သတင်း

အထိန်းသိမ်းခံ ရတနာပုံကျောင်းသားတို့ကို ဝန်းရံသူ များပြား

ကျောင်းလုံခြုံရေးနှင့် သန့်ရှင်းရေးအတွက် တောင်းဆိုဆန္ဒပြရာမှာ အထိန်းသိမ်းခံထားရသည့် ရတနာပုံ တက္ကသိုလ်မှ ကျောင်းသားများကို  ဇန်နဝါရီ ၁၁ နံနက်ပိုင်းက အမရပူရမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ မြို့အသီးသီးမှ ကျောင်းပေါင်း ၃၇ ကျောင်းမှ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ လာရောက် ဝန်းရံ အားပေးကြသည်။

မတရားပြုခံနေရသည်ဟု ယုံကြည်သဖြင့် ဝန်းရံခြင်း ဖြစ်သည်ဟု ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ အထွေထွေ အတွင်းရေးမှူး ကိုသက်မောင်မောင်က ပြောသည်။

“ကျောင်းသားတွေဟာ ညှိနှိုင်းဖြေရှင်းမှုတွေ အဆင့်ဆင့် လုပ်ခဲ့တယ်။ သက်ဆိုင်ရာ ကျောင်းအာဏာပိုင်တွေနဲ့ အစိုးရကို သွားရောက်တွေ့ဆုံတယ်၊ အဲဒီအခါ ဟိုလူ့လွှဲချ ဒီလူ့လွှဲချနဲ့ လုပ်တယ်။ ကျောင်းလုံခြုံရေးဆိုတာ ဒီတစ်ကျောင်းတည်းမှ မဟုတ်ဘူး၊ မြို့ပြင်ထုတ်ခံထားရတဲ့ ကျောင်းတိုင်းမှာ လိုအပ်နေတာ၊ သူတို့တောင်းဆိုတာ မမှားဘူး” ဟု ကိုသက်မောင်မောင်က ပြောသည်။

ဒီဇင်ဘာလတွင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေတို့ အဖမ်းခံရပြီး ဇန်နဝါရီလဆန်းတွင် အခြား ၄ ဦး အဖမ်းခံရခြင်း ဖြစ်သည်။ 

ကျောင်းသားများသည် ဒီဇင်ဘာလက တိုင်းအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တို့၏ ဓာတ်ပုံများ ကပ်ထားသော စက္ကူခေါင်းတလားတို့ကို ကျောင်းသားတချို့ မီးရှို့ဆန္ဒပြရာ ထိန်းသိမ်းခံရပြီး ၎င်းတို့ကို ဝေဖန်ကန့်ကွက်မှုများလည်း ရှိနေသည်။

တရားရုံးသို့ ရောက်လာသော ကိုနောင်ထက်အောင်ကလည်း သက်ဆိုင်သူတို့ လျစ်လျူရှုခဲ့ခြင်းကြောင့် ကျောင်းသားတို့သည် စိတ်ခံစားမှုအရ မီးရှို့ဆန္ဒပြခြင်း ဖြစ်သည်ဟု ပြောသည်။

“ကျောင်းက မဖြေရှင်းပေးတဲ့အတွက်  တိုင်းအစိုးရကို သွားတောင်းဆိုတော့လည်း လျစ်လျူရှုခံခဲ့ရပြီး ခု ဒါမျိုးဖြစ်လာမှ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးတယ်။ ဒါ့ကြောင့် ကျောင်းသားသမဂ္ဂတွေ အားလုံးက ရပ်တည်ကြောင်း ရန်ကုန်ကနေ လာပြရခြင်းဖြစ်တယ်” ဟု ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောသည်။

လာရောက် ဝန်းရံသော ကျောင်းသားတို့က တရားရုံးအတွင်း “မတရား ဖမ်းဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ်” ဟု ကြွေးကြော်ခဲ့ကြပြီး မန္တလေးမြို့တွင်း ချီတက် လမ်းလျှောက်ကာ မဟာမုနိဘုရား အထိ ဆန္ဒပြကြသည်။

ဆန္ဒပြသူတို့ မဟာမုနိဘုရားအရောက်တွင် ရဲတပ်ဖွဲ့က တားဆီးကာ ဥပဒေအတိုင်း ဆန္ဒထုတ်ဖော်ရန် ပြောဆိုပြီး ဆန္ဒပြမှုကို ရပ်တန့်စေခဲ့သည်။

ဖမ်းဆီးခံကျောင်းသား ၃ ဦးကို  မီးရှို့မှု၊  ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉၊ အားပေးအားမြှောက်ပြုမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် အမှုဖွင့်ထားသည်ဟု ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

တရားစွဲခံနေရသူတစ်ဦးဖြစ်သည့်  ကိုသီဟရဲကျော်က ကျောင်းအတွင်း ဆိုင်ကယ်ပျောက်ခြင်းကဲ့သို့သော အမှုများအတွက် လိုအပ်သည့် လုံခြုံရေး  အစီအစဉ်များ ပေါ်ပေါက်ရေးအတွက် ဆက်လက် တောင်းဆိုမည်ဟု ပြောသည်။

“ကျွန်တော်တို့ကို ထောင်ထဲ ထည့်လိုက်လို့ မြို့ပြင်ကျောင်းတွေ လုံခြုံပြီလား။ လုံးဝ လုံခြုံသွားပြီ၊ အာမခံနိုင်တယ်ဆို ထောင်ထဲမှာ ဘယ်လောက် ထည့်ထား ထည့်ထား၊ နေရ နေရ ကျွန်တော်တို့ နေနိုင်တယ်” ဟု ဖမ်းဆီးခံထားရသည့် ရတနာပုံတက္ကသိုလ်မှကိုသီဟရဲကျော်က ပြောသည်။

ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်ကမူ ဆိုင်ကယ်ပျောက်ဆုံးမှုများသည် အခမဲ့ ရပ်နားနိုင်သည့် နေရာများတွင်သာ ပေါ်ပေါက်ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

ရပ်နားခ တစ်ရက် ၁၀၀ ပေးရသည့် နေရာတွင် အပ်နှံပါက ထိုအမှုများ ပေါ်ပေါက်မည် မဟုတ်ကြောင်း၊ ပျောက်ဆုံးပါကလည်း လျော်ကြေးပေးကြောင်း ပါမောက္ခချုပ်က ပြောသည်။

 

Related Articles

Back to top button