
မန္တလေး မဟာမြတ်မုနိဘုရား စောင်းတန်းမုခ်များမှ ဈေးဆိုင်ခန်းများအား ဆိုင်ခန်းခ တိုးမြှင့်ရန် ကြေညာထားသည့် ဘုရားဂေါပကအဖွဲ့နှင့် ထိုအစီအစဉ်သစ်ကို သဘောမတူသည့် ဈေးသူဈေးသား အယောက် ၂၀၀ ခန့်၏ ဇန်နဝါရီ ၉ ရက်နေ့ ညှိနှိုင်းပွဲမှာ သဘောတူညီမှု မရဘဲ ပြီးဆုံးသွားသည်။
ဆိုင်ခန်းခသည် ယခင်နှုန်းထားထက် များစွာ ကွာဟသွားသည်ဟု ဘုရားကြီး ဂေါပကရုံး ဆွေးနွေးပွဲတက်ခဲ့သူ ဈေးသည် ဦးစိုးက ပြောသည်။
“သုံးဆ တက်သွားတယ်။ ဂေါပကအသစ်တက်တိုင်း၊ တက်တိုင်း တိုးတာ။ အရင်က ၆၀၀၀ ဆောင်ရတယ်။ အခု ၂၀,၀၀၀ တောင်းတယ်။ နောက်ဆုံး ပြောတာတော့ … သူတို့အရင်ပြောတာထက် ၂၀၀၀ လျှော့ပေးမယ်ပေါ့” ဟု ဘုရားကြီးတွင် သင်္ကန်းအရောင်းဆိုင်ခန်း ဖွင့်ထားသော ဦးစိုးက ပြောသည်။
အရှေ့မုခ်ဆိုင်ခန်းတစ်ခုတွင် အထည်ရောင်းသူ ဦးလှတင့်ကလည်း ဂေါပက အဖွဲ့သည် မဆိုစလောက်သာ အလျှော့ပေးခဲ့သည်ဟု ပြောသည်။
“သူတို့က ၂၀၀၀ ပဲ လျှော့တော့ အဆင်မပြေဘူး။ ထပ်ပြီး စာတင်တောင်းဆိုမှု လုပ်ရဦးမယ်။ နောက်ဆုံး ကဲ … ၁၀,၀၀၀ ပဲ တက်ပါ ဆိုတာကို ညှိမရခဲ့တာ” ဟု ၎င်းက ပြောသည်။
ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းကမူ မဟာမြတ်မုနိဘုရားကြီး ဆိုင်ခန်းများ ငှားရမ်းခ တိုးမြှင့်မည့် အစီအစဉ်ကို သက်ဆိုင်ရာ ဆရာတော်ဘုရားကြီးထံတွင် သြဝါဒခံယူ၍ ပြုလုပ်ကြောင်း၊ ဆိုင်ခန်းငှားခ တစ်လ ၂၀,၀၀၀ ဖြစ်သောကြောင့် တစ်ရက်လျှင် ကျပ် ၅၀၀ သာ ကျသင့်မည်ဖြစ်ကြောင်း ပြောသည်။
“ဒီခေတ်ကာလဈေးနဲ့ ဆိုင်ခန်းငှားရင် အ(ကြမ်း)ဖျင်း ငါးသိန်း ရှိတယ်။ ခင်ဗျားတို့ မဖြစ်သင့်တော့ဘူး၊ ပိုလှူပါ။ ဒီဆိုင်ကြီးဖွင့်ပြီးမှ တစ်နေ့ ငါးရာ ဘုရား မလှူနိုင်ဘူးလား။ ကျွန်တော်တို့ အိတ်ထောင်ထဲရောက်မယ့် ပိုက်ဆံ မဟုတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။
“ဘေးပတ်ဝန်းကျင်နဲ့ပဲ ယှဉ်ကြည့်ကြည့်၊ တခြား ဆိုင်ခန်းတွေနဲ့ပဲ ယှဉ်ကြည့်ကြည့် ငှားစားရင် ငါးသိန်းရတဲ့ ဆိုင်ခန်းက ဒီလောက်လေးမှ တိုးမလှူနိုင်ဘူးလား” ဟု ၎င်းက ဆက်ပြောသည်။
တိုးမြှင့်ကောက်ခံရခြင်းသည် သန့်ရှင်းရေး၊ လုံခြုံရေး၊ ဘုရားဝေယျာဝစ္စ ကုန်ကျစရိတ်များအတွက်သာ ဖြစ်ကြောင်း၊ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်တွင် ဆိုင်ခန်းခ အစီအစဉ်သစ်ကို လက်မခံသည့် ဆိုင်ခန်းအရေအတွက် ၂၀၀ ခန့် ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
မဟာမြတ်မုနိဘုရားကြီးသည် မန္တလေးမြို့သို့ ရောက်လာသည့် ပြည်တွင်းပြည်ပဧည့်သည်များ ဝင်ရောက် ဖူးမြော် လည်ပတ်လေ့ရှိသည့် နေရာတစ်ခု ဖြစ်ပြီး ရပ်နီးရပ်ဝေးဧည့်သည်များနှင့် နေ့စဉ် စည်ကားလျက်ရှိသည်။
ဘုရားကြီးရှိ ဆိုင်ခန်းများတွင် ဘာသာရေးဆိုင်ရာ ပစ္စည်းများ၊ ဒေသထွက်ကုန်၊ အမှတ်တရ အသုံးအဆောင်များ ရောင်းချနေသည်။