
တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ စတင်မီ ရက်ပိုင်းအလို၌ ပြုလုပ်ရန်ရှိသော “တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်” လှုပ်ရှားမှုကို အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းပါက အသက်ပေးမည်ဟု ကြွေးကြော်ထားသည့် အမျိုးသားရေးသမားဆိုသူ မင်းသားကြီးနှင့် ၎င်း၏ ညီဖြစ်သူကို ထိန်းသိမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က Myanmar Now ကို အတည်ပြုသည်။
“မင်းသားကြီး(ခ)အောင်ဆန်းဦးနဲ့ သူ့ရဲ့ညီကို ရဲတပ်ရင်း ၁၇ မှာ စစ်ဆေးနေပါတယ်။ အမှုဖွင့်မဖွင့်တော့ မပြောနိုင်သေးဘူး”ဟု ဒက္ခိဏသီရိမြို့နယ်၊ ပေါက်တောရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
၎င်းတို့နှစ်ဦးကို ရန်ကုန် – မန္တလေးအမြန်လမ်း၊ နေပြည်တော်အဝင်အထွက်ဂိတ်၊ မိုင်တိုင် ၂၀၃ မိုင်အနီးရှိ ရာဇအောင်မြေတောရကျောင်းသာသနာပြုစခန်းသို့ ရောက်ရှိနေစဉ် ယနေ့ (ဇန်နဝါရီ ၂၂) မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ည ၉ နာရီကျော်တွင် “ဇာတိမန်” အမည်ရ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ကိုယ့်ကိုယ်ကိုယ် မင်းသားကြီးဟု မိတ်ဆက်သူတစ်ဦးက တစ်နာရီကျော်ကြာသည့် ဗီဒီယိုဖိုင်တစ်ခု လွှင့်တင်ခဲ့သည်။
အဆိုပါဗီဒီယိုတွင် နေပြည်တော်၌ ပြုလုပ်ရန်ရှိသည့် “တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်” ဟူ သောလှုပ်ရှားမှုတွင် ပါဝင်ရန် တစ်နိုင်ငံလုံးမှ လာရောက်မည့်သူများအတွက် ရာဇအောင်မြေတောရကျောင်းသာသနာပြုစခန်းတွင် နေရာထိုင်ခင်း၊ စားရေးသောက်ရေး စီစဉ်ထားသည်ဟု မင်းသားကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
“၂၉ရက်နေ့မှာ နေပြည်တော်မှာကျင်းပမယ့်ပွဲ၊ တစ်နိုင်ငံလုံးကနေ လာရောက်ကြမယ့် တပ်မတော်ကို လေးစားအားကိုးယုံကြည်တဲ့ ရဟန်းရှင်လူပြည်သူတွေ သွေးမြေမကျအောင် ကျွန်တော်မင်းသားကြီး ဝန်းရံပါမယ်။ ဒီအပေါ်မှာ ကျွန်တော် အသက်ပေးရင်ပေးလိုက်ရပါစေ။ တစ်နိုင်ငံလုံးက ရောက်လာမှ ရဟန်းရှင်လူပြည်သူတွေကို မည်သို့သောပုဂ္ဂိုလ်ကမှ အနှောင့်အယှက်ပေးလို့မရအောင် ကျွန်တော် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပါမယ်” ဟု မင်းသားကြီးဆိုသူက အဆိုပါဗီဒီယိုတွင် ပြောခဲ့သည်။
ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို “အဖေ”ဟု ရည်ညွှန်းပြောဆိုလေ့ရှိသူ မင်းသားကြီးက ပြည်ထဲရေးဝန်ကြီးဌာန မည်သို့ကိုင်တွယ်မည်ကို မြန်မာနှင့် ကမ္ဘာပါ သိရတော့မည်ဖြစ်ကြောင်းလည်း အဆိုပါဗီဒီယိုတွင် ထည့်သွင်းပြောဆိုထားသည်။
မင်းသားကြီးနှင့် ၎င်း၏ညီကို ဖမ်းဆီးစစ်ဆေးနေပြီဆိုသော်လည်း တပ်မတော်ကို ထောက်ခံသည့် အထက်ပါလှုပ်ရှားမှုကို ဦးဆောင်စီစဉ်သူအဖြစ် ကျော်ကြားနေသည့် ဝရမ်းပြေး မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီးရမိခြင်း ရှိမရှိကိုမူ ရဲတပ်ဖွဲ့က အတည်ပြုချက် မပေးသေးပေ။

‘တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်’ ဆိုသော လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် မိုက်ကယ်ကျော်မြင့် ဦးဆောင်စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းကိုယ်တိုင် အတွင်းရေးမှူးတာဝန်ယူထားသည့် အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ တာဝန်ရှိသူများက Myanmar Now ကို ထုတ်ဖော်ပြောဆိုထားကြသည်။
နေပြည်တော်၌ တပ်မတော်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်ရန် ဦးဆောင်နေသူ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စီမှု ပုဒ်မ ၁၂၄ – က ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုပြုလုပ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
မိုက်ကယ်ကျော်မြင့်ကို ခွင့်ပြုချက်မဲ့ တစ်ကိုယ်တော်ဆန္ဒပြမှုဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်းကလည်း ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီ ၁၂ တွင် အမှုဖွင့်တရားစွဲဆိုထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရဲစခန်းကလည်း မိုက်ကယ်ကျော်မြင့်ကို အစိုးရကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလဖြစ်သည့် အောက်တိုဘာလတွင် အမှုဖွင့်တရားစွဲဆိုထားသဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။
အမျိုးသားရေးသမားဆိုသူများ မူလကြေညာထားသည့် အစီအစဉ်အရ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သပြေပင်ရွာထိပ်၌ လူထုအစည်းအဝေးပြုလုပ်ရန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူရန် ဖြစ်ကြောင်း သိရသည်။