သတင်း

အိန္ဒိယအင်ဖာထောင်မှ မြန်မာများ လေးကြိမ်မြောက် အစာငတ်ခံဆန္ဒပြ

မဏိပူရ်ပြည်နယ်ရှိ အင်ဖာထောင်ရှိ မြန်မာ ၅၂ ဦးက ၎င်းတို့ကို စစ်ကောင်စီလက်ထဲ မအပ်ရန်နှင့် အမြန်ဆုံးလွှတ်ပေးရန်အတွက် အိန္ဒိယအစိုးရထံ အကြိမ်ကြိမ်တောင်းဆိုနေဆဲဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ အင်ဖာထောင်ရှိ လွတ်ရက်ကျော်နေသော မြန်မာ ၅၂ ဦးက ၎င်းတို့ အမြန်ဆုံး ပြန်လွှတ်ရန်၊ စစ်ကောင်စီလက်ထဲမအပ်ရန်အတွက်  ယနေ့ (`ဩဂုတ် ၂၆) နံနက်ပိုင်းက စတင်ပြီး လေးကြိမ်မြောက် အစာငတ်ခံဆန္ဒပြနေကြသည်ဟု ဒုက္ခသည်အရေး အကူအညီပေးနေများက ပြောသည်။ 

၂၀၂၃ ဒီဇင်ဘာက စတင်ပြီး ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် ၂၀၂၃ ဇွန် နှင့် ဇူလိုင်လများတွင်လည်း အလားတူ တောင်းဆို  ဆန္ဒပြသော်လည်း ထောင်အာဏာပိုင်များ၏ ဗဟိုအစိုးရထံ တင်ပြသွားမည်ဟူသော ကတိမှတစ်ပါး  ထူးခြားမှုမရှိသေး၍ ထပ်မံဆန္ဒပြနေခြင်းဖြစ်သည်ဟု သိရသည်။ 

အိန္ဒိယတွင် ဖမ်းဆီးခံထားရသူအများစုမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ ဖြစ်ကြပြီး ၎င်းတို့သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်လာသည့် ပြည်တွင်းစစ်မီးကြောင့် အိန္ဒိယဘက်သို့ ထွက်ပြေးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် စစ်ဘေးကြောင့် တိမ်းရှောင်လာရသူများသာမကဘဲ စစ်အာဏာ မသိမ်းမီကပင် မြန်မာ-အိန္ဒိယနယ်စပ် မိုရေးနှင့် အင်ဖာ မြို့တို့တွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိ နေသည့် ရွှေ့ပြောင်းအလုပ်သမားတချို့လဲ ပါဝင်သည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အထောက်အထားကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

မစ်ဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင်နေထိုင်ပြီး ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသူ လူငယ်တစ်ဦးက ထောင်တွင်း  ဆန္ဒပြနေသူများထဲတွင် ၎င်း၏ ဦးလေးတော်စပ်သူလည်း ပါဝင်ကြောင်း၊ သူ၏ ဦးလေးသည်  ၂၀၁၈ နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်း မုံရွာမြို့မှ  ထွက်လာပြီး အင်ဖာမြို့တွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း ပြောသည်။

“သူတို့  စစချင်းမိတုန်းကတေ့ာ ၆ လထောင်ချမယ်၊ ငွေဒဏ်ဆောင်ရမယ်ပေါ့။ ခုက ငွေဒဏ်လဲ ဆောင်ပြီးသွားပြီ၊ ၆ လလည်းပြည့်သွားပြီ၊ သူတို့ကို ပြန်လွှတ်ပေးဖို့လိုတာပေါ့” ဟု ကိုဇော်ဇော်က ပြောသည်။ 

“သူတို့ နေရထိုင်ရ၊ စားရသောက်ရတာ ဆင်းရဲတော့ သူတို့ကို အမြန်ဆုံး ပြန်လွှတ် ပေးစေ ချင်တာပေါ့။ သူတို့ ထိုက်သင့်တဲ့ အပြစ်ဒဏ်လဲခံပြီးပြီ။ ငွေဒဏ်ရော ထောင်ဒဏ်ရော ခံပြီးပြီဆိုတော့” ဟု သူက ဆက်ပြောသည်။ 

အိန္ဒိယနိုင်ငံ မဏိပူရ်ထောင်နှင့် အာသံထောင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု အပါအဝင် အခြားအမှုများဖြင့်ပါ ဖမ်းဆီးခံထားရသည့် မြန်မာဒုက္ခသည်များ၊ အလုပ်သမားများ ရာနှင့်ချီပြီးရှိနေပြီး  နိုင်ငံတကာကလည်း စောင့်ကြည့် ကူညီရန် လိုအပ်သည်ဟု India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။ 

“ထိန်းသိမ်းခံရတဲ့ သူတွေထဲက မဏိပူရ်ပြည်နယ် အင်ဖာထောင်ထဲမှာ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ စစ်ဘေးဒုက္ခသည် ဖမ်းဆီးခံ ၅၂ ဦးကနေ အစာငတ်ခံ ဆန္ဒပြပြီး အမြန်ဆုံး လွှတ်ပေးရေးတောင်းဆိုတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

၂၀၂၁ အာဏာသိမ်းအပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် ၅၄,၁၀၀ ကျော်အထိ ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ၂၀၂၄ နှစ် မေလက ထုတ်ပြန်ထားသည်။ 

မီဇိုရမ်ပြည်နယ်တွင် ၄၀,၀၀၀ ကျော်၊ မဏိပူရ်ပြည်နယ်တွင် ၈,၀၀၀ ကျော်ရှိနေသည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။ 

အိန္ဒိယက ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ခိုလှုံစရာနှင့် ထောက်ပံ့ကူညီမှုများ ပေးအပ်ထားသည်ဟု မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်အတွင်း ပြောဆိုထားသည်။

သို့သော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးနေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ် မေလက စတင်ခဲ့သည့် မဏိပူရ်ပြည်နယ်အတွင်းရှိ ကသည်းနှင့် ကူကီး လူမျိုး များအကြား လူမျိုးရေး ပဋိပက္ခများ တကျော့ပြန် အရှိန်တက်နေချိန်ဖြစ်၍ အကျဉ်းထောင် အတွင်းရှိ မြန်မာစစ်ဘေးဒုက္ခသည်များကို အမြန်ဆုံးလွှတ်ပေးရန်လိုသည်ဟု ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။ 

“မဏိပူရ် ပြည်နယ်အတွင်း ပဋိပက္ခက အခုတလော အရှိန်ပြန်တက်သလိုဖြစ်နေတော့ ထောင်တွင်းကို သက်ရောက်မှုရှိလာမှာကို စိုးရိမ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ၃ နှစ်ကြာဖြစ်ပွားနေရာ အိန္ဒိယနိုင်ငံသို့ စစ်ဘေးဒုက္ခသည် အများအပြား ဝင်ရောက်လာခြင်း၊ စစ်ကောင်စီတပ်သားများ ထွက်ပြေးလာခြင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှု များပြားလာခြင်းတို့ကြောင့် နှစ်နိုင်ငံ လွတ်လပ်စွာ သွားလာခွင့် Free Movement Regime (FMR) ကို ဖျက်သိမ်းရန် အိန္ဒိယဗဟိုအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

Free Movement Regime ဥပဒေမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် နေထိုင်ကြသည့် ဇိုး (ချင်း) မျိုးနွယ်စုများ အပြန်အလှန်ဆက်သွယ်သွားလာနိုင်ရန် ရည်ရွယ်ပြီး ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button