သတင်း

အနံ့ဆိုးထွက် ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ ရန်ကုန်ဝန်ကြီးချုပ်ကိုယ်တိုင် စစ်မည် 

အမှုန်နှင့် အနံ့ဆိုးများကြောင့် ဒေသခံများက ပိတ်သိမ်းရန် တောင်းဆိုထားသည့် တွံတေးမြို့နယ်မှ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။ 

ဇန်နဝါရီ ၂၈ နံနက်ပိုင်းတွင် ၎င်းကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကန်ပတ်ရိုးကျေးရွာဒေသခံများနှင့် ယမန်နေ့ (ဇန်နဝါရီ ၂၆) နံနက်ပိုင်းက တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအပါအဝင် ဝန်ကြီးနှစ်ဦးက ယနေ့ ဇန်နဝါရီ ၂၇ နေ့လယ်ပိုင်းတွင် စက်ရုံကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကုလားတန်းသုံးအိမ်ကျေးရွာ၊ တွံတေး – မအူပင်ကားလမ်းပေါ်တွင် ရှိသည့် ရွှေနဂါးဓာတ်မြေဩဇာစက်ရုံသည် သက်ဆိုင်ရာဝန်ကြီးဌာန၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ထောက်ခံချက်မရှိဘဲ လည်ပတ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ကန်ပတ်ရိုးကျေးရွာ ဒေသခံ ၂၀ နီးပါးက ဇန်နဝါရီ ၂၆ နံနက်ပိုင်းတွင် တိုင်းအစိုးရရုံးရှေ့ လာရောက်တောင်းဆိုခဲ့ကြသည်။ 

တိုင်းအစိုးရမှ ဖြေရှင်းပေးရန် စာဖြင့် တိုင်ကြားခဲ့သော်လည်း အကြောင်းမထူးသည့်အတွက် အစိုးရအဖွဲ့ရုံးရှေ့ လာရောက်တောင်းဆိုခဲ့စဉ် ဝန်ကြီးချုပ်က လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

ကန်ပတ်ရိုးကျေးရွာဒေသခံ ကိုရဲဝင်းထွဋ်က “ကျွန်တော်တို့ကတော့ အစိုးရအဖွဲ့က ရွာသားတွေဘက်ကနေ ရပ်တည်စေချင်တယ်။ ညှိနှိုင်းမယ်ဆိုရင်တောင် စက်ရုံက လက်ရှိဥပဒေကို ကျော်လွန်ပြီးတော့ လည်ပတ်ဆောင်ရွက်နေတာဖြစ်တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ထောက်ခံချက် မရှိဘဲနဲ့ လိုင်စင်တွေထုတ်ပြီး လည်နေတာဖြစ်လို့ အစိုးရက ရွာသားဘက်ကပဲ ရပ်ရမှာပါ” ဟု ပြောသည်။ 

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် မြေ ၂၇ ဧက ကို တစ်နှစ်လျှင် သိန်း ၆၀၀ ကျော်ဖြင့် ၂၀၁၇ မှ ၂၀၂၂ အထိ ငှားရမ်းပြီး လုပ်ဆောင်နေခြင်းဖြစ်သည်။

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ စတင်လည်ပတ်သည့် ၂၀၁၉ နှစ်လယ်ပိုင်းမှစ၍ စက်ရုံအနီး ကျေးရွာများမှာ အနံ့ဆိုးဒဏ်ခံနေရပြီး၊ စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကန်ပတ်ရိုးကျေးရွာ သောက်သုံးရေကန် ညစ်ညမ်းကာ သောက်သုံးရေ အခက်အခဲဖြစ်နေသောကြောင့် စက်ရုံ ပိတ်သိမ်းပေးရန် ဒေသခံများက တိုင်းအစိုးရကို ဒီဇင်ဘာလအတွင်း တောင်းဆိုခဲ့ကြသည်။

“အနံ့က နံတာနဲ့ ဇက်ကြောကြီး တက်ပြီး မစားနိုင်၊ မသောက်နိုင်နဲ့ အန်တာ။ နံတဲ့အခါကျရင် ခြင်ထောင်အပိတ်ကို ထောင်လည်း မရဘူး။ ရုပ်သေးကြိုးပြတ်ကို ခံစားရတာ” ဟု ကန်ပတ်ရိုးကျေးရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်စန်းရင်က ပြောသည်။

ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇန်နဝါရီ ၁၀ တွင် စက်ရုံကို ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် မြေငှားစာချုပ်ပါအချက်များကို ကျော်လွန်လုပ်ကိုင်နေ၍ လုပ်ငန်းများ ရပ်ဆိုင်းထားရန် စက်ရုံကို အကြောင်းကြားထားသည်။ 

မြေနေရာ ငှားရမ်းစဉ်က ဓာတ်မြေဩဇာ တင်ချခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းတို့အတွက် ငှားရမ်းခဲ့ခြင်းဖြစ်သော်လည်း ရောစပ်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုပ်ပိုးခြင်းစသည့် ဓာတ်မြေသြဇာ ထုတ်လုပ်မှုလုပ်ငန်းစဉ်တို့ကို ကျော်လွန်လုပ်ဆောင်နေသည့်အတွက် လုပ်ငန်းရပ်ဆိုင်းထားရန်  ဇန်နဝါရီ ၁၅ ကတည်းက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာန (DWIR) မှ စက်ရုံအား ညွှန်ကြားခဲ့သည်။ 

ယင်းလုပ်ငန်းအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထောက်ခံချက်တင်ပြရန် တောင်းခဲ့သော်လည်း စက်ရုံဘက်က တင်ပြလာခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောသည်။ 

၎င်း ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ ပိတ်သိမ်းပေးရန်၊ စက်ရုံအမှုန်များကြောင့် ပျက်စီးခဲ့သည့် သောက်သုံးရေကန် ပြန်လည်ပြုပြင်ပေးရန်နှင့် ယင်းစက်ရုံအား အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။

ဓာတ်မြေသြဇာသိုလှောင်ရုံအဖြစ်သာ သိရှိခဲ့ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး သေချာမသိရသည့်အတွက် စက်ရုံတည်ဆောက်ခြင်းကိုသဘောတူကြောင်း လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

Related Articles

Back to top button