သတင်း

တပ်စခန်းများ ရွာအနီးမှ ရုပ်သိမ်းပေးရန် ကျောက်တော်တွင် ဆန္ဒပြ

အပစ်ရပ်နေသောကာလအတွင်း နေရပ်ပြန်လိုကြသဖြင့် ရွာအနီး တပ်စွဲထားသော တပ်မတော်စခန်းများ ရုပ်သိမ်းပေးရန် စစ်ရှောင် လူဦးရေ ၅၀ ခန့်က ယနေ့ (ဇန်နဝါရီ ၁၉) တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မဟာကံကြီးရှင်ဘုရားဝင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ပြီးခဲ့သည့်နှစ် မတ်လက လူဦးရေ ၈၀၀ ခန့်နေထိုင်သည့် မာလာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံများမှာ မဟာကံကြီးရှင်ဘုရားပရိဝုဏ်နှင့် အခြားစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံခဲ့ကြသည်။

ရွာအနီး တောင်ကုန်းတွင် တပ်မတော်က တပ်စွဲနေသောကြောင့် ရွာသို့ မပြန်ရဲကြသည့်အပြင် ရွာတွင် ကျန်ရှိနေသည့် ဆန်၊ စပါး၊ အသုံးအဆောင်၊ အဝတ်အထည် စသည်တို့ကို သွားရောက် ယူဆောင်ရန်လည်း မဝံ့ရဲကြကြောင်း မာလာကျေးရွာမှ ဒေါ်မစံအေးက ပြောသည်။ 

“ကိုယ့်ရွာက ပစ္စည်းတွေကို ယူလို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့က လူလာရင်ပစ်တယ်။ ပြေးရတယ်။ ဒါကြောင့်မသွားရဲဘူး” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ နှစ်အတွင်း တပ်မတော်သည် AA  လက်နက်ကိုင်အဖွဲ့နှင့် အဆက်မပြတ် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပစ်ရပ်ခဲ့သည်မှာ မကြာသေးပေ။

တိုက်ပွဲများရှိစဉ်က တပ်မတော်သည် ဒေသခံတို့ကို AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုခြင်း၊ တစ်ခါတစ်ရံ ပစ်ခတ်ခြင်းတို့ကြောင့် ရွာအနီး တပ်စခန်းများချထားသည်ကို ဒေသခံတို့က စိုးရိမ်ကြောက်လန့်နေကြခြင်း ဖြစ်သည်။ 

မာလာကျေးရွာမှ ဒေသခံများသည် စစ်ဘေးရှောင်စခန်းတွင် အလုပ်လက်မဲ့ဘဝဖြင့် နေထိုင်လာသည်မှာ ၁၀ လ ခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုဒုက္ခအမျိုးမျိုးတို့ကို တွေ့ကြုံခံစားနေရသည်။ 

စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရွာတွင် ကျန်ရှိလိုက်သည့် ဆန်၊ စပါး ၊ ကျွဲ၊ နွားစသည်တို့ကို ယူဆောင်ခွင့်ပြုရန် ရွာသူ၊ ရွာသားများက လက်မှတ်ထိုးပြီး ဒီဇင်ဘာ ၃၀ က ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုထံ စာပေးပို့တင်ပြခဲ့သည်။

သို့သော် ပြည်နယ်အစိုးရထံမှ အကြောင်းပြန်ကြားခြင်း မရှိဟု ဦးဆောင်သူ ကိုဇော်ဝင်းက ယနေ့ ပြောသည်။

“ပစ္စည်းတွေကို ယူလိုက်တယ်ဆိုရင် စစ်ဘေးရှောင်စခန်းမှာ ကြုံကြိုက်နေရတဲ့အခက်အခဲတွေကို အနည်းငယ် ပြေလည်သွားမယ်။ ဒါကြောင့် ယူဖို့ကြိုးစားတယ်။ ဒီဇင်ဘာ ၃၁ က ပြည်နယ်အစိုးရဆီကို အသနားခံစာပေးပို့တယ်။ အခုထိ ထူးခြားမှု မရှိဘူး။ ဒါကြောင့် ဆန္ဒထုတ်ဖော်တာ”ဟု ၎င်းက ဆိုသည်။

စစ်ရှောင်များက ” တပ်မတော်တိုးချဲ့စစ်အင်အားနှင့် စစ်စခန်းများအား ချက်ချင်းရုပ်သိမ်းပေး၊ ရွာသားပိုင် ပစ္စည်းများကို ရွာသားများအား လွတ်လပ်စွာသယ်ယူခွင့် ချက်ချင်းပေး၊ ရွာသားများအား ရွာသို့ လွတ်လပ်စွာ သွားလာခွင့် ချက်ချင်းပေး၊ ရွာနှင့် အနီးဝန်းကျင်၌ မြှုပ်ထားသော မြေမြှုပ်မိုင်းများအား ချက်ချင်းဖယ်ရှားပေး” စသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကိုယ့်ရွာကို ပြန်ချင်တယ်။ ဒါပေမယ့် မပြန်ရဲဘူး။ မြန်မာ့တပ်မတော်က ရွာဝင်ဝက တောင်ကုန်းပေါ်က တားဆီးထားတယ်။ ရွာကို မဝင်ရဲဘူး။ ဝင်ရင် သူတို့ ဘာတွေလုပ်မယ်မသိဘူး ”ဟု ဆန္ဒဖော်ထုတ်ခဲ့သည့် အသက် ၇၀ နှစ် အရွယ် ဒေါ်ဒါနုစိန်က Myanmar Now ကို ပြောသည်။

ဒေသခံတို့၏ ယနေ့ တောင်းဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူတို့ကို ဆက်သွယ်၍ မရသေးပေ။ ရခိုင်ပြည်နယ်အတွင်း ဤစွပ်စွဲချက်မျိုးနှင့် ပတ်သက်ပြီး တပ်၏ သတင်းစာရှင်းလင်းပွဲများတွင် ငြင်းချက်ထုတ်ခဲ့ဖူးသည်။

နှစ်ဖက်တပ်များအကြား ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှစ၍ တိုက်ပွဲများရပ်တန့်နေသောကြောင့် စစ်ရှောင် ၈၀,၀၀၀ ခန့် နေရပ်ပြန်သွားကြသော်လည်း အများစုမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုကြောင့် မပြန်ရဲကြသေးပေ။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင် နှစ်သိန်းကျော်အထိ ရှိနေသည်။

Show More

Related Articles

Back to top button