လစ်လပ်နေသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေရာတွင် ဝါရင့်သံတမန် မစ္စမာကျား (Ms Ma Jia) ကို ခန့်အပ်ရန် တရုတ်၏အဆိုပြုချက်ကို လက်ခံကြောင်း စစ်ကောင်စီက ယနေ့ (သြဂုတ် ၁၂) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
၅၇ နှစ်အရွယ် မစ္စမာကျားသည် အိန္ဒိယနိုင်ငံဆိုင်ရာ သံမှူးကြီးနှင့် တရုတ်သံအမတ်အဖြစ် တာဝန်ယူနေရာမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရခြင်းဖြစ်သည်။
သူသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တာဝန်ပြီးဆုံးပြီး ပြန်လည်ထွက်ခွာသွားသည့် မစ္စတာချန်ဟိုင်း၏ နေရာသို့ ရောက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ်ကို မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့အကြား ပြင်းထန်နေသည့် တိုက်ပွဲများ၊ ရပ်တန့်နေသည့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ မရေရာသည့် မြန်မာနိုင်ငံတွင်းမှ တရုတ်စီမံကိန်းများနှင့် စစ်ကောင်စီ၏ တရုတ်မုန်းတီးရေးလှုပ်ရှားမှုများက စောင့်ကြိုနေသည်။
လက်ရှိအချိန်တွင် မြန်မာ-တရုတ်နယ်စပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးအကြား အဓိကမြို့အများစုကို စစ်ကောင်စီစွန့်လွှတ်ထားရပြီး နိုင်ငံအလယ်ပိုင်းမှ တရုတ်စီမံကိန်းတချို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သိမ်းပိုက်ထားသည်။
- ရှမ်းမြောက်မှာ စစ်ကောင်စီ ထိန်းချုပ်တဲ့မြို့လေးမြို့သာကျန်။
- တရုတ်ပိုင် တကောင်းနီကယ်စက်ရုံကို PDF သိမ်းပိုက်၊ NUG နှင့် တရုတ် စက်ရုံအနာဂတ်အတွက် ဆွေးနွေးနေ
တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်ရာ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ မြို့အများစုကိုလည်း ရခိုင်တပ် AA က တိုက်ခိုက်သိမ်းပိုက်နေသည်။
သံအမတ်သစ်ခန့်အပ်ရေးအတွက် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရွီကျွင်း (Deng Xijun) နှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် ဆွေးနွေးပြီးနောက် သဘောတူခဲ့သည်ဟုလည်း ယူဆနေကြသည်။
ဩဂုတ်လ ၈ ရက်နေ့သည် တရုတ်၏ဦးဆောင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့အကြား ဟိုင်ဂင်ယာယီအပစ်ရပ် ဆွေးနွေးပွဲကျင်းပရန် လျာထားသည့်နေ့ရက်ဖြစ်သော်လည်း စစ်ကောင်စီက ဆွေးနွေးပွဲမတက်ဘဲ သပိတ်မှောက်ခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်တို့က ဆိုသည်။
ထိုဆွေးနွေးပွဲမတိုင်ခင် ရက်အနည်းငယ်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ထဲသို့ မြန်မာ-တရုတ် နယ်စပ်အခြေစိုက် UWSA ‘ဝ’ တပ်ဖွဲ့များလည်း ဝင်ရောက်လာခဲ့သည်။
လားရှိုးနှင့် မြို့အခြေစိုက် စစ်တိုင်းဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ထိုဖြစ်ရပ်များ၏ နောက်ကွယ်တွင် ပြည်ပနိုင်ငံများ၏ ပယောဂမကင်းကြောင်း စစ်ခေါင်းဆောင်က ဩဂုတ် ၅ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်က မည်သည့်နိုင်ငံဟု တိုက်ရိုက်မရည်ညွှန်းသော်လည်း ထိုဒေသတွင် လှုပ်ရှားသည့် အဖွဲ့များမှာလည်း မြန်မာ-တရုတ်နယ်စပ်အခြေစိုက် အဖွဲ့များဖြစ်ကြသည်။ နယ်စပ်အခြေစိုက် လက်နက်စက်ရုံများမှ ထွက်သည့်လက်နက်များဖြင့် ၎င်းတို့တိုက်ခိုက်ခံနေရသည်ဟု ပြောကြားခဲ့သည်။
စစ်ခေါင်းဆောင်က မိန့်ခွန်းပြောပြီး နောက်တစ်နေ့တွင် တပ်ထောက်ခံသူများနှင့် အမျိုးသားရေးအစွန်းရောက်ဝါဒများက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်ကိုလည်း ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့နှင့် နေပြည်တော်တွင် တစ်ပြိုင်နက် ပြုလုပ်ခဲ့သေးသည်။ ထိုဆန္ဒပြပွဲများဖြစ်မြောက်ရန် စစ်ကောင်စီခန့် တိုင်းနှင့်ပြည်နယ်အစိုးရများက ကမကထပြုလုပ်ပေးခဲ့ကြသည်။
ဇွန်လတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ညီနောင် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ခဲ့သည်။ အဆိုပါ ထိုးစစ် စတင်ပြီး ၁၀ ရက်ကျော်လာချိန်တွင် စစ်ကောင်စီက တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သတင်းထုတ်ပြန်ခဲ့သေးသည်။
- စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရန်ကုန်နှင့်နေပြည်တော်တွင်ပြုလုပ်
- မင်းအောင်လှိုင်က ရှမ်းမြောက်စစ်ပွဲအပါအဝင် ရှုံးနိမ့်မှုများအတွက် ပြည်ပနိုင်ငံများကို အပြစ်ဖို့၊ KNU က စစ်ပွဲအသစ်စရန် ပြင်ဆင်နေသည်ဟုလည်း ညည်းတွား
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတွင်း စစ်ပွဲများ မဖြစ်စေလိုကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့ မတွေ့မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ ဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း၊ မိမိတို့သည် အမြဲတစေ မိမိတို့၏နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင် ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကို ဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း” သူက ပြောသည်ဟု ရန်ကုန် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
မစ္စ မာကျားသည် ၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် ရှန်ရှီးပြည်နယ်၊ ယုံးဂျီမြို့တွင် မွေးဖွားခဲ့ပြီး တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ကာ ၁၉၉၁ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ အာရှရေးရာဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး ရာထူးဖြင့် လုပ်ကိုင်ခဲ့သူဖြစ်သည်။
၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မစ္စ မာကျားသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ မြန်မာ၊ ဂျပန်၊ စင်ကာပူ၊ ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယ၊ ဗြိတိန်နှင့် မြောက်အိုင်ယာလန်နိုင်ငံများရှိ တရုတ်သံရုံးများတွင် သံမှူး၊ သံမှူးကြီး ရာထူးများ အပါအဝင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။