သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်တပ်၏ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ဇူလိုင် ၂၃ ရက်က စတင်ပြီး စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်‌ခဲ့ရာ သံဃာတစ်ပါး အပါအဝင် လေးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရသည်။

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ဇူလိုင် ၂၃ ရက်က စတင်ပြီး စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်‌ခဲ့ရာ သံဃာတစ်ပါး အပါအဝင် လေးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရသည်။

မြို့အနောက်ဘက်ခြမ်းရှိ ငလှိုင်တွင်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တိုက်ခိုက်ရာ သံဃာတစ်ပါးနှင့် ဒေသခံ သုံးဦး သေဆုံးခဲ့သည်ဟု မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဗုံးသီးတွေနဲ့ စက်လတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တယ်။ ဘာသာရေးအဆောက်အအုံဖြစ်တဲ့ ဘုန်းကြီးကျောင်းကတော့ အမိုးတွေ ပွင့်သွားတယ်”

ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် ဒဏ်ရာရသူများ အခြေအနေအသေးစိတ်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဇူလိုင် ၂၄ ရက်နေ့တွင်လည်း ငလှိုင်တွင်းအနီးရှိ ကျေးရွာများနှင့်၊ ပုသိမ် – မုံရွာလမ်းဝန်းကျင်ရှိ ဝန်ရ၊ ကံကုန်းနှင့် ခေါင်းကူးရွာများ၊ ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက်ပိုင်းတွင် စလင်းမြို့နှင့် အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်သည်ဟု သိရသည်။

ပုသိမ် – မုံရွာလမ်းပေါ်ရှိ စလင်းချောင်းကူးတံတားတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၃ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုနေ့ ညနေပိုင်းမှစပြီး မြို့အနောက်ဘက်ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများလုပ်နေခြင်းဖြစ်သည်ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ထို့ဒေသတွင် တော်လှန်ရေးအင်အားစုများ တပ်စွဲထားသည်ဟု ယူဆပြီး လေကြောင်းတိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိုင်နေလိမ့်မယ်လို့ ယူဆတာ တစ်ကြောင်းလည်း ပါမှာပေါ့။ ဒါကတော့ ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေနေထိုင်တဲ့နေရာ ပြည်သူတွေနေထိုင်တဲ့နေရာကို ရည်ရွယ်ချက်ရှိရှိလုပ်တာ အကြမ်းဖက်တိုက်ခိုက်တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စလင်းမြို့နှင့် စေတုတ္တရာနယ်စပ်ရှိ ရေနံထွက်ရှိရာ ငလှိုင်တွင်းရွာတွင် အင်အား ၄၀ နီးပါးဖြင့် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေ ၈ ရက်နေ့တွင် စခန်းစွန့် ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။

စလင်းမြို့နယ်၊ ငလှိုင်တွင်းဒေသတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်ကုမ္ပဏီ North Petro Chem Corporation ကုမ္ပဏီတို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး စာချုပ်ချုပ်ဆိုပြီး ၂၀၁၀ ခုနှစ်မှစတင်ကာ ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

သို့ရာတွင် စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် လုပ်ကွက်ပြန်အပ်ပြီး လုပ်ငန်းများ ရုပ်သိမ်းသွားသည်မှာ ၇ နှစ်ခန့်ရှိပြီဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒေသခံများနှင့် အခြားဒေသမှ လက်ယက်တွင်းများဖြင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည့် အခြေအနေဖြစ်ကြောင်း အထက်ပါ အရာရှိက ဆိုသည်။

“လက်ယက်တွင်းကတော့ ပုဂ္ဂလိက တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြတဲ့ အခြေအနေပါပဲ” ဟု သူက ဆိုသည်။

ငလှိုင်တွင်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် တွင်းလုပ်သားများ မရှိသည့်နည်းတူ ထုတ်လုပ်နိုင်ခြင်းလည်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်းတွင်၊ ပြည်ထောင်စုအဆင့် စီမံခန့်ခွဲသည့် နိုင်ငံပိုင်ရေနံမြေ ၇ ခုအနက် တစ်နေ့လျှင် ရေနံစည် ရာနှင့်ချီထုတ်လုပ်နိုင်သော ပေါက်နှင့် မြိုင်မြို့ကြားရှိ လက်ပံတိုရေနံမြေကို ယခုနှစ် ဧပြီလကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စလင်းမြို့သည် စစ်တပ်လေယာဉ်ဗုံးနှင့် ဗုံးသီးများ ထုတ်လုပ်သည့် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံတည်ရှိရာ ဆိတ်ဖြူမြို့၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ထုတ်လုပ်သည့် ကပစ ၂၀ တည်ရှိရာ စေတုတ္တရာမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မြေပြင်တွင်လည်း စလင်းမြို့နယ်အတွင်း ဇွန်လကုန်ပိုင်းမှ စတင်ကာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပုသိမ် – မုံရွာလမ်းပေါ်ရှိ သစ်ခေါက်တောင်တွင် စစ်တပ်က အခြေချထားကြောင်း သိရသည်။

စလင်းမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ် – မုံရွာလမ်းပိုင်းသည် ဆိပ်ဖြူ ကပစမှ ထုတ်လုပ်သည့် ခဲယမ်းများ သယ်ယူရေးအတွက် အရေးပါသည့် လမ်းကြောင်းဖြစ်သည်။ ထိုလမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စလင်းမြို့နယ်အတွင်း လေကြောင်းရန်ကြောင့် ငလှိုင်တွင်း အပါအဝင် အနီးအနားကျေးရွာများနှင့် ဘေးလွတ်ရာ ခိုလှုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button