အနံ့ဆိုးနှင့် အမှုန်များကြောင့် ဒေသခံတို့ ကန့်ကွက်နေသည့် တွံတေးမြို့နယ်မှ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကို ယာယီရပ်ဆိုင်းရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်သည်။
ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ အနံ့ဆိုးဒဏ်ကို ခံစားနေရသည့် ကန်ပတ်ရိုးကျေးရွာဒေသခံများနှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် ယနေ့ ဇန်နဝါရီ ၂၉ ရက်၊ နံနက်ပိုင်းတွင် ကန်ပတ်ရိုးဘုန်းတော်ကြီးကျောင်း၌ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးဖြိုးမင်းသိန်းက “လက်ရှိအခြေအနေမှာတော့ ဒီမှာလုပ်နေတဲ့ လုပ်ငန်းတွေကတော့ ယာယီအားဖြင့် အားလုံးရပ်ဆိုင်းသွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကုလားတန်းသုံးအိမ်ကျေးရွာ၊ တွံတေး – မအူပင်ကားလမ်းပေါ်ရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံသို့ တွံတေးတူးမြောင်းမှတစ်ဆင့် ကုန်ကြမ်းသယ်ယူပို့ဆောင်မှုကိုလည်း ရပ်နားမည်ဖြစ်ပြီး စက်ရုံတွင်းမှ ကုန်ကြမ်းများရွှေ့ပြောင်းမှုအတွက် ကြီးကြပ်ရေးအဖွဲ့ဖြင့် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
ဆွေးနွေးပွဲအရ စက်ရုံနားချိန်အတွင်း စက်ရုံနေရာ ပြန်လည်သန့်စင်သည့်လုပ်ငန်းများ ဆောင်ရွက်မည်၊ ရပ်ရွာကို ထိခိုက်နိုင်သည့်လုပ်ငန်းစဉ်များအား စိစစ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
ရန်ကုန်တိုင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးသိန်းဆွေက “ပိတ်သိမ်းတာတော့ မဟုတ်ဘူး။ ယာယီရပ်ခိုင်းလိုက်တာ။ သက်ဆိုင်ရာဌာနတွေရဲ့ တည်ဆဲဥပဒေအတိုင်း လုပ်ရမယ် နံပါတ်တစ်။ နံပါတ်နှစ်က EIA/IEE (ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်အစီရင်ခံစာ) တွေ ရေးဆွဲပြီဆိုရင် ပွင့်လင်းမြင်သာစွာ လုပ်ရမယ်။ အရင်တုန်းက လုပ်ခဲ့တာ ပွင့်လင်းမြင်သာမှု မရှိဘူး” ဟု ပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် မြေ ၂၇ ဧက ကျော်ကို တစ်နှစ်လျှင် သိန်း ၆၀၀ ကျော်ဖြင့် ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ ၂၀၁၇ မှစ၍ ၂၀၂၂ အထိ ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။
၎င်းစက်ရုံမှ ပုလဲသာဓာတ်မြေသြဇာ၊ ပင်တက်ဓာတ်မြေသြဇာနှင့် တော့ပ်ဝမ်း (Top One) စပါးအထွက်တိုးမြေသြဇာတို့ကို ရောစပ်ထုပ်ပိုးနေခြင်းဖြစ်သည်။
စာချုပ်ပါအချက်များကို ဖောက်ဖျက်သည်ဟုဆိုကာ လုပ်ငန်းရပ်ဆိုင်းထားရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဦးစီးဌာနကလည်း ဇန်နဝါရီ ၁၅ တွင် စက်ရုံကို အကြောင်းကြားထားသည်။
ရွှေနဂါးဓာတ်မြေသြဇာစက်ရုံနှင့် ပတ်သက်ပြီး ၎င်းတို့ထံတွင် EIA ဟု ခေါ်ကြသည့် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်အစီရင်ခံစာ တင်ပြထားခြင်းမရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က ပြောသည်။
” EIA မတင်ရသေးဘူး။ တင်ဖို့အတွက် ဘယ်ပညာရှင်အဖွဲ့နဲ့ လုပ်ပါမယ်ဆိုပြီး တင်လာတာ။ အဲ့ဒါပဲရှိသေးတယ်။ တင်လာတဲ့အထဲမှာလည်း ကျွမ်းကျင်မှုနယ်ပယ် လိုအပ်နေတဲ့အတွက် အဲ့ဒီကျွမ်းကျင်မှုနယ်ပယ်နဲ့ဆိုင်တဲ့ ပညာရှင်တွေ ထည့်သွင်းပြီးတော့ ပြန်လည်တင်ပြပေးပါလို့ အကြောင်းကြားထားတယ်” ဟု ဦးကျော်ဆန်းနိုင်က ပြောသည်။
ရွှေနဂါးဓာတ်မြေသြဇာစက်ရုံအနေဖြင့် ဝန်ကြီးချုပ်ညွှန်ကြားချက်အတိုင်း ယာယီရပ်နားထားမည်ဖြစ်ကြောင်း စက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ်ဌာန၊ လက်ထောက်အရာရှိ ကိုနိုင်လင်းက ပြောသည်။
ဓာတ်မြေဩဇာစက်ရုံ ယာယီရပ်ရန် ဆိုသည့် ဝန်ကြီးချုပ်၏ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း ကန်ပတ်ရိုးကျေးရွာ ဒေသခံများက ဆိုသည်။
” လုံးဝ မလည်မပြုဘဲနဲ့ ပိတ်သိမ်းသွားရင်တော့ ကောင်းတာပေါ့” ဟု ကန်ပတ်ရိုးကျေးရွာ ဒေသခံ အသက် ၅၆ နှစ်အရွယ် ဦးထွန်းအောင်ကျော်က ပြောသည်။
ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ စတင်လည်ပတ်သည့် ၂၀၁၉ နှစ်လည်ပိုင်းမှစ၍ စက်ရုံအနီးရှိ ကျေးရွာများမှာ အနံ့ဆိုးဒဏ်ခံနေရပြီး စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကန်ပတ်ရိုးကျေးရွာ သောက်သုံးရေကန် ညစ်ညမ်းခဲ့သည့်အတွက် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံတို့က ဆိုသည်။
ရွှေနဂါးဓာတ်မြေသြဇာစက်ရုံသည် ထုပ်ပိုးခြင်း၊ ရောစပ်ခြင်း ဆောင်ရွက်သည့်နည်းစနစ် မှားယွင်းနေပြီး လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုတို့ကို ဖြစ်စေသည်ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးသိန်းဆွေက ယနေ့ ဝန်ကြီးချုပ်နှင့် ဆွေးနွေးပွဲတွင် ပြောသည်။
စက်ရုံမှထွက်သည့် အမှုန်များအတွက် ပိုက်အစိမ်းများ ကာရံထားသည်မှာ ဖြေရှင်းနိုင်သည့် နည်းလမ်းမဟုတ်ဘဲ ထုတ်လုပ်သည့် လုပ်ငန်းစဉ်ကို ပြောင်းလဲရန်လိုအပ်သည်ဟု ဦးသိန်းဆွေက ပြောသည်။