သတင်း

ရတနာပုံတက္ကသိုလ်မှ CDM ဆရာတစ်ဦး အိမ်ပြန်ချိန်တွင် ဖမ်းဆီးခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေပြီး ဝရမ်းထုတ်ခံထားရသည့် မန္တလေး ရတနာပုံတက္ကသိုလ်မှ လက်ထောက်ကထိက ဦးမျိုးမြင့်အောင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) နေ့လယ် ၁ နာရီခန့်က နေအိမ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်သား ၂၀ ခန့်က အမရပူရမြို့နယ် တောင်သမန်ရပ်ကွက်၊ ထန်းတောရပ် ရွာလည်ဓမ္မာရုံအနီးရှိ ၎င်း၏ နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ရုက္ခဗေဒဌာနမှ အသက်(၃၀)အရွယ် ဦးမျိုးမြင့်အောင်ကို အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကတည်းက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက ဝရမ်းထုတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ 

“သူက ရတနာပုံတက္ကသိုလ် ဆရာဆရာမတွေထဲမှာ အငယ်ဆုံးနှစ်ဦးထဲက တစ်ဦးပေါ့။ သူက ဝရမ်းထုတ်ခံထားရတာ ကြာပြီ။ ကြာတော့ ခုလို အိမ်ပြန်နေရင်းကနေ မနေ့ကကျတော့ ဖမ်းခံလိုက်ရတာ” ဟု ရတနာပုံတက္ကသိုလ် ဆရာတစ်ဦးက ဆိုသည်။ 

အကြမ်းဖက်ရိုက်နှက်ခေါ်ဆောင်သွားခြင်း မဟုတ်သော်လည်း မည်သည့်နေရာတွင် မည်သို့ စစ်ဆေးမေးမြန်းနေသည်ကို မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ်မရ၍ စိတ်ပူနေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တက္ကသိုလ်ဆရာက ဆက်ပြောသည်။  

စစ်ကောင်စီက ရတနာပုံတက္ကသိုလ်မှ ပါမောက္ခ၊ ကထိကနှင့် ဆရာဆရာမ အများအပြားကို ဖမ်းဆီးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်ဟု သိရသည်။

အာဏာသိမ်းသည့်လမှာပင် စစ်ကောင်စီက ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကို ကျောင်းတွင် ဝင်ရောက်ရှာဖွေသော်လည်း မတွေ့ခဲ့ကြောင်း၊ ငွေကြေးနှင့် ကွန်ပျူတာများကို သိမ်းယူသွားခဲ့သည်ဟု သိရကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။ 

လက်ထောက်ကထိကဆရာကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အမရပူရရဲစခန်းနှင့် စစ်ကောင်စီထံ မေးမြန်းရန် အဆက်အသွယ်မရသေးပေ။ 

စစ်ကောင်စီက ဒေါက်တာတင်မိုးသူဇာကို တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် ခန့်ထားပြီး ၎င်းနှင့်အတူ ဆရာဆရာမ ဝန်ထမ်း(၄၅၁)ဦးတို့ တာဝန်ထမ်းဆောင်နေသည်ဟု CDM ဆရာဆရာမများထံမှ သိရသည်။ 

“အားလုံးညီခဲ့ကြပါတယ်။ ကျောင်းက အခုတက်တဲ့သူ သိပ်မရှိသလောက်ပဲ။ ကျောင်းသားကျောင်းသူပေါင်း တစ်သောင်းကျော်ရှိတာမှာ တစ်ကျောင်းလုံးမှ အခု ၃၀၀ လောက်ပဲ တက်ကြတာ တွေ့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုကျောင်းဆရာမက ဆိုသည်။ 

ကျောင်းတက်သူများထဲတွင် ကျောင်းသား(၃၈)ဦး ကျောင်းသူ(၂၃၄)ဦး ပါဝင်သည်ဟု ဆိုသည်။

ယင်းတက္ကသိုလ်၏ ဂိတ်စောင့်တပ်သားတို့ကို ဒေသကာကွယ်ရေးအဖွဲ့များက သုံးကြိမ်ထက်မနည်း ဗုံးပစ်တိုက်ခိုက်ခဲ့ဖူးသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button