သတင်း

တော်လှန်ရေးအင်အားစုကို ကူညီမှု စပေးရန် အမေရိကန်အမတ်များတောင်းဆို

လွန်ခဲ့သည့် ၂ နှစ်က ကူညီရန် ပြဋ္ဌာန်းလိုက်သည့် ဥပဒေအတိုင်း တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့ရန် အထက်လွှတ်တော်မှ ဩဇာကြီးအမတ်များက အမေရိကန်အစိုးရကို တိုက်တွန်းလိုက်သည်။

အမေရိကန်၏ အထောက်အပံ့ကို တော်လှန်ရေးအင်အားစု မရရှိကြသေးသဖြင့် ပိုမိုကူညီနိုင်မည့် မူဝါဒချမှတ်ရန် အမေရိကန်အထက်လွှတ်တော်အမတ်များက အမေရိကန်အစိုးရကို တိုက်တွန်း တောင်းဆိုလိုက်သည်။

ဒီမိုကရက်နှင့် ရီပါပလစ်ကန် ပါတီကြီးနှစ်ရပ်လုံးမှ ဩဇာကြီး အထက်လွှတ်တော်အမတ်များဖြစ်ကြသော Benjamin Cardin နှင့် Mitch McConnell တို့ ဦးဆောင်လက်မှတ်ရေးထိုးပြီး နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ (USAID) အကြီးအကဲတို့ထံ ဇူလိုင် ၂၉ ရက်စွဲဖြင့် ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ထိုသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်က အကူအညီပေးမည့် BURMA Act ဥပဒေကို ရည်ညွှန်းကာ ထိုဥပဒေပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်မှု နှောင့်နှေးနေသည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

BURMA Act ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း သမ္မတ Joe Biden က အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်။ ဥပဒေ၏ သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ ထိုဥပဒေအရ ယခုနှစ် မြန်မာ့ဒီမိုကရေစီအရေးအတွက် အကူအညီများ ပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် သုံးစွဲရမည်ဟု ဖော်ပြထားသည်။

သို့သော် လွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေပါ “သေစေနိုင်သောလက်နက် မဟုတ်သည့် အကူအညီ” (Non-lethal Assistance)  ဟူသော အသုံးအနှုန်းကို ကျဉ်းမြောင်းစွာအဓိပ္ပာယ်ဖွင့် လုပ်ကိုင်နေခြင်းကြောင့် အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုများ နှေးကွေးနေသည်ဟုလည်း ပေးစာတွင် ဖော်ပြသည်။

လက်နက်မဟုတ်သော အကူအညီများတွင် ဆေးပစ္စည်းများ၊ ကျည်ကာများ၊ လေကြောင်းတိုက်ခိုက်မှု ကြိုတင်အချက်ပေးစနစ်၊ ဒရုန်းခွင်းစက်များက စစ်ကောင်စီကို ခုခံနေသည့် အင်အားစုများကို အကာအကွယ်ပေးနိုင်သည်ဟုလည်း အမေရိကန်အထက်လွှတ်တော်အမတ်များက ဆိုသည်။

ထိုလုပ်ပိုင်ခွင့်များကို လွှတ်တော်က ခွင့်ပြုထားသော်လည်း သမ္မတဘိုင်ဒင်အစိုးရသည် မူဝါဒဆုံးဖြတ်ချက်အရ အဆိုပါ အသက်ကယ်အထောက်အပံ့များကို မပေးခြင်းဟု နားလည်ထားကြောင်းလည်း အထက်လွှတ်တော်အမတ်များက ဆိုသည်။ ထိုမူဝါဒကို ပြန်လည်စဉ်းစားရန်လည်း အစိုးရကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအတွင်း စစ်ရှောင်ဒုက္ခသည် ၃ သန်းခွဲနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ ၁၈ သန်းခန့်ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇူလိုင်လ ပထမပတ်အတွင်း ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများလည်းရှိနေရာ ပြည်သူတို့၏အသက်ကို ကာကွယ်ရေးအတွက် လေကြောင်းရန်ကြိုတင်အသိပေးစနစ်၊ ဒရုန်းခွင်းစက်များ လိုအပ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။

“ကျွန်တော်တို့မှာ ကာကွယ်ဖို့ မရှိဘူးဖြစ်နေတယ်၊ လုံလုံလောက်လောက် မရှိဘူးဖြစ်နေတာ၊ ဥပမာဆိုရင် လေကြောင်းရန်ကို ကာကွယ်ဖို့၊ ဒရုန်းတွေကို ကာကွယ်ဖို့၊ ဒီလိုကာကွယ်နိုင်ဖို့ကို အသိပေးတဲ့ ကြိုတင်အသိပေးနိုင်တဲ့စနစ်တွေ အဓိက လိုအပ်နေတယ်” ဟု ဦးကျော်ဇော်က ပြောသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှ စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူ အယောက် ၂၀ ကျော်၏ နာရေးအစီအစဉ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က လိုင်ဇာသုသာန်တွင် ပြုလုပ်ခဲ့သည်။

အလားတူ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် နယ်မြေများတွင် အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ရန် လိုအပ်သည့် အထောက်အကူပြုပစ္စည်း၊ နည်းပညာများ လိုနေသည်ဟုလည်း ဦးကျော်ဇော်က ဆိုသည်။

“ဒါတွေက လက်နက်မပါတဲ့ အကူအညီတွေပါ။ စတိမဟုတ်ဘူး၊ ထိထိရောက်ရောက်နဲ့ အမြောက်အမြားပေးဖို့ လိုအပ်တယ်၊ အရပ်သားပြည်သူရဲ့ အသက်ကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ဒရုန်းခွင်းစနစ်တို့၊ ဆေးဝါးပစ္စည်းတွေ အဲ့ဒါတွေကို ပေးဖို့ အထူးသဖြင့် လိုအပ်နေတယ်” ဟု သူက ပြောသည်။

လွှတ်တော်က ရေးဆွဲခဲ့သည့် Burma Act တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် အဖွဲ့များ၏ ဆက်သွယ်ရေးနှင့် အမိန့်ပေးထိန်းချုပ်မှုများ အားကောင်းစေရန် နည်းပညာအကူအညီနှင့် လက်နက်မဟုတ်သော အကူအညီများပေးရန် ပြဋ္ဌာန်းချက်များ ပါဝင်သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချပြီး၊ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ဖော်ဆောင်ရန် ပြည်သူနှင့်အတူ ပူးပေါင်းလာကြသော CDM စစ်သားများအတွက် ထောက်ပံ့ရေးအစီအစဉ်များလည်း ပါဝင်သည်။

Burma Act အရ ၂၀၂၃၊ ၂၀၂၄ ခုနှစ် ဘဏ္ဍာငွေခွဲဝေရာတွင် လက်နက်မဟုတ်သော အကူအညီများအတွက် ၂၅ သန်း၊ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အစီအစဉ်များအတွက် ၁၀ သန်း၊ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များအတွက် ၇၅ သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် CDM စစ်သားများအတွက် ၁ ဒသမ ၅ သန်းစီ သတ်မှတ်ထားသည်။

အဖွဲ့အစည်းများကို လက်နက်မဟုတ်သည့် အကူအညီများပေးရန် Burma Act က ပြဋ္ဌာန်းထားသော်လည်း အမေရိကန်နိုင်ငံခြားရေးဌာနနှင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID တို့သည် လူသားချင်းစာနာမှုအကူအညီမှတစ်ပါး အခြားအကူအညီများ ပေးမနေကြောင်း အမေရိကန်အခြေစိုက် Stimson မူဝါဒလေ့လာရေးဌာန၏ သုတေသီ Sydney Tucker ၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။

သို့သော်လည်း ဩဇာကြီးလွှတ်တော်အမတ်များ၏ လတ်တလော တိုက်တွန်းတောင်းဆိုမှုကြောင့် အကူအညီပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်မည်ကို မျှော်လင့်နိုင်သည်ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။

“အစိုးရပိုင်းက အလေးထားပြီးတော့ ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်၊ အမေရိကန်အစိုးရအနေနဲ့ ပိုမိုထိရောက်တဲ့ အကူအညီတွေ ပိုမိုထိရောက်ပြီး လုံလောက်တဲ့အကူအညီတွေပေးဖို့ တောင်းဆိုစာကနေပြီး အထောက်အကူပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

အမေရိကန် အဓိကပါတီကြီးနှစ်ခုမှ ဩဇာရှိ အထက်လွှတ်တော်အမတ်များ၏ အိတ်ဖွင့်ပေးစာသည် လွှတ်တော်နှင့် အစိုးရအကြား Burma Act ကို အကောင်အထည်ဖော်ရာတွင် အမြင်သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ပေါ်လွင်ထင်ရှားလာသည်ဟု Myanmar Now ၏ သုတေသနဆောင်းပါးရှင် သုတဇော်ကလည်း မှတ်ချက်ပြုသည်။

“၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း Burma Act ပြဋ္ဌာန်းလိုက်တော့ ဒီဥပဒေကြောင့် မြန်မာ့တော်လှန်ရေးအင်အားစုတွေအကြား အတော်လေး မျှော်လင့်ချက် ကြီးမားခဲ့ပါတယ်။ တကယ့်လက်တွေ့မှာတော့ ယနေ့အချိန်ထိ Burma Act အရ NUG, EROs နဲ့ PDFs တွေကို အမေရိကန်အစိုးရက တိုက်ရိုက်ထောက်ပံ့တာ ဒေါ်လာ တစ်ပြားတစ်ချပ်မှ မရှိသေးပါဘူး” ဟု သုတဇော်က ဆိုသည်။

Show More

Related Articles

Back to top button