လက်ရှိစစ်ကောင်စီသည် မြန်မာ့စီးပွားရေး ဆိုးဆိုးဝါးဝါး ယခုအခြေအနေထိ ရောက်အောင် အဘယ်ကြောင့်လုပ်ဆောင်နေပါသနည်းဆိုသည်ကို ဆင်ခြင်ကြည့်မိသည်။
ယခင် သူ့ရှေ့က (ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်သန်းရွှေ) စစ်အစိုးရ ၂ ဆက်ကဲ့သို့ပင် ယင်းတို့၏ရည်မှန်းချက်များက မပြောင်းလဲသဖြင့်ဟု ဆိုနိုင်သည်။ ပထမရည်မှန်းချက်က အာဏာမစွန့်လွှတ်ရေးဖြစ်သည်။ စစ်တပ်ကသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် လွှမ်းမိုးချုပ်ကိုင်ထားရန် ဖြစ်သည်။
ဒုတိယရည်မှန်းချက်ကတော့ ယင်းတို့စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများနှင့် ယင်းတို့ကို အားပေးထောက်ခံ အာဏာတည်တံ့ရေးအတွက် အစဉ်သစ္စာရှိစွာ အကူအညီပေးနေသော ခရိုနီလူတစ်စု ချမ်းသာကြီးပွားရေးဖြစ်သည်။
- ငပလီကမ်းခြေကို စစ်ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုလက်ဝါးကြီးအုပ်ခဲ့ကြသလဲ
- ငွေရှာကောင်းသည့် ဗိုလ်ချုပ်ကြီးကို မင်းအောင်လှိုင် အကြံပေးခန့်
နိုင်ငံခြားငွေသည် စစ်ကောင်စီ၏ အသက်သွေးကြော
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်သူအများ အားပေးထောက်ခံသည့် တော်လှန်ရေးအင်အားစုများ၏ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဖိအားများ ကြီးထွားလာနေချိန်တွင် စစ်ကောင်စီ၏ အဓိကဦးတည်ချက်မှာ ပထမရည်မှန်းချက်ဖြစ်သည်။
တစ်နည်းအားဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို အသက်ဆက်ရန်ဟုလည်း ပြောနိုင်သည်။ လက်ရှိယင်း၏ လုပ်ရပ်များကို ကြည့်လျှင်လည်း သိနိုင်သည်။ ထိုအခါမှာ စီးပွားရေးစီမံခန့်ခွဲမှုဟုပြောလျှင် ယင်းတို့၏ စစ်ယန္တရားလည်ပတ်ရေးသည် အဓိကဖြစ်သည်။
တစ်နည်း စစ်ပွဲများအတွက် ရှိသမျှ အရင်းအမြစ်များကို full mobilization ရသမျှအကုန်ထိန်းချုပ်ရန် လုပ်နေသည်ဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့်လည်း နိုင်ငံခြားငွေအားလုံးကို စစ်ကောင်စီထံသို့ ရောက်ရှိရန် ဗဟိုဘဏ်နှင့် ယင်း၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီက အာဏာသိမ်းပြီးကတည်းက နည်းအမျိုးမျိုး၊ အမိန့်အမျိုးမျိုး ထုတ်ပြန်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်း၊ မူဝါဒချမှတ်ခြင်းက အများပြည်သူကို ထိခိုက်စေသည်၊ ရေတိုရေရှည်စီးပွားရေးကို ထိခိုက်စေသည်ဆိုသည်ကို မသိမဟုတ်။ သိသိကြီးနှင့်ကို ယင်းတို့အကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် တကယ်လည်း ယင်းတို့အတွက် အကျိုးရှိသည်ကို တွေ့ရသည်။ ကုမ္ပဏီများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း အန်ဂျီအိုများ၊ နိုင်ငံခြားငွေဖြင့် လစာရရှိသည့် ပြည်တွင်းဝန်ထမ်းများ၏ ဘဏ်တွင် အပ်နှံထားသည့် နိုင်ငံခြားငွေစာရင်းများထဲမှ ဒေါ်လာငွေများကို ယင်းတို့လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ် ၁၈၅၀ ဖြင့် လဲလှယ်ခြင်းကို ခံကြရသည်။ နောက်ပိုင်း ကျပ် ၂၁၀၀ ပြောင်းလဲသတ်မှတ်သည်။
ပို့ကုန်သမားများ ရရှိသည့် နိုင်ငံခြားငွေများကိုလည်း ပါမောက္ခ ရှောင်တာနယ် ရေးသားသည့် ဆောင်းပါးထဲကလို ရာခိုင်နှုန်းအမျိုးမျိုး၊ ငွေလဲနှုန်းအမျိုးမျိုးဖြင့် လဲလှယ်ပေးခဲ့သည်။
ပြင်ပဈေးကွက်ပေါက်ဈေးနှင့် ယင်းတို့သတ်မှတ်ထားသည့် ငွေလဲနှုန်းများကြား ကွာဟချက်သည် ယခုအခါဆိုလျှင် တစ်ဒေါ်လာရောင်းတိုင်း ၃၄% မြန်မာငွေ ၁၅၁၄ ကျပ် နစ်နာသည်ဟု စင်ကာပူနိုင်ငံအခြေစိုက် အရှေ့တောင်အာရှရေးရာလေ့လာမှုသုတေသနဌာနမှ ပညာရှင် Jared Bassinger က ယင်း၏ဆောင်းပါးတွင် သုံးသပ်တင်ပြထားသည်။ ယင်းကွာဟချက် အမြတ်ငွေစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ (မြန်မာငွေ ၆.၄ ထွီလီယံကျပ်) ရှိသည်ဟု ယင်းက ခန့်မှန်းထားသည်။
ယင်းပမာဏသည် စစ်အသုံးစရိတ် ဘတ်ဂျက်နီးပါးဖြစ်ပြီး ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်က ကောက်ခံရရှိသည့် ဝင်ငွေခွန် ၅.၃ ထွီလီယံကျပ်ထက် မြင့်မားသည်ဟု ၎င်းက အဆိုပါဆောင်းပါးတွင် ဖော်ပြထားသည်။
အထက်တွင် ရေးသားခဲ့သလို စစ်ကောင်စီအတွက် စစ်ပွဲများအောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်နေသည့် နိုင်ငံခြားငွေ (အထူးသဖြင့် အမေရိကန်ဒေါ်လာ) ကို ရသမျှနည်းလမ်းဖြင့် ရှာဖွေစုဆောင်းခြင်း ဖြစ်သည်။
စီးပွားရေးထိခိုက်ခြင်းကို ဂရုမစိုက်ချေ။
ဗိုလ်ချုပ်ကြီးများ၏ စိတ်သဘောထား
ဤနေရာတွင် မိမိတို့အာဏာတည်မြဲရေးအတွက် ၂၀၂၁ ခုနှစ်ကလို စီးပွားရေးကျဆင်းမှု ၁၈ % ရှိလည်း ဂရုမစိုက်ခြင်းနှင့်ပတ်သက်ပြီး ယင်းတို့၏ စိတ်နေစိတ်ထားကိုလည်း သုံးသပ်ပြလိုပါသည်။
အာဏာသိမ်းဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အာဏာသိမ်းပြီး မကြာခင် ကုလအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် နိုင်ငံတကာဖိအားများကို ငါတို့မမှုဟု ပြောခဲ့သည်။
စီးပွားရေးပိတ်ဆို့အရေးယူဒဏ်ခတ်မှုများကိုလည်း ဂရုမစိုက် “We survived sanctions” ဟု ပြောခဲ့သည်။ နိုင်ငံတကာအပေါ်လည်း စစ်ဗိုလ်ချုပ်များက အထင်အမြင်သေးပုံရသည်။ ငါတို့အာဏာခိုင်မြဲလာလျှင် နိုင်ငံတကာ အနောက်အုပ်စုဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ အမြတ်အစွန်းရရန် ဝင်လာမစဲ တသဲသဲဖြစ်လာမည်ဟု ယူဆထားပုံရသည်။
တကယ်လည်း ယခင်စစ်အစိုးရခေတ်မှာပင် ပြင်သစ်နိုင်ငံအခြေစိုက် Total Engeries သည် တနင်္သာရီတိုင်းဒေသကြီးရှိ ရေနံတွင်းများနှင့် ရေနံပိုက်လိုင်းတို့တွင် ရင်းနှီးမြှုပ်နှံခဲ့သည်မှာ ယင်းတို့အတွက် စံနမူနာပင်ဖြစ်သည်။ အမေရိကန် Chevron၊ ဂျပန်ကုမ္ပဏီများလည်း ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့သည်ဖြစ်၍ ထိုသို့ပြောရဲခြင်းဖြစ်သည်။
“We can survive with few friends” ဆိုပြီး ‘မိတ်ဆွေအနည်းငယ်ဖြင့် ငါတို့ရှင်သန်နိုင်သည်’ ဟုလည်း ကြွေးကြော်ခဲ့သည်။ သူပြောသည့် မိတ်ဆွေများကတော့ အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယတို့ကို အဓိကရည်ညွှန်းခြင်းဖြစ်သည်။
နိုင်ငံတကာကိုပင် ဂရုမစိုက်သော စစ်ကောင်စီသည် ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအပေါ်ဆိုလျှင်တော့ ဆိုဖွယ်မရှိပြီ။ သူတို့ပြုသမျှ နုရမည်ဟု ခံယူထားဟန်ရှိသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးအင်အားစု ခရိုနီကြီးများပင် စစ်တပ်ပြုသမျှ နုကြရသည်။ သစ္စာရှိကြောင်း ပြရသည်။
အခြားအရင်းရှင်နိုင်ငံများမှာလို မူဝါဒရေးရာတွင် စီးပွားရေးသမားများက မလွှမ်းမိုးနိုင်ချေ။ စစ်တပ်အကျိုးစီးပွားနှင့် ကိုက်ညီသည့် မူဝါဒကို ခရိုနီများအပါအဝင် လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများအသင်းတို့က လိုက်လံအကောင်အထည်ဖော်ပေးရသည်။
ယခုပင်ကြည့်။ မြန်မာနိုင်ငံဆန်စပါးအသင်းကြီးက ဆန်များကို ဈေးကွက်ပေါက်ဈေးအောက် စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ရောင်းချပေးနေရသည်။ ဆန်သိုလှောင်မှုအပေါ် ထိန်းချုပ်မှုများကိုလည်း လိုက်နာဆောင်ရွက်ရန် အသင်းဝင်များကို ဖိအားပေးနေရသည်။ မပေးလျှင်လည်း ဖမ်းဆီးခြင်းခံရမည်ဖြစ်သည်။
သာမန်ပြည်သူများအပေါ်တွင်တော့ ဆိုဖွယ်မရှိပြီ။
၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီး ဘဏ်အကျပ်အတည်း ဖြစ်လာသည့်အခါ ပြည်သူများကို ဘဏ်ငွေစာရင်းများမှ ကိုယ်ပိုင်ငွေများကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးခဲ့သည်။ ပြည်သူများမှာလည်း ထုတ်ပေးသမျှကိုသာ ထုတ်ယူရသည်။ ဘဏ်အကျပ်အတည်းဖြစ်ရခြင်းမှာလည်း စစ်ကောင်စီလက်ဝေခံ ခရိုနီဘဏ်များ၊ နိုင်ငံတော်ပိုင်ဘဏ်များက ငွေမထုတ်ပေးခြင်းက အဓိကဖြစ်သည်။ ATM ငွေထုတ်စက်များမှာလည်း ငွေမရှိ၊ အင်တာနက်ဖြတ်တောက်ထား၍လည်း ထုတ်မရဖြစ်ရာက ပြည်သူများ စိုးရိမ်ပူပန်မှု ကြီးထွားလာရာက ဘဏ်များတွင် တန်းစီငွေထုတ်ရာက စခဲ့ခြင်းဖြစ်သည်။
နဂိုကတည်းက စည်းမရှိကမ်းမရှိ ပွင့်လင်းမြင်သာမှုမရှိသည့် ခရိုနီပိုင်ဘဏ်များအပေါ် ပြည်သူက ယုံကြည်မှုနည်းရာမှ ယခုလိုငွေထုတ်မရတော့ အလွန်အမင်း စိုးရိမ်ပူပန်လာကြခြင်း ဖြစ်သည်။ သို့သော်လည်း စစ်ကောင်စီလက်အောက်ရောက်သွားသည့် ဗဟိုဘဏ်သည် ထိုသို့ဖြစ်လာပါက ပြည်သူများကို စိုးရိမ်ပူပန်မှုမရှိရန်၊ ဘဏ်စာရင်းအပ်ငွေများကို သတ်မှတ်အတိုင်းအတာထိ အာမခံသည် (ဥပမာ သိန်း ၁၀၀ ထိ မဆုံးရှုံးစေရ နိုင်ငံတော်က အာမခံချက်ပေးသည်) ဘဏ်များကို လိုသလောက်ငွေသားများ ထုတ်ပေးမည်ဟု ပြောရမည့်အစား ငွေသားထုတ်ယူမှုကို ကန့်သတ်ခဲ့သည်။ အပ်ငွေစာရင်း အထုတ်အသွင်းများကို စောင့်ကြပ်ကြည့်ရှုခဲ့သည်။
ငွေသိန်းသောင်းချီအပ်နှံထားသူ ငွေရှင်ကြေးရှင်များကိုတော့ ခရိုနီပိုင် ပုဂ္ဂလိကဘဏ်များက ငွေသိန်းထောင်ချီ ထုတ်ပေးခဲ့သော်လည်း သာမန်ပြည်သူလူထုမှာတော့ နေ့စဉ် ၅ သိန်း ၁၀ သိန်းရရှိရန် တန်းစီတိုးဝှေ့ထုတ်ယူရသလို ဘဏ်ဝန်ထမ်းများ ပွဲစားများကို ရာခိုင်နှုန်းပေး ထုတ်ယူကြရသည်။ ရွေးချယ်စရာမရှိ အဆင့်ဆင့် ခေါင်းပုံဖြတ်ခံကြရသည်။ မည်သို့ပင်ဆိုစေကာမူ မိမိငွေစာရင်းထဲက ရှိသမျှငွေကို ထုတ်ယူကာ ရွှေဝယ်၊ အိမ်ဝယ်၊ ဒေါ်လာဝယ်သူများသည် ကျဆင်းနေသည့်ငွေတန်ဖိုးကို ခုခံနိုင်ခဲ့ကြသည်။
ဤဘဏ်အကျပ်အတည်းပြဿနာကို လေ့လာဆန်းစစ်ကြည့်မည်ဆိုလျှင် ယင်းတို့၏ခံယူချက်၊ စိတ်နေစိတ်ထားနှင့် မူဝါဒလမ်းစဉ်ကို သိရှိနိုင်သည်။ Independent Economists for Myanmar (IEM) ဆိုသည့် ပညာရှင်အဖွဲ့၏ ၂၀၂၁ ခုနှစ် သြဂုတ်လက ထုတ်ပြန်ခဲ့သည့် “Myanmar’s Banking Crisis” ဆိုသည့် အစီရင်ခံစာတွင် စစ်ကောင်စီ၏ ပေါ်ပေါက်လာသည့် ဘဏ်အကျပ်အတည်းကို တုံ့ပြန်မှုသည် catastrophic အလွန်အမင်းဆိုးဝါးသည်ဟု ဖော်ပြထားသည်။
သို့သော်ငြားလည်း ယင်းတို့အတွက်က ရေရှည်ကို မစဉ်းစား၊ ရေတိုအာဏာထိန်းနိုင်ရေးသာ အဓိကဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ရွေးချယ်စရာမရှိ၊ ဘဏ်စာရင်းထဲရှိသမျှ ငွေထုတ်ယူ၍မရသလို ယင်းတို့မှတစ်ဆင့် ငွေလွှဲခြင်းကို မဖြစ်မနေ လုပ်ဆောင်ရသည်။
စီးပွားရေးသမားများအတွက်လည်း ဘဏ်စာရင်းမှ မိုဘိုင်းစနစ်ဖြင့် ငွေလွှဲငွေပေးချေခြင်းက အလွန်လျင်မြန် အဆင်ပြေသဖြင့် ဘဏ်များကို မှီခိုအားထားနေရသည်။ မြန်မာနိုင်ငံ စီးပွားရေးအဆောက်အအုံသည်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အတော်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘဏ်စာရင်းဖွင့်ထားသူသည် တိုင်းပြည်လူဦးရေ၏ ၂၆ % သာ ရှိသည်ဆိုသော်လည်း Wave-Pay, K-Pay အစရှိသည့် မိုဘိုင်းငွေလွှဲစနစ်များသည် ကျေးလက်ဒေသအထိ လွယ်ကူ လျင်မြန်စွာ ငွေပေးပို့နိုင်ပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် ပုဂ္ဂလိဘဏ်များအပေါ် မှီခိုနေရဆဲဖြစ်သည်။
အထက်ပါအစီရင်ခံစာမှာ ဖော်ပြထားသကဲ့သို့ စစ်ကောင်စီ၏ ဘဏ်အကျပ်အတည်းအပေါ် တုံ့ပြန်မှုသည် အလွန်ဆိုးဝါးသည်၊ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ ၂၀၂၁ ခုနှစ်တွင် ဂျီဒီပီ ၁၈ % ကျော် ကျဆင်းခဲ့ရသည်၊ ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုများ မြင့်တက်လာခဲ့သည်၊ ဆင်းရဲမှုလည်း ၂ ဆလောက် မြင့်တက်လာခဲ့သည်။
သို့သော် စစ်ဗိုလ်ချုပ်များအတွက်မူ ပြည်သူနစ်နာချက်၊ ရေရှည်စီးပွားရေးအပေါ် ရိုက်ခတ်ချက်များကို မစဉ်းစားဘဲ ရေတိုတွင် ‘ငါတို့အာဏာတည်မြဲရေးအတွက် နစ်နာမှုတော့ အနည်းငယ်ရှိမှာပဲ’ ဆိုသည့် မူကို စွဲကိုင်ထားဟန်ရှိသည်။
တင်းကျပ်လိုက် ဖြေလျှော့လိုက်လုပ်ခြင်းသည် စစ်အစိုးရများ၏ထုံးစံ
ယင်းတို့၏နည်းဗျူဟာများတွင် တစ်ဆင့်ချင်း ပြန်ထိန်းသိမ်းတတ်သည်ကိုလည်း တွေ့ရသည်။ ဘဏ်မှ ပုံမှန်ငွေစုစာရင်းများမှ ငွေသားထုတ်ယူမှုကို ကန့်သတ်ထားသော်လည်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေရန် အထူးငွေစာရင်း (special accounts) ဆိုသည်ကို ဖွင့်လှစ်စေပြီး ထိုငွေစာရင်းများမှ အပ်နှံထားသည့်ပမာဏအတိုင်း ပြန်လည်ထုတ်ယူခွင့်ပြုခဲ့သည်။ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများလည်း ထိုအထူးငွေစာရင်းများ ဖွင့်လှစ်ကြပြီး ငွေပေးငွေချေမှုများကို လုပ်ဆောင်လာကြသည်။
အလားတူ နိုင်ငံခြားငွေထိန်းချုပ်မှုမှာလည်း အာဏာသိမ်းပြီးခါစတွင် နိုင်ငံခြားငွေစာရင်းများမှ အကုန်လုံးကို လဲလှယ်သိမ်းယူခဲ့ခြင်း၊ ပို့ကုန်သမားများ၏ နိုင်ငံခြားငွေအပေါ် ၆၅ % ကို ၁ ရက်အတွင်း ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် လဲလှယ်ရမည်ဟု ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ကြေငြာခဲ့သော်လည်း နောက်ပိုင်း ရက် ၃၀ အတွင်း ရောင်းချရမည်ဟု ဖြေလျှော့ပေးခြင်း၊ ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမည့်ပမာဏကိုလည်း ၆၅ % မှ ၅၀ % သို့ ဖြေလျှော့ပေးခြင်း၊ သင်္ဘောသားလစာကို အမြင့်ဆုံးငွေလဲနှုန်းဖြင့် ဝယ်ယူပေးရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း (ပြင်ပဈေးကွက်ပေါက်ဈေးနှင့် သိပ်မကွာသည့်) အစရှိသည်တို့ကို တွေ့ရှိရသည်။
ပို့ကုန်သမားများ၏ နိုင်ငံခြားငွေများကို အကုန် ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် လဲလှယ်ပါက ၎င်းတို့အနေဖြင့် အမြတ်အစွန်းမရနိုင်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားနိုင်သဖြင့် အဓိကနိုင်ငံခြားငွေ ရရှိနေသည့်လမ်းကြောင်း ပိတ်ပင်မသွားရန် ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည် (နောက်ဆုံး ၃၀ % ကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် လဲလှယ်ရသည်)။
ထိုသို့ဖြေလျှော့မှုများ ပြုလုပ်ခြင်းကြောင့် ပို့ကုန်သမားများအနေဖြင့် ရရှိသည့်နိုင်ငံခြားငွေများကို လဲလှယ်ရာ၌ ပြင်ပဈေးကွက်ပေါက်ဈေးဖြင့် ယှဉ်လျှင် ၂၀ % -၂၅ % နစ်နာသော်လည်း (၂၀၂၃ ခုနှစ်ထိ) အမြတ်အစွန်းရရှိနေသဖြင့် ဆက်လက်လုပ်ဆောင်နိုင်သလို၊ အဓိကပို့ကုန် စိုက်ပျိုးရေးထွက်ကုန်များကို စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် လယ်သမားများအနေဖြင့်လည်း ၂၀၂၃ ခုနှစ်က ကမ္ဘာ့ဆန်ဈေးကလည်း မြင့်တက်သလို ဒေါ်လာဈေးကလည်း ကောင်းသဖြင့် ဈေးကောင်းရသဖြင့် ဓာတ်မြေသြဇာသုံးစွဲမှု တိုးမြင့်လာသလို အထွက်နှုန်းလည်း ၇ % တိုးတက်ခဲ့သည်ဟု နိုင်ငံတကာစားနပ်ရိက္ခာဆိုင်ရာ သုတေသနအဖွဲ့ International Food Policy Research Institute (IFPRI)’s “Rice Productivity and Productivity in Myanmar: Assessment of the 2023 Monsoon” တွင် ဖော်ပြထားသည်။
ဘယ်သူသေသေ ငတေမာရင် ပြီးရော
မည်သို့ပင် မူဝါဒများကို ထင်သလို မှောက်လိုကမှောက်၊ လှန်လိုကလှန် လုပ်နေသော်လည်း ထိုသို့လုပ်နေချိန်တွင် အကျိုးရှိသူများကတော့ ဗိုလ်ချုပ်ကြီးများနှင့် ယင်းတို့နှင့် နီးစပ်သည့် ခရိုနီများပင်ဖြစ်သည်။ အထူးသဖြင့်ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုပင်ဖြစ်သည်။
စစ်ခေါင်းဆောင်နှင့် သူ၏မိသားစုချမ်းသာကြွယ်ဝမှု၊ အစိုးရတင်ဒါများကို လက်ဝါးကြီးအုပ်ထားမှု၊ အများပြည်သူမြေများကို သိမ်းဆည်းပြီးနောက် တပ်ပိုင်မြေပြုလုပ်ကာ ထိုမြေများကို အလွဲသုံးစားလုပ် ကိုယ်ပိုင်ပြုလုပ်ထားမှုအပါအဝင် ၎င်းတို့မိသားစု မလုပ်သည့် စီးပွားရေးလုပ်ငန်းအမျိုးအစား မရှိသလောက်ပင်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်နှင့် ၎င်းတို့၏မိသားစု ချမ်းသာကြွယ်ဝမှုသည် ဒေါ်လာဘီလီယံချီရှိနိုင်ပြီဖြစ်သည်။
တိုင်းပြည်မှာ ဆင်းရဲမှုနှုန်းမြင့်တက်လာချိန်၊ အလုပ်လက်မဲ့သန်းချီ တိုးပွားလာချိန်နှင့် ၎င်းတို့မိသားစု ချမ်းသာကြွယ်ဝမှုမှာ ပြောင်းပြန်အချိုးကျဖြစ်နေသည်။ တစ်နည်းဆိုရလျှင် တိုင်းပြည်ဆင်းရဲလေ သူတို့ချမ်းသာလေဖြစ်သည်။
ယင်းလက်အောက်က ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်လေးများမှစ၍ အောက်ခြေဗိုလ်လေးအဆင့် တပ်သားအဆင့်ကလည်း ရသည့်အခွင့်အရေး လက်လွှတ်မခံ ရသမျှ သိမ်းကျုံးယူနေသည်မှာ မြင်မကောင်းပေ။ ကိုယ့်တပ်ရိက္ခာကို တပ်မှူးက ပြန်ရောင်းချသည်ဆိုသည့် သတင်းများကလည်း အွန်လိုင်းတွင် မြင်နေ ဖတ်နေရသည်။
ယင်းတို့နှင့် နီးစပ်သည့် ခရိုနီများကလည်း ဆင်ဖြူတော်မှီ ကြံစုပ်နေသည်မှာ အချိန်တိုအတွင်း မတရားချမ်းသာလာကြပြီဖြစ်သည်။
နိဂုံး
အဆုံးသတ်အနေဖြင့် တင်ပြရလျှင်တော့ အထက်တွင် ဖော်ပြခဲ့သည့် ယခင်စစ်အစိုးရများ လျှောက်ခဲ့သည့်လမ်းအတိုင်းပင် စစ်ကောင်စီသည် စစ်တပ်၏အဓိကရည်မှန်းချက် ၂ ရပ်ကို မမှိတ်မသုန် စွဲကိုင်ပြီး မြန်မာ့စီးပွားရေးကို ကိုယ်ပိုင်ကိုယ်စိုး ဆက်လက်လုပ်ဆောင်နေမည်သာဖြစ်သည်။
ယင်းတို့၏စွမ်းဆောင်ရည်ကြောင့် စီးပွားရေးဦးမော့လာလိမ့်မည်ဟု သုံးသပ်လျှင်တော့ ထိုသုံးသပ်သည့် ပညာရှင်သည် စစ်ကောင်စီနှင့် အကျိုးစီးပွားပတ်သက်၍သော်လည်းကောင်း၊ သို့တည်းမဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေ၍သော်လည်းကောင်း ဖြစ်လိမ့်မည်သာဖြစ်သည်။
မြန်မာ့စီးပွားရေးသည် စစ်ကောင်စီအာဏာ တည်သရွှေ့ ကျဆင်းနေမည်သာဖြစ်၍ မှန်မှန်ကန်ကန် စီးပွားရေးလုပ်လိုသူများအတွက်လည်း ဘာမျှ လုပ်မရဖြစ်နေဦးမည်သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။