ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အခြေစိုက် အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ – ၄၃၇) ကို ယနေ့မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တစ်မြို့လုံးကို အပြီးသတ် သိမ်းပိုက်ပြီဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မိုင် ၆၀ နီးပါး နယ်နိမိတ်ချင်းထိစပ်နေပြီး လူဦးရေ တစ်သောင်းခန့် နေထိုင်သည့် ထိုမြို့ရှိ တပ်စခန်းကျသွားပြီးနောက် စစ်ကောင်စီလေတပ်က ထိုစခန်းအနီး အဆက်အပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဒါက (လေယာဉ်နဲ့ပစ်တာတွေက) ထွက်ပြေးမယ့် လမ်းကြောင်းတွေကို လမ်းကြောင်းရှင်းချင်တဲ့ သဘောဖြစ်မှာ၊ နောက် သူတို့ ချန်ထားတဲ့ ပစ္စည်းတွေကို ဖျက်စီးတဲ့သဘောဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။
ထိုစခန်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် KIA နှင့်မဟာမိတ်တို့က စတင်ထိုးစစ်ဆင်ခဲ့ကြခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း သုံ့ပန်းနှင့် ခဲယမ်းလက်နက်ရရှိမှု၊ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေများကို မသိရသေးပေ။
Facebook တွင် ပျံ့နှံ့နေသည့် ရုပ်သံများတွင် KIA တပ်သားများက ထိုစစ်စခန်းအတွင်း သံချပ်ကာယာဉ်ပေါ် အောင်ပွဲခံနေကြသည်ကို တွေ့ရသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် ဗန်းမော်မှတဆင့် စစ်ကူလာသည့် သံချပ်ကာယာဉ်ပါဝင်သည့် စစ်ယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ဒေသတွင်းသတင်းဌာန Kachin News Group ၏ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
ခမရ – ၄၃၇ သည် ဗန်းမော်မြို့၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာတွင်ရှိပြီး ဗန်းမော်မြို့အတွက် လုံခြုံရေးအရ အရေးကြီးသည့် တပ်စခန်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောကြားထားသည်။
ထိုစခန်းတွင် ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကိုယ်တိုင် ရုံးထိုင်ပြီး အင်အား ၅၀၀ ခန့်ရှိကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ဗိုလ်ကြီးဇင်ယော်က သူ၏ Facebook တွင်ရေးသားသည်။
ယခုနှစ် မတ် ၇ ရက်မှ စတင်ကာ ကချင်ပြည်နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းရှိ အခြေစိုက်တပ်များ၊ အရေးကြီးရှေ့တန်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် နှစ်လအကြာ မေ ၇ ရက်နေ့တွင် မိုးမောက်မြို့၊ မံစီမြို့နှင့် စင်းခန်းရွာတို့ကို KIA နှင့် ပူးပေါင်းတပ်များက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြသည်။ တစ်လခန့် ထိုးစစ်ဆင်ပြီးနောက် ထိုမြို့များကို KIA က ထိန်းချုပ်နိုင်ခဲ့သော်လည်း ဆက်လက်တိုက်ခိုက်ရန် မိုးမောက်ရှိ ခမရ(၄၃၇)တပ်ရင်းစခန်း၊ မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)တို့ ကျန်နေသည်။
ထို့နောက် တိုက်ပွဲများ ရပ်တန့်ခဲ့ပြီးနောက် ဇူလိုင် ၂၄ ရက်တွင် မိုးမောက်မြို့ရှိ ခမရ(၄၃၇)စခန်းကို KIA နှင့် ပူးပေါင်းတပ်က ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မိုးမောက် ၄၃၇ ကို အရင် နှစ်ဆန်းပိုင်းကလည်း ထိုးစစ်ဆင်တာရှိပါတယ်။ ဒါပေမယ့် တဖြတ်နားပြီးမှ ဇူလိုင် ၂၄ ကနေ တကျော့ပြန်တိုက်တာဖြစ်ပါတယ်။ ပြန်တိုက်တဲ့အချိန်မှာလဲ စကစဘက်က လေကြောင်းနဲ့ ထိုးတာရှိတယ်။ လက်နက်ကြီးနဲ့ ဒရုန်းနဲ့ နောက် မြေပြင်ကနေလည်း စစ်ကူတွေအများကြီးပို့တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၂၀၂၄ ခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က စခန်းများ ရာနှင့်ချီ စွန့်လိုက်ရသည်။
ပူးပေါင်းတပ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဒေါ့ဖုန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘို၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာကြီးတို့ကို သိမ်းပိုက်ထားနိုင်သည်။