သတင်း

မဏိပူရ်တွင် ထောင်ကျနေသည့် မြန်မာများ စစ်ကောင်စီ၏ရန်ကို စိုးရိမ်နေ

အင်ဖာထောင်တွင် လွတ်ရက်ကျော်နေသော မြန်မာစစ်ရှောင်များ အစာငတ်ခံ ဆန္ဒပြနေပြီး ချက်ချင်းလွှတ်ပေးရန်၊ စစ်တပ်လက်ထဲ မအပ်ရန် တောင်းဆိုရာ ပစ်ခတ်ဖြိုခွင်းခံနေရသည်။

ပြစ်ဒဏ်စေ့ပြီဖြစ်သဖြင့် ထောင်မှ ချက်ချင်းလွှတ်ပေးရန်၊ နေရပ်ပြန်ပို့ရာတွင် မြန်မာစစ်တပ်လက်ထဲ မအပ်ရန် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာစစ်ဘေးရှောင်များက ယခုလ (ဇွန်) ၁၆ ရက်မှ စတင်ကာ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေကြောင်း သိရသည်။

မဏိပူရ်ပြည်နယ်၌ တရားမဝင်နေထိုင်မှုကြောင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားသားအက်ဥပဒေဖြင့် ထောင်ဒဏ်၊ ငွေဒဏ်ကျခံခဲ့ပြီးဖြစ်သည့် မြန်မာ ၂၈ ဦးက ဆန္ဒပြနေခြင်းဖြစ်ကာ ယနေ့တွင် ဆန္ဒပြသူ ၉၉ ဦးရှိလာသည်ဟု အိန္ဒိယရောက် မြန်မာများအရေးလှုပ်ရှားသည့် India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“ပြစ်ဒဏ်တွေအကုန်ကျခံပြီးသားလူဖြစ်တယ်။ ငွေဒဏ်ရောရိုက်ခံရပြီးသားဖြစ်တယ်။ မတရားသဖြင့် ထောင်ထဲမှာ ဆက်လက်ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် အခုလိုတောင်းဆိုတာဖြစ်တယ်ပေါ့နော်” ဟု ထောင်တွင်းမှ ဆက်သွယ်ပြောဆိုချက်များကို ကိုးကား၍ ၎င်းက ပြောသည်။

နေရပ်ပြန်ခွင့်ပြုရာတွင်လည်း စစ်ကောင်စီလက်အပ်ပါက လုံခြုံရေးအာမခံချက်မရှိ၍ ဖမ်းဆီးခဲ့သည့် နယ်မြေအတွင်းမှ ကိုယ်ပိုင်အစီအစဉ်ဖြင့် ထွက်ခွာခွင့်ပြုရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို အင်ဖာအကျဉ်းထောင်ရှိ နိုင်ငံခြားသားများထိန်းသိမ်းရေးစင်တာအတွင်း ဆက်လက် ဖမ်းဆီးထားပြီး ယမန်နေ့ ညပိုင်းတွင် ထောင်အာဏာပိုင်များက ဆန္ဒပြပွဲကို ရပ်တန့်ရန် အသံဗုံးများ၊ ရော်ဘာကျည်နှင့် ကျည်အစစ်များအသုံးပြုဖြိုခွဲခဲ့သည်ဟု သိရကြောင်း သူက ဆိုသည်။

ထောင်အာဏာပိုင်များ ဆုတ်ခွာသွားပြီးနောက် ဆက်လက်ဆန္ဒပြနေဆဲဖြစ်ကြောင်း၊ တောင်းဆိုချက်ကို မလိုက်လျောမချင်း ရပ်တန့်မည်မဟုတ်ကြောင်း ထိန်းသိမ်းခံနေရသူများကို ပြောဆိုသည်ဟု သိရကြောင်း ဆလိုင်းဒိုခါရ်က ဆိုသည်။

ယနေ့အချိန်ထိ တာဝန်ရှိသူများက လာရောက်ညှိနှိုင်းခြင်းမရှိသလို ၎င်းတို့ပြန်လည်လွတ်မြောက်ရန် အိန္ဒိယနိုင်ငံအခြေစိုက်သည့် နိုင်ငံတကာသံရုံးများ၊ အစိုးရတာဝန်ရှိသူများကို တောင်းဆိုထားသော်လည်း အကြောင်းမထူးသေးကြောင်း ၎င်းက ဆိုသည်။

ယခုဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ အာဏာမသိမ်းမီ အိန္ဒိယဘက်သို့ တရားမဝင် ဝင်ရောက်ကာ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတချို့ပါဝင်သလို ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည့် စစ်ဘေးရှောင်များလည်း ပါဝင်ကြောင်း သိရသည်။

အင်ဖာအကျဉ်းထောင်နှင့် ထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံမှ အမျိုးသား ၉၉ ဦး၊ အမျိုးသမီးနှင့် ကလေးငယ် ၆၀ ဦး ထိန်းသိမ်းခံထားရဆဲပြီး စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင်နေထိုင်မှု စသည့် အကြောင်းပြချက်ဖြင့် ထိန်းသိမ်းခံထားရကြောင်း Khonumthung သတင်းဌာနက ရေးသားဖော်ပြထားသည်။

ထွက်ပြေးလာသည့် မြန်မာစစ်ရှောင်ဒုက္ခသည်များကို အိန္ဒိယဗဟိုအစိုးရက လက်မခံကြောင်း ပြောဆိုခဲ့သည့်နောက်ပိုင်း မဏိပူရ်ပြည်နယ်အစိုးရက လိုက်လံဖမ်းဆီးခဲ့သည်။

မြန်မာစစ်ရှောင်များကို ခြေချခွင့်မပြုဘဲ နှင်ထုတ်ရန် ပြည်နယ်အစိုးရက ဆောင်ရွက်နေသည်ဟု သိရသည်။

နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၅၄၅၇ ဦးအနက် ၅၁၇၃ ဦး၏ ဇီဝအချက်အလက်များကို ကောက်ယူထားပြီး ထိုသူများကို ပြန်ပို့ရန် စီစဉ်နေသည်ဟု ဝန်ကြီးချုပ်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ယခုနှစ် မေ ၈ ရက်နေ့တွင် ရေးသားခဲ့သည်။

စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ထောင်နှင့်ချီသည့်ဒေသခံများမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

အိန္ဒိယတွင် ပြည်နယ်များစွာ ရှိပြီး မီဇိုရမ်ပြည်နယ်တွင်မူ မြန်မာဘက်မှ ပြေးလာရသူများကို ကောင်းမွန်စွာ ဆက်ဆံနေသည်။

ချင်းဒေသနှင့် နယ်မြေထိစပ်နေသော ထိုပြည်နယ်တွင် ဒုက္ခသည်အများဆုံး ခိုလှုံခွင့်ရရှိထားသလို ပြည်နယ်အစိုးရက ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူသည် ဆေးကုသခွင့်နှင့် လွတ်လပ်စွာသွားလာခွင့် ရှိသည်။

ထိုပြည်နယ်အတွင်း ခိုလှုံခွင့်ရနေသူ မြန်မာပြည်သားများထဲတွင် လွှတ်တော်ကိုယ်စားလှယ်တချို့လည်း ပါဝင်သည်ဟု သိရသည်။

Show More

Related Articles

Back to top button