့်အတူ မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးသစ် ဗိုလ်ချုပ်ကျော်ကိုထိုက်နှင့် တိုင်းစစ်ဌာနချုပ် အရာရှိကြီးများ “နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာဆောင်ရွက်ထားရှိမှုများကို စစ်ဆေးလမ်းညွှန်” ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။
စစ်ဆင်ရေးမြေပုံများ ပတ်ပတ်လည် ချိတ်ဆွဲထားသော အစည်းအဝေးခန်းမအတွင်း မင်းအောင်လှိုင် ဆွေးနွေးနေစဉ် မန္တလေးတိုင်းမြောက်ဘက်အစွန်း၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နှင့် ထိစပ်နေသော ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ သပိတ်ကျင်းမြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ၏ ကြေညာချက် ထွက်ပေါ်လာသည်။
ဩဂုတ်လ ၃ ရက်နေ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျဆုံးပြီး ၂၃ ရက်အကြာ တော်လှန်ရေးတပ်များ၏ထိုးစစ်ကို ရင်ဆိုင်ရန် ခုခံစစ်ပြင်ဆင်နေသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လာရောက် စစ်ဆေးနေချိန် MDY-PDF က သပိတ်ကျင်းမြို့ကို သိမ်းလိုက်ခြင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်စခန်းများ ကျဆုံးနေမှုအခြေအနေမှန်ကိုပါ မင်းအောင်လှိုင် တွေ့မြင်သွားပါလိမ့်မည်။
ပြည်သူ့လုံခြုံရေးစနစ်ကို အပူတပြင်းအသက်သွင်းရသော အထက်မြန်မာပြည် စစ်ရေးအခြေအနေ
ဩဂုတ်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် နောက်ကွယ်မှ အားပေးလျက်ရှိသည်ဟု စစ်တပ်က ယူဆထားသော ‘ဟန်’ တရုတ်လူမျိုးနွယ်မှ ဆင်းသက်လာသည့် ကိုးကန့်တိုင်းရင်းသား MNDAA လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအောက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မရှုမလှကျဆုံးခဲ့ရပြီးနောက် ပြိုလဲကျနေပြီဖြစ်သော စစ်တပ်နှင့် မန္တလေးအထိ ဦးတည်နေသော တော်လှန်ရေးတပ်ပေါင်းစု၏ ထိုးစစ်ကို ဟန့်တားနိုင်ရန် ပြည်သူ့လုံခြုံရေးစနစ်ကို မင်းအောင်လှိုင် အပူတပြင်း အသက်သွင်းလာပါသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဆိုသည်မှာ ၁၉၇၀ ပြည့်နှစ်များအတွင်း တရုတ်နယ်စပ်ကို အခြေပြုပြီး၊ တရုတ်အစိုးရကူညီအားပေးမှုဖြင့် စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ချေမှုန်းပြီး၊ အောင်ပွဲအလီလီခံခဲ့သော စစ်တပ်သမိုင်းတွင် ဂုဏ်ရောင်ပြောင်ခဲ့သော စစ်ဌာနချုပ်ကြီး ဖြစ်သည်။ ထိုမျှ ကြီးကျယ်သော စစ်ဌာနချုပ်ကြီး အချိန်တိုအတွင်း ကျဆုံးသွားခြင်းက စစ်တပ်၏ လာလတ္တံ့သော ကံကြမ္မာဆိုးကို မင်းအောင်လှိုင် ခံစားနေရပုံရသည်။
စစ်တပ်သည် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့မှုမှ နာလန်ပြန်မထူနိုင်သေးမီ ဒုတိယလှိုင်းထိုးစစ်တွင် ပိုမိုကြီးကျယ်သော ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း၏ ထူးခြားချက်မှာ အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာသော MDY-PDF သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းနှင့်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်သည် ခုခံနိုင်စွမ်းမရှိဘဲ ၎င်း၏တပ်စခန်းအများအပြားနှင့် မြို့များကိုပါ လက်လွတ်ဆုံးရှုံးနေရသည်။
ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းသည် ဇူလိုင်လ ၁၇ ရက်နေ့တွင် စဉ့်ကူးမြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ဆင်ရေး တစ်လအကြာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပတ္တမြားမြေ မိုးကုတ်ကို သိမ်းပိုက်ခဲ့သည်။ စစ်ဆင်ရေး နှစ်လတိတိအကြာ ဩဂုတ်လ ၂၅ ရက်နေ့တွင် သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းသို့ စတင်ထိုးဖောက်ခဲ့သော မတ္တရာမြို့ရှိ စစ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ထားပြီး မြို့၏အစိတ်အပိုင်းအများစုကို ထိန်းချုပ်ထားပြီး ဖြစ်သည်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီသည် မန္တလေးမှ စစ်ရေယာဉ် ၅ စီးဖြင့် ဆန်တက်ပြီး လက်လွတ်ဆုံးရှုံးခဲ့သော စဉ့်ကူးမြို့ကို ပြန်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ ထို့ကြောင့် စဉ့်ကူးအထက် ဧရာဝတီမြစ်ကျဉ်းရှိသော သပိတ်ကျင်းမြို့ကိုပါ ထပ်မံလက်လွတ်ဆုံးရှုံးသွားခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ စစ်တပ်၏ စစ်ကူနှင့် ရိက္ခာများ ရေကြောင်းမှ ပို့ဆောင်ခြင်းကို ထိရောက်စွာ ဖြတ်တောက်နိုင်ပြီ ဖြစ်သည်။
လတ်တလော တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသော သပိတ်ကျင်းအထက်ရှိ မန္တလေးနှင့် စစ်ကိုင်းတိုင်းနယ်စပ် ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ခဲ့လျှင် ဧရာဝတီမြစ်ကြောင်းလမ်းကို ဆင့်ကဲပိတ်ဆို့ဖြတ်တောက်ခံရသည့်အခြေ ဆိုက်ရောက်သွားပါလိမ့်မည်။
ထိုဖြစ်စဉ်များအတွင်း ဩဂုတ်လ ၂၀ ရက်နေ့၌ နိုင်ငံမြောက်ပိုင်းမှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သော တော်လှန်ရေးတပ်များက ဧရာဝတီမြစ်၏ အထက်မြန်မာပြည် အဓိကဆိပ်ကမ်းမြို့ဖြစ်သော ဗန်းမော်မြို့နှင့်ကပ်လျက် မိုးမောက်မြို့မှ စစ်ကောင်စီ လက်ကျန်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် မိုးမောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုကြောင့် ထီးချိုင့်မြို့၏အထက်ရှိ ကသာမြို့နှင့် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများသည် တော်လှန်ရေးတပ်ပေါင်းစုများ၏ ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက်ခြင်းခံလာရပြီ ဖြစ်သည်။
ထိုအခြေအနေတွင် ရှမ်းမြောက်မှ ဆင်းလာပြီး မိုးကုတ်အထိ သိမ်းပိုက်ထားသော တအာင်း (TNLA) နှင့် MDY-PDF ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် မြောက်ပိုင်းမှ KIA နှင့် K-PDF ဦးဆောင်သော တော်လှန်ရေးတပ်များ၏ ကချင်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့၏ ဆုံချက် ဧရာဝတီမြစ်ကြောင်းပေါ်မှ ကသာနှင့် ဗန်းမော်မြို့တို့ကို အထက်နှင့်အောက် ညှပ်ပိတ်ပြီး ထိုးစစ်ဆင်ခဲ့လျှင် စစ်ဆင်ရေးနယ်မြေ ပေါင်းစပ်မိသွားနိုင်ခြေသည် အလွန်နီးစပ်နေပြီ ဖြစ်သည်။
ထိုသို့ ပေါင်းစပ်မိသွားလျှင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောခဲ့ဖူးသည့် “ထု” ဖြင့် ဗျူဟာမြောက်ထိုးစစ်ကြီးတစ်ခု မန္တလေးသို့ ဦးတည်နေကြောင်း မင်းအောင်လှိုင်နှင့် စစ်တပ်၏ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များ ကောင်းကောင်းခံစားနေရပြီ၊ ပြည်သူ့လုံခြုံရေးစနစ် သို့မဟုတ် စစ်တပ်မပြိုလဲရေး ပြည်သူများကို အသုံးပြုပြီး လူသားတံတိုင်းတည်ဆောက်ခြင်းကို အပူတပြင်းလုပ်ဆောင်လာခြင်း ဖြစ်သည်။
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/2_103-3-1024x851.jpg)
စစ်တပ်မပြိုလဲရေး ပြည်သူကို လူသားတံတိုင်းလုပ်မည့် ပြည်သူ့လုံခြုံရေးစနစ်
ထိုအခြေအနေတွင် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဝေဝေဆာဆာဖော်ပြထားသကဲ့သို့ မင်းအောင်လှိုင်သည် မန္တလေးမြို့သို့ ဘုရားဖူးထွက်လာခြင်း မဟုတ်ပါ။
ဩဂုတ်လ ၁၆ ရက်နေ့တွင် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” ကို ဖွဲ့စည်းခဲ့ပြီး၊ ၉ ရက်အကြာ ဩဂုတ်လ ၂၅ ရက်နေ့တွင် “ပြည်သူ့လုံခြုံရေးစနစ်” ကို မန္တလေးတိုင်းအတွင်း အပူတပြင်း အသက်သွင်းရန် တိုင်းနှင့် ခရိုင်အဆင့် စစ်ကောင်စီအဖွဲ့ဝင်များကို ကိုယ်တိုင်လာရောက်ညွှန်ကြားခြင်း ဖြစ်သည်။
ထိုနေ့ ချက်ချင်းပင် မန္တလေးမြို့ပေါ် မြို့နယ်များဖြစ်သော မဟာအောင်မြေ၊ ချမ်းအေးသာစံနှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် အသက် ၃၅ မှ ၆၅ အတွင်းရှိ အမျိုးသားများ တစ်ရပ်ကွက်လျှင် အယောက် ၃၀ နှုန်းဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် စတင်လုပ်ဆောင်နေပြီး၊ ထိုသို့လူစုဆောင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေးကင်းစောင့်ရန်ဟု အကြောင်းပြကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ ဩဂုတ်လ ၂၅ ရက်နေ့မှာပင် BBC မြန်မာပိုင်းက စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းကို မေးမြန်းရာတွင် အဖွဲ့အမည်ကို “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့” ဟု သုံးနှုန်းသွားပြီး၊ စစ်မှုထမ်းဥပဒေနှင့် အကျုံးမဝင်သော အသက် ၃၅ နှစ်အထက် အရပ်သားအမျိုးသားများကို လက်နက်တပ်ဆင်ပေးမည်ဟု ပြောဆိုခဲ့သည်။
ထို့ကြောင့် မင်းအောင်လှိုင်၏ အကြံအစည်မှာ တော်လှန်ရေးအင်အားစုများ ထိုးစစ်ဆင်လာပါက စစ်တပ်စခန်းများ မပြိုလဲစေရန်၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အမည်ခံ အရပ်သားများဖြင့် ဦးစွာ လူသားတံတိုင်းဖြင့် ကာပြီး၊ ပြည်သူအချင်းချင်းအကြား သွေးချောင်းစီးမည့် အကြံဆိုး ဖြစ်သည်။
ပြည်သူများအနေဖြင့် မင်းအောင်လှိုင်၏ ထိုအကြံဆိုးကို ပေါ့ပေါ့ဆဆ လျစ်လျူရှုခြင်း၊ ခေါင်းငုံ့သည်းခံခြင်း၊ သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်သင့်ဘဲ၊ စုပေါင်းအင်အားဖြင့် ဟန့်တားရိုက်ချိုးပစ်ရန် အရေးကြီးသော အချိန်ကာလ ရောက်ရှိလာပြီ ဖြစ်သည်။
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/pyusawhtee-1-4.jpeg)
စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးစနစ် အကြံအစည်ကို ခြေရာကောက်ခြင်း
စင်စစ် စစ်ကောင်စီသည် “ပြည်သူ့လုံခြုံရေးစနစ်” ကို ယခုမှ စတင်စဉ်းစားပြင်ဆင်ခဲ့ခြင်း မဟုတ်ပါ။ အာဏာသိမ်းပြီးလအနည်းငယ် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ကောင်စီ ထိုစနစ်အကြောင်း စတင်သုံးနှုန်း ပြောဆိုခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက “ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို အထောက်အပံ့ပစ္စည်း ပြည့်စုံစွာနှင့် အကောင်အထည်ဖော်မည်” ဟု ပြောဆိုခဲ့သည်။ ထိုနေ့မှာပင် မန္တလေးမြို့တွင် “သွေးသောက်အဖွဲ့” အမည်ဖြင့် လူသတ်ဂိုဏ်းအဖြစ် ပေါ်ထွက်လာသော အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မဟာအောင်မြေ NLD လွှတ်တော်အမတ်၏ အစ်ကိုကို သတ်ဖြတ်ပြီး လမ်းဘေးတွင် စွန့်ပစ်ထားသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
စင်စစ် ၂၀၂၂ ခုနှစ် ဧပြီလထဲ သွေးသောက်အဖွဲ့သည် တယ်လီဂရမ် ဆိုရှယ်မီဒီယာတွင် စတင်ပေါ်ထွက်လာကြောင်း Myanmar Now က ခြေရာခံနိုင်ခဲ့ပြီး၊ မန္တလေးမြို့တွင် နေ့ခင်းပိုင်း လူပုံအလယ် အရပ်ဝတ်ဖြင့်၊ အရပ်ဘက်ကားများအသုံးပြုပြီး (NLD) ပါတီဝင်များ၊ ပါတီဝင်များ၏ ဆွေမျိုးသားချင်းများကို ပစ်မှတ်ထား ဖမ်းဆီး ခေါ်ဆောင်သွားကာ၊ နောက်ရက်တွင် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်မှုများ အများအပြား ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထိုရာဇဝတ်မှုများကို မန္တလေးမြို့ပေါ်တွင် ပေါ်ပေါ်ထင်ထင်ကျူးလွန်နေသော်လည်း စစ်ကောင်စီက လုံးဝ စုံစမ်းဖော်ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ တားဆီးခြင်း မလုပ်ခဲ့သော ထူးခြားချက်ကို ပြည်သူများက သတိပြုမိသည်။ ထို့ကြောင့် သွေးသောက်အဖွဲ့ လုပ်ရပ်များသည် သာမန်အရပ်သားများ မလုပ်ရဲ မလုပ်ဝံ့ဘဲ၊ စစ်တပ်ကိုယ်တိုင် ရုပ်ဖျက်ပြီး ကျူးလွန်သော၊ စစ်တပ်က အားပေးကူညီနေသော အမျိုးသားရေးအစွန်းရောက်အဖွဲ့များက ကျူးလွန်သော လုပ်ရပ်များဖြစ်သည်ဟု ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခဲ့ကြသည်။
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/photo_2024-02-03_10-03-20-1-1024x768.webp)
သွေးသောက်အဖွဲ့၏ လုပ်ရပ်များကို ဥပမာပေးနှိုင်းယှဉ်လျှင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ၊ လူသိများထင်ရှားသော ရှေ့နေကြီး ဦးကိုနီကို လူစည်းကားသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် ရည်ရွယ်ချက်ချင်း အတူတူပင်ဖြစ်သည်။
စင်စစ် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ပြီး၊ စစ်ကောင်စီသည် အရှိန်အဟုန်ဖြင့် အားကောင်းစွာ ပေါ်ထွက်လာနေသော စစ်ကိုင်းနှင့် မကွေးတိုင်းထဲက ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို မည်သို့မျှ မထိန်းချုပ်နိုင်သည့်အခါ၊ ပျူစောထီး လက်နက်ကိုင်အဖွဲ့များ စတင်ဖွဲ့စည်းပြီး၊ ပြည်သူအချင်းချင်း သွေးချောင်းစီးသတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ရာတွင် သွေးသောက်အဖွဲ့ကဲ့သို့ပင် NLD အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို PDF များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။
ထိုစဉ်ကတည်းက စစ်တပ်သည် စစ်ကိုင်းနှင့် မကွေးတိုင်းထဲမှ ၎င်းတို့ထိန်းချုပ်ထားနိုင်သော ကျေးရွာများမှ ယောက်ျား၊ မိန်းမ အသက်အရွယ်စုံကို “ပျူစောထီး” အဖွဲ့များ ဖွဲ့စည်းစေပြီး၊ စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခဲ့ခြင်းသည် မင်းအောင်လှိုင် ယခုပြောနေသော ပြည်သူ့လုံခြုံရေးစနစ်ပင်ဖြစ်သည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်ကိုင်းတိုင်းတွင် ပျူစောထီးအဖွဲ့ ၈၀ နီးပါးကို လက်နက်တပ်ဆင်ပေးထားပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ ရေသောက်မြစ်မှလာသော ပြည်သူ့လုံခြုံရေးစနစ်
မင်းအောင်လှိုင်၏ ပြည်သူ့လုံခြုံရေးစနစ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်ကတည်းက ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်တစ်လျှောက်လုံး စစ်တပ်ကျင့်သုံးခဲ့သော “သောင်းကျန်းသူနှိမ်နင်းရေး ပြည်သူ့စစ်မဟာဗျူဟာ” ဆိုသည့် အတွေးအခေါ်နှင့် နည်းလမ်းများမှ ဆင်းသက်လာခြင်း ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်များအတွင်း မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အားကောင်းခဲ့ချိန် ထိုစဉ်က ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်း တော်လှန်ရေးကောင်စီသည် ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးခဲ့ပြီး၊ မြို့ရွာတိုင်းတွင် ပြည်သူ့စစ်များကို ဖွဲ့စည်းခဲ့သည်။ ယနေ့ကာလ မင်းအောင်လှိုင်၏ လုပ်ဆောင်ချက်များက ထိုအချိန်က အာဏာရှင်ဟောင်း နေဝင်း၏ လုပ်ဆောင်ချက်များအတိုင်းဖြစ်သည်ကို သတင်းစာသမိုင်းအထောက်အထားများတွင် တွေ့မြင်ရသည်။
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/unnamed-1.jpg)
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/unnamed-2.jpg)
တော်လှန်ရေးကောင်စီခေတ် အာဏာရှင်ဟောင်း နေဝင်း ဝါဒဖြန့်ခဲ့သော ပြည်သူ့စစ်ပေါ်ပေါက်လာပုံ (ရင်းမြစ် – ၁၉၇၀ ခုနှစ် အောက်တိုဘာလထုတ် မြန်မာ့အလင်းသတင်းစာ)
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/unnamed-2-1.jpg)
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/unnamed-3.jpg)
အာဏာရှင်ဟောင်းနေဝင်း ပြည်သူ့စစ်ကို လက်နက်တပ်ဆင်ပြီး စစ်မြေပြင်တွင် အသုံးချလာပုံ (ရင်းမြစ် – ၁၉၇၀ ခုနှစ် နိုဝင်ဘာလ မြန်မာ့အလင်းသတင်းစာ)
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/unnamed-4.jpg)
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/unnamed-5.jpg)
ပြည်သူ့စစ်ကို ပြည်သူများတောင်းဆို၍ ဖွဲ့စည်းပေးပုံနှင့် စစ်တပ်ကို ပြည်သူများငွေလှူဒါန်းပုံ ဝါဒဖြန့်နည်းများ (ရင်းမြစ် – ၁၉၇၀ ခုနှစ် နိုဝင်ဘာလ မြန်မာ့အလင်းသတင်းစာ)
အထက်ပါ ၁၉၇၀ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလ မြန်မာအလင်းသတင်းစာအထောက်အထားများကို Myanmar Now က ပြန်လည်ကိုးကား ဖော်ထုတ်တင်ပြရခြင်းမှာ ထင်ရှားသော သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ပြောခဲ့သော “မအအောင် သမိုင်းသင်ရတယ်” စကားအတိုင်း၊ ယနေ့ မင်းအောင်လှိုင်၏ လုပ်ရပ်များမှာ စစ်တပ်ကို လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူသည့် အကျင့်ဆိုး၊ အမွေဆိုးပေးခဲ့သူ ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၏ လုပ်ရပ်များကို ပြန်လည်အသက်သွင်းနေခြင်းသာဖြစ်ကြောင်း ပြည်သူများ သိမြင်နားလည်ခံစားနိုင်ရန် ဖြစ်သည်။
အထက်ပါ သတင်းစာမှတ်တမ်းများကို လေ့လာမည်ဆိုလျှင် အာဏာရှင်ဟောင်း နေဝင်းသည် ထိုစဉ်အချိန်က ပြည်သူများ ပြည်သူ့စစ်ထဲ ဝင်ရောက်လာရန် ပြည်သူ့စစ် ဆိုသည်မှာ ရှေ့တန်း၌ စစ်တပ်က တိုက်နေချိန်၊ ရပ်ရွာလုံခြုံရေးနှင့် အေးချမ်းရေးအတွက်ဖြစ်ပြီး၊ စစ်တိုက်ရန် မဟုတ်ပါဟု လိမ်ညာ ဝါဒဖြန့်ခဲ့သည်။ သို့သော် စစ်တပ်၏ လိမ်ညာဝါဒဖြန့်မှုများ ရှေ့နောက်မညီပုံကို သတင်းစာမှတ်တမ်းများကပင် ဖော်ပြလျက်ရှိသည်။
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/General-Ne-Win-1965-Mirror-Newspaper-copy-1024x793.jpg)
ထို့ပြင် နေဝင်းစစ်တပ်သည် ပြည်သူ့စစ်ကို ပြည်သူများတောင်းဆိုမှုကြောင့် ဖွဲ့စည်းပေးခဲ့ရလေဟန်၊ စစ်တပ်ကို ပြည်သူများက မည်မျှထောက်ခံကြောင်း ရှေ့တန်းရောက်စစ်သားများကို ပြည်သူများက ငွေကြေးလှူဒါန်းမှု သတင်းများကို သတင်းစာများမှတစ်ဆင့် ဝါဒဖြန့်ခဲ့ပါသေးသည်။
ယခင်နှင့် ယခု ပြည်တွင်းစစ်အပေါ် နိုင်ငံရေးနောက်ခံနှင့် လူထုအမြင် ကွာခြားနိုင်သလို၊ စစ်တပ်အပေါ် လူထုအမြင် လုံးဝ ကွာခြားပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအချက်ကို စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်က လက်မခံငြင်းဆန်နေပြီး၊ ၁၉၇၀ ပြည့်နှစ်များက စစ်တပ် ကျင့်သုံးခဲ့သော နည်းလမ်းဟောင်းများအတိုင်း မပြောင်းမလဲ ပြည်သူကို “ပြည်သူ့လုံခြုံရေးစနစ်” ဆိုသည့် အခေါ်အဝေါ်သစ်ဖြင့် ထပ်မံစည်းရုံးသိမ်းသွင်းပြီး၊ စစ်တပ်မပြိုလဲရေး လူသားတံတိုင်းတည်ဆောက်နေခြင်း ဖြစ်သည်။
![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/08/454501568_885182090311204_1918557988686723928_n-1024x644.jpg)
နိဂုံး – ပြည်သူအချင်းချင်း သွေးချောင်းစီးမည့် မင်းအောင်လှိုင်၏ အာဏာရမ္မက်ကို တားဆီရန်လို
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရမ္မက်တွင် လောင်မြိုက်နေပြီဖြစ်ပြီး၊ ထိုရမ္မက် အားပြင်းပြင်း လောင်ကျွမ်းစေရန် လောင်စာများကိုသာ ထပ်ခါတလဲလဲ ရှာဖွေနေပြီ ဖြစ်သည်။ “ပြည်သူ့လုံခြုံရေးစနစ်” သည် ၎င်း၏အာဏာရမ္မက်ကို အစွမ်းကုန်လောင်မြိုက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လောကနိယာမအရ အကြောင်းရှိ၍ အကျိုးဖြစ်လာခြင်းဖြစ်ပြီး၊ ဖြစ်ပေါ်လာသည့် အကျိုးရလဒ်ကို ဖယ်ရှားချင်လျှင် အကြောင်းရင်းခံကို ပြန်လည်ဆန်းစစ် သင်ခန်းစာယူ၍ ပြင်ဆင်ရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်း၏လက်နက်အားကိုး စစ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင့်သော ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံအနှံ့ ပြည်သူတစ်ရပ်လုံး၏ လက်နက်ကိုင်တော်လှန်ရေးကြောင့် တိုင်းပြည်အခြေအနေ ဆိုးရွားလာသည်ဟု ယုံကြည်လျှင်၊ ထိုပြဿနာကို စတင်ဖန်တီးဖြစ်ပေါ်စေသော အကြောင်းရင်းခံဖြစ်သည့် အာဏာသိမ်းမှုကို ပြန်လည်ဆင်ခြင်သုံးသပ် ပြင်ဆင်ရမည် ဖြစ်သည်။
၎င်းအစား နိုင်ငံအနှံ့ မြို့ရွာများအားလုံးတွင် ပြည်သူအချင်းချင်း ပိုမိုသွေးချောင်းစီး သတ်ဖြတ်ရမည့် “ပြည်သူ့လုံခြုံရေးစနစ်” ကို နောက်ဆုံး “လောင်စာ” အဖြစ် ထပ်မံကြိုးစားလာခြင်း ဖြစ်သည်။ ယခုအချိန်သည် မင်းအောင်လှိုင်၏ ထိုအစီအမံကို ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဟန့်တားရိုက်ချိုးပစ်ရန် အရေးကြီးသော အချိန်ရောက်လာပြီ ဖြစ်သည်။
တိုင်းပြည်အာဏာကို တရားနည်းလမ်းတကျမဟုတ်ဘဲ လက်နက်အားကိုး အဓမ္မသိမ်းယူခဲ့သော ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည် အဆိုးကြော့သံသရာ အပြီးတိုင်ချုပ်ငြိမ်းရေး ပြည်သူတစ်ဦးချင်းစီ၏တာဝန်ဖြစ်ကြောင်း ဆင်ခြင်သုံးသပ်နိုင်ရန် တင်ပြလိုက်ရပါသည်။