စစ်တပ်အာဏာသိမ်းထားသည့် ၃ နှစ်ကျော်ကာလအတွင်း ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၂၅,၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က မှတ်ပုံတင်စာရင်း ပယ်ဖျက်ထားကြောင်း သိရသည်။
ယခုနှစ်အတွက် ဩဂုတ်လ ၈ ရက်နေ့အထိ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ ၁၂,၀၀၀ အထိရှိနေသည်ကို DICA ၏ စာရင်းများတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်တွင် ၆,၄၀၀၊ ၂၀၂၂ ခုနှစ်တွင် ၅,၁၀၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၂၂၀၀ ရှိခဲ့သည်။
တိုင်းပြည်စီးပွားရေးအခြေအနေကို ယခုနှစ်အတွင်း ပယ်ဖျက်ခံရသည့် အရေအတွက် ပိုမိုမြင့်တက်နေခြင်းက မီးမောင်းထိုးပြနေသည်။
ထိုကုမ္ပဏီများကို ပယ်ဖျက်ခြင်းမှာ နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ပြန်လည်တင်ပြလာခြင်းမရှိခြင်းကြောင့် ဖြစ်သည်ဟု DICA က အကြောင်းပြချက်ပေးသည်။
ဩဂုတ် ၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပယ်ဖျက်ခံရသော ကုမ္ပဏီများစာရင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံအတွက် ရှေ့ထွက်ကာ စီးပွားရေးလုပ်ပေးသူဟု လူသိများသော ဦးမောင်မောင်နိုင် ပိုင်ဆိုင်သည့် Yetagun Myanmar Energy ကုမ္ပဏီလည်း ပါဝင်သည်။
ဦးမောင်မောင်နိုင်သည် စစ်ခေါင်းဆောင်၏အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ခေါင်းဆောင်သည့်၊ ၂၀၂၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတွင်လည်း ပါဝင်သည်။
ထိုသို့သော လူပုဂ္ဂိုလ်ပိုင်သည့် ကုမ္ပဏီမျိုး အမည်စာရင်း ပယ်ဖျက်ခံရခြင်းသည် တိုင်းပြည်စီးပွားရေး ပြိုကျနေပြီး စီးပွားရေးအခွင့်အလမ်းများရှားပါးလာခြင်းနှင့် မတည်ငြိမ်သည့်မူဝါဒများကြောင့် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
လုပ်ငန်းရှင်များသည် ယခင်က လုပ်ငန်းလုပ်ကိုင်ရန် မရှိသေးသည့်တိုင် ကုမ္ပဏီများထူထောင်ကာ အခွင့်အလမ်းရရန် မျှော်မှန်းနိုင်ကြသော်လည်း ယခုအခါ ကုမ္ပဏီတစ်ခုရှိနေခြင်းကပင် အပိုကုန်ကျစရိတ်များ ဖြစ်လာနေသည်ဟု ရန်ကုန်မြို့နေ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
“လုပ်ငန်းကိုင်ငန်း အခွင့်အလမ်းတွေကလည်း မရှိဘူး။ အလုပ်အကိုင်တွေက မကောင်းကြတဲ့အခါမှာ ဆက်လက်ပြီးတော့ မလုပ်ချင်ကြလို့ ရပ်လိုက်ကြတာများတယ်” ဟု ထိုလုပ်ငန်းရှင်က Myanmar Now ကို ပြောသည်။
“ကုမ္ပဏီတစ်ခုထောင်တယ်၊ အစီရင်ခံစာတွေ ပြန်လုပ်ပေးရတယ်ဆိုတာက ကုန်ကျစရိတ်တစ်ခုက ရှိတယ်လေ၊ အခုကကျတော့ ဘာအခွင့်အလမ်းမှကို မရှိတော့တဲ့အခြေအနေတွေဖြစ်နေတော့ ဘယ်သူကမှ ဒီကုန်ကျစရိတ်တွေကို ထပ်အကုန်မခံတော့ဘူး”
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၉၇ အရ ကုမ္ပဏီအားလုံးသည် ကုမ္ပဏီမှတ်ပုံတင်ခြင်းအွန်လိုင်းစနစ်ဖြစ်သော MyCO တွင် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် နှစ်စဉ် အနည်းဆုံး တစ်ကြိမ်တင်ပြရသည်။ နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျဘဲ တင်ပြရခြင်းသည်။
ယခုအခါ ကုမ္ပဏီအများစုသည် အစီရင်ခံစာတင်ပြနိုင်ခြင်းမရှိတော့၍ DICA ၏ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံနေရခြင်းဖြစ်သည်။
ပယ်ဖျက်ခံရမှု မြင့်တက်လာခြင်းသည် အစီရင်ခံစာတင်ပြရန် လက်တွေ့လုပ်ဆောင်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ နှစ်စဉ်အစီရင်ခံစာတင်ရေးမှာ ခက်ခဲသည့်အလုပ်မဟုတ်ကြောင်း DICA မှ ညွှန်ကြားရေးမှူးတစ်ဦးက Myanmar Now ကို ပြောသည်။
“ဘာမှကို မခဲယဉ်းတဲ့ကိစ္စပါ၊ ဒီ Practice (အလေ့အကျင့်) ကို မသိကြတာ။ ကုမ္ပဏီရဲ့ အချက်အလက် Update (အသစ်) ဖြစ်လား၊ မဖြစ်ဘူးလားပဲ မေးတာ” ဟု သူ ဆိုသည်။
နှစ်စဉ်အစီရင်ခံစာ မတင်ပြခြင်းသည် တိုင်းပြည်စီးပွားရေး ကောင်းမကောင်းအပေါ် အခြေမခံဘဲ ကုမ္ပဏီဘက်က ဥပဒေအရ ခံစားခွင့်ပေးသော အခွင့်အရေးများကို ရယူလိုခြင်း ရှိမရှိခြင်းနှင့်သာ သက်ဆိုင်နိုင်သည်ဟုလည်း သူက ဆိုသည်။
စစ်အာဏာသိမ်းမှု မတိုင်မီ ၂၀၂၀ ပြည့်နှစ်တွင် MyCo စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ပြည်တွင်းကုမ္ပဏီပေါင်း ၅၀,၀၀၀ ကျော်နှင့် ပြည်ပကုမ္ပဏီ ၇,၀၀၀ ကျော် ရှိသည်။ ယခုအခါ ထိုပမာဏ၏ ၃ ပုံ ၁ ပုံကျော်သည် ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပြန်လည် ပယ်ဖျက်ခံရခြင်းဖြစ်သည်။
လတ်တလောတွင် ကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းခြင်း၊ ပြည်ပမှ တင်သွင်းရသော ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်ခြင်း၊ သွင်းကုန်ပို့ကုန်လိုင်စင်ရယူခွင့် ကန့်သတ်ထားခြင်းနှင့် ပို့ကုန်ရငွေများကို ပြင်ပပေါက်စျေးထက် နည်းသော ဗဟိုဘဏ်ပေါက်စျေးဖြင့် ဖြတ်ယူခြင်းတို့ကြောင့် လုပ်ငန်းရှင်များသည် လုပ်ငန်းဆက်လည်ပတ်ရန် အကျပ်အတည်းဖြစ်နေသည်ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ကိုယ်ရတဲ့ ဒေါ်လာကျတော့ အနှိမ်ခံပြီး ငွေဖြတ်ခံရတယ်၊ ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းပြန်ဝယ်ရမယ့်အခါကျတော့ အပြင်က အမြင့်စျေးနဲ့ ပြန်ဝယ်နေရတယ်။ ဒီလိုတော့ အခုကာလမှာက စီးပွားရေးများများလုပ်တဲ့ သူက ရှုံးမှာပဲလေ” ဟု လုပ်ငန်းရပ်နားထားသည့် ထိုပို့ကုန်လုပ်ငန်းရှင်က ဆိုသည်။
မည်သည့်စီးပွားရေးသမားမဆို အရှုံးခံ ဆက်လုပ်မည့်အစား ရပ်နားကြမည်ဟုလည်း သူက ဆက်ပြောသည်။ ထိုသို့သောအခြေအနေမျိုး စီးပွားရေးလုပ်ငန်းရှင်များ ကြံရချိန်တွင် ကုန်ဈေးနှုန်းကစားသည်ဆိုကာ ဖမ်းဆီးအရေးယူခံရမှုများလည်း ရှိနေသည်။
နိုင်ငံအနှံ့ကျယ်ပြန့်လာသော ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် မြန်မာ့စီပွားရေး တိုးတက်မှုနှုန်း ကျဆင်းကာ ၂၀၂၅ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိနိုင်မည်ဟု ကမ္ဘာ့ဘဏ်၏ ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်သော မြန်မာစီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြိုလဲပျက်စီးနေသော ထိုစီးပွားရေးအခြေအနေကြောင့် တိုင်းပြည်လူဦးရေ၏ ၃၂ ရာခိုင်နှုန်းကျော်ဖြစ်သည့် ပြည်သူ ၁၇ ဒသမ ၅ သန်းခန့် ဆင်းရဲတွင်းထဲ ရောက်သွားသည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။
နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ မလည်ပတ်နိုင်သည့်နည်းတူ အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုများလည်း ကျဆင်းသွားသည်။ ထို့ပြင် အထည်ချုပ်လုပ်ငန်းတချို့လည်း မလည်ပတ်နိုင်ဘဲ ပို့ကုန်တန်ဖိုးလည်း ကျဆင်းနေသည်။
၂၀၂၄ ခုနှစ်၏ ပထမ ၆ လအတွင်း ပို့ကုန် ၁၃ ရာခိုင်နှုန်း၊ သွင်းကုန် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြသည်။ နိုင်ငံခြားငွေ မရှိခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် လုပ်သားအင်အား ရှားပါးလာခြင်းကြောင့်လည်း ကုန်ထုတ်လုပ်ငန်းများ ကျဆင်းလာပြီး စီးပွားရေးတိုးတက်ရန် ဆက်လက်ရုန်းကန်နေရဦးမည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။