သတင်း

ရန်ကုန်တွင် တပ်မတော်ထောက်ခံကြောင်း ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် 

ရန်ကုန်တွင် တပ်မတော်ကို ထောက်ခံပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ခွင့်ပြုချက်မဲ့ ဆန္ဒပြတောင်းဆိုကြသူများက ၎င်းတို့ချီတက်ဆန္ဒပြရာလမ်းကြောင်းကို ပိတ်ဆို့တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံရှေ့တွင် ယနေ့ (ဇန်နဝါရီလ ၂၇) ညနေပိုင်းတွင် လူ ၃၀ ဦးခန့်က ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေအရ ခွင့်ပြုမိန့်တင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။  

တပ်မတော်ကို ထောက်ခံကြောင်း ထိုဆန္ဒပြသူများကို လူ ၁၀၀ ဦးခန့်က လာရောက်ဝန်းရံခဲ့ကြပြီးနောက် ကားလမ်းတစ်ဖက်မှ မြန်မာနိုင်ငံအလံများကို ကိုင်ဆောင်၍ အမျိုးသားကဇာတ်ရုံရှေ့မှ မြို့မကျောင်းလမ်းအတိုင်း ချီတက်ခဲ့သည်။

အဆိုပါလာရောက်ဝန်းရံသူများက “ရွေးကောက်ပွဲကော်မရှင်အား အလိုမရှိ၊ အလိုမရှိ” ဟု အော်ဟစ်ခဲ့ကြပြီး တပ်မတော်ကို ထောက်ခံကြောင်းလည်း အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ 

အဆိုပါဝန်းရံသူများသည် ကားလမ်းတစ်ဖက်မှ မြို့မကျောင်းလမ်းအတိုင်း ချီတက်ခဲ့ကြပြီး အိမ်တော်ရာဘုရားဝန်းအကျော်တွင် ၎င်းတို့ကို လာရောက်တားဆီးသော ရဲတပ်ဖွဲ့ကားကို အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အုတ်နီခဲများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ 

ထိုသို့ ခွင့်ပြုချက်မဲ့ ဆန္ဒပြသူများထဲမှ ၄ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်သူများကိုမူ မဖမ်းဆီးနိုင်ခဲ့ကြောင်း ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အေးက Myanmar Now ကို ပြောသည်။

“အလံကိုင်တဲ့အုပ်စုကို ကျွန်တော်တို့ မသိဘူး။ လူက အများကြီး၊ ဘယ်လိုလုပ်သိမလဲ” ဟု ရဲမှူးတင်အေးက ပြောသည်။ 

လက်ရှိတွင် ထို ၄ ဦး နေထိုင်ရာ မြို့နယ်များကိုပင် မစစ်ဆေးနိုင်သေးဘဲ သက်ဆိုင်ရာကို ဆက်လက်တင်ပြသွားမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါသူများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း စုံစမ်းဆဲရှိပြီး ငြိမ်းစုစီတင်ပြထားသူမှာ ဦးဌေးဝင်းဆိုသူ အမျိုးသားတစ်ဦးဖြစ်သည်ဟု ရဲမှူးတင်အေးက ဆိုသည်။

“ငြိမ်းစုစီတင်တဲ့အဖွဲ့ကတော့ ကျွန်တော်တို့ ဝန်းရံဆောင်ရွက်ပေးတယ်လေ။ အဲဒါက ငြိမ်းချမ်းစွာ ပြီးသွားပြီ။ အဲဒါပဲ ပြောချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ခွင့်ပြုချက်မဲ့ ဆန္ဒပြသမားများကို တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၀ စင်းခန့်သည် မြို့မကျောင်းဘေးနှင့် မိုင်ဒါကွင်းဘေးတွင် အသင့်နေရာယူထားပြီး ဆန္ဒပြပွဲပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ပြန်လည်ထွက်ခွာသွားသည်ကို တွေ့ရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ တွင် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) က ဦးဆောင်ကာ တပ်မတော်ကို ထောက်ခံကြောင်းဆန္ဒပြပွဲ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သေးသည်။ 

ယခုကာလအတွင်း ရန်ကုန်မြို့တွင်း တပ်မတော်ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲများ ပြုလုပ်နေသလို အစိုးရသစ်နှင့် UEC ကို ထောက်ခံပွဲများလည်း ပြုလုပ်လျက်ရှိသည်။ 

Show More

Related Articles

Back to top button