မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ထိန်းချုပ်လုနီးပါး ဖြစ်နေ၍ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အလွန်အကျွံသုံးနေရာ မြို့လုံးကျွတ်နီးပါး ပျက်စီးနေပြီဖြစ်သည်ဟု သိရသည်။
အလားတူ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ စဉ့်ကူးအပါအဝင် မတ္တရာနှင့် မိုးကုတ်မြို့တို့တွင် ယခုရက်ပိုင်းအတွင်း ကလေးငယ် ၄ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ကာ လူအများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မတ္တရာမြို့မြောက်ဘက် စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၂၇ ရက်မှ စတင်၍ ဒေသတွင်း တိုက်ပွဲများ ပြင်းထန်လာပြီး ပြီးခဲ့သည့်တစ်ပတ်တွင် မြို့ပေါ်သို့ တိုက်ပွဲများ ကူးစက်လာကာ ဇူလိုင် ၁၄၊ ၁၅၊ ၁၆ တို့တွင် တိုက်ပွဲများအပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
စဉ့်ကူးအခြေစိုက်တပ်များ ဆုတ်ခွာထွက်ပြေးသွားကြပြီးနောက် မြို့တစ်ခုလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်လိုက်ပြီဟု သိရသည်။
မြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နှင့် မခေါက်ရွာတပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး လေကြောင်းမှ ပစ်ခတ်ဗုံးကြဲခြင်းများ လုပ်ဆောင်ခဲ့၍ မြို့တွင်းနေရာအနှံ့အပြားတွင် ထိခိုက်ပျက်စီးခြင်း၊ မီးလောင်ခြင်းများ ဖြစ်ပေါ်နေသည်ဟု စဉ့်ကူးမြို့အနီး စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ပွဲက ဒီသုံးရက်အတွင်း အပြင်းထန်ဆုံးပဲ၊ PDF ပူးပေါင်းတပ်တွေက မြို့အတွင်းထဲအထိ နေရာယူထားပြီ။ မြို့ထဲမှာလည်း စစ်တပ်ကကောင်တွေက မရှိသလောက်ပဲ၊ မြစ်ဘက်ကို ထွက်ပြေးကုန်ပြီ” ဟု ဆိုသည်။
စဉ့်ကူးအနောက်ခြမ်းသည် ဧရာဝတီမြစ်နှင့် ထိစပ်နေကာ မြစ်ကို ကျော်လျှင် စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့ဘက် ရောက်ရှိမည်ဖြစ်သည်။
မြို့မြောက်ဘက် သပိတ်ကျင်းမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိုးစစ်ကြောင့် တိုက်ပွဲများ ဖြစ်နေသလို မြို့တောင်ဘက် မတ္တရာနယ်သည်လည်း စစ်မြေပြင်လုံးလုံးဖြစ်နေပြီး စစ်ကောင်စီကလည်း မြို့မှ ထွက်ခွာခွင့်ပိတ်ထားသဖြင့် ဒေသခံတချို့သာ မြစ်ကို ဖြတ်ကူးကာ တိမ်းရှောင်ခဲ့ရသည်။
ယမန့်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ပြီး၊ စစ်ကောင်စီက လေယာဉ်များဖြင့် မြို့ပေါ် အကြိမ်ကြိမ်ပျံသန်းခဲ့ကြပြီး ည ၁ နာရီခန့်အထိ အဆက်မပြတ် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်နေခဲ့သည်ဟု သိရသည်။
“လေယာဉ်တစ်စီး အပေါ်ကဝဲလာပြီဆို တစ်ခါကြဲချလိုက်ရင်၊ ၇ လုံး ၈ လုံးဗျာ။ တစ်နေကုန်ကြဲနေတာများ၊ မြို့လေးနဲ့တောင်မလိုက်ဘူး။ ကျွန်တော်တို့မှာလည်း တစ်နေကုန်တစ်ညလုံး မအိပ်ရဘူ။ ရှောင်နေတဲ့နေရာကလည်း မြို့နဲ့လည်း မဝေးဘူး၊ ခေါင်းပေါ်မှာလည်း လာလာ ဝဲဝဲသွားတာကိုး။ ဒီနယ်မြေကလည်း (PDF) သိမ်းထားတဲ့ နေရာဆိုတော့ ကြဲနိုင်တာဆိုတော့ စိုးရိမ်တာပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။
စဉ့်ကူးမြို့နေရာအနှံ့တွင် မီးလောင်ခြင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ဘုန်းကြီးကျောင်းများအပါအဝင် နေအိမ်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးထားကြောင်း သိရသည်။
တိုက်ပွဲများပြင်းထန်ခဲ့သည့် ဇူလိုင် ၁၅ နှင့် ၁၆ တွင် စဉ့်ကူးမြို့ ၊ အမှတ် (၁) ရပ်ကွက်၊ ရှမ်းတောဝိုင်းရပ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသား ၂ ဦး သေဆုံးခဲ့သည်။
MDY-PDF နှင့် စဉ့်ကူး PDF များ ဇူလိုင် ၁၅ ရက်က မြို့ထဲအထိ ဝင်ရောက်လာပြီး စစ်ကောင်စီတပ်စွဲနေရာတချို့ကို တိုက်ခိုက်ခဲ့စဉ် ပိတ်မိနေသော မြို့နေလူထုမှာ ထွက်ခွာခွင့်ရခဲ့သည်ဟု မြို့ခံအမျိုးသား နောက်တစ်ဦးက ပြောသည်။
အများစုမှာ မြို့အရှေ့ဘက် လက်ပန်လှရွာ၊ နွယ်ရုံရွာနှင့် ပင်လယ်ကြီးကျေးရွာများဆီသို့ ဖြန့်ခွဲ စစ်ရှောင်နေကြရသည်။
“တိုက်ပွဲတွေ မြို့နဲ့နီးလာပြီဆိုတော့ ကျွန်တော်တို့ မြို့ကနေ ထွက်တဲ့အချိန် စစ်တပ်က အပေါက်ကနေပိတ်ပြီး၊ မသွားရဘူး။ ပြန်ဝင်ဆိုပြီး ပြောတယ်။ PDF တပ်တွေက မြို့ထဲကို ဝင်လာနိုင်ပြီ ဆိုတဲ့အချိန်ကျမှ ကျွန်တော်တို့ ထွက်လို့ရမလားဆိုတော့ ရတယ်…သွားကြ၊ ထွက်သွားပြီးရင်တော့ အန္တရာယ်မကင်းမချင်း ပြန်ဝင်လို့မရဘူးလို့ ပြောတယ်။ သက်ကြီးရွယ်အို မသန်စွမ်းတွေလည်း ထမ်းထုတ်ပေးကြပြီးတော့ ရှောင်ကြရတယ်” ဟု ထိုသူက ဆိုသည်။
ယနေ့နံနက်အစောတွင် ပစ်ခတ်တိုက်ခိုက်သံ အနည်းငယ်ကြားရသော်လည်း မြို့တွင်းတိုက်ပွဲဖြစ်သံ မကြားရတော့သောကြောင့် PDF ပူးပေါင်းတပ်များ မြို့ကို အလုံးစုံထိန်းချုပ်သွားနိုင်ပြီဟု မြို့ခံများက ယူဆကြသည်။
စဉ့်ကူးမြို့ကို ထိန်းချုပ်နိုင်ပြီ ဆိုသည့်အခြေအနေကို PDF ဘက်က ထုတ်ပြန်ခြင်း မရှိသေးပေ။
မန္တလေးမြောက်ဘက် စစ်ဆင်ရေးနယ် မတ္တရာ
ဇွန်လထဲမှ စတင်သော မတ္တရာတိုက်ပွဲများသည်လည်း မြို့အနီးအနားအထိ ရောက်ရှိနေပြီး၊ မြို့တောင်ဘက်နှင့် မြောက်ဘက်တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
မြို့အနီးတိုက်ပွဲများကြောင့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆ ရက်တို့တွင် လက်နက်ကြီးကျည်များ မတ္တရာမြို့တွင်းသို့ ပထမဆုံးအကြိမ် ကျရောက်ပေါက်ကွဲပြီး မြို့အနီး ကျေးရွာတွင်လည်း ပေါက်ကွဲကာ ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ကလေးများအပါအဝင် ၈ ဦး ဒဏ်ရာရခဲ့သည်။
ဇူလိုင် ၁၆ ရက်က မတ္တရာမြို့ မြို့မဈေးအနီး အမှတ် (၂) ရန်ကင်းရပ်ကွက်မှ နေအိမ်နှစ်လုံးအကြား လက်နက်ကြီး ကျရောက်ပေါက်ကွဲစဉ် အသက် ၂ နှစ်အရွယ် ကလေးငယ်၊ ၎င်း၏ မိခင် (အသက် ၃၀ ဝန်းကျင်) နှင့် အဒေါ်ဖြစ်သူတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။
ထိုပေါက်ကွဲမှုအတွင်း ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး လည်ပင်းဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး ၇ နှစ်ခန့်အရွယ် ကလေးတစ်ဦးတို့လည်း လက်မောင်းစုတ်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
“လက်နက်ကြီးကျည် ကျတာလား၊ ဒရုန်းနဲ့ ဗုံးချတာလားတော့ ကျွန်တော်တို့ သေချာမသိရဘူး။ အိမ်နှစ်လုံးကြားထဲကို ကျတာ၊ ကလေးလေးက ဗိုက်ပါ ပေါက်ထွက်ပြီးတော့ ဆုံးသွားတယ်။ သူ့အမေနဲ့ အဒေါ်လည်း ပွဲချင်းပြီးသွားရတယ်” ဟု မြို့ခံအမျိုးသား နောက်တစ်ဦးက ပြောသည်။
အလားတူ ဇူလိုင် ၁၄ ရက်မှာပင် မြို့အနီးရှိ လယ်ကောကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၂ လုံးကျ၍ အုတ်စက် လုပ်သား လင်မယားနှစ်ဦး၊ အမျိုးသားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ နောက်တစ်နေ့ (ဇူလိုင် ၁၅) တွင်လည်း တစ်လုံး ထပ်မံကျရောက်ပေါက်ကွဲရာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မတ္တရာမြို့မြောက်ဘက် တိုက်ပွဲများသည် မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ဘောင်ကြီးတံတားအနီးတွင် ဖြစ်ပွားနေပြီး တောင်ဘက်တွင် ဖြစ်နေသည့် တိုက်ပွဲများသည် မတ္တရာမြို့နှင့် ၄ မိုင်ခန့်အကွာရှိ ကျောက်တံတားကျေးရွာအထိ တော်လှန်ရေးပူးပေါင်းတပ်များက စိုးမိုးထားနိုင်ပြီးဖြစ်ကာ PDF ထိုးစစ်သည် မြို့ဘက်သို့ တဖြည်းဖြည်းကပ်လာနေသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှ မိုးကုတ်မြို့
ရှမ်းပြည်နယ်နှင့် ထိစပ်နေပြီး တအာင်းတပ် (TNLA) က ၎င်းတို့ စစ်ဒေသထဲ ထည့်သွင်းထားသည့် မိုးကုတ်မြို့တွင် ဇွန် ၂၅ ရက်မှ တိုက်ပွဲများပြင်းထန်လာကာ မြို့အနောက်ခြမ်းကို TNLA, PDF ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး ဖြစ်သည်။
မြို့အရှေ့ခြမ်းကို ထိုးစစ်ဆင်နေစဉ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) နှင့် TNLA တို့က ဇူလိုင် ၁၄ မှ ၁၈ ရက်အထိ တစ်ဖတ်သတ် ယာယီအပစ်ရပ်ခဲ့ကြသော်လည်း စစ်ကောင်စီက တိုက်ခိုက်မှုများလုပ်နေ၍ ရှမ်းမြောက်ဒေသတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ဇူလိုင် ၁၅ ရက်၊ ည ၉ နာရီအချိန်တွင် မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်းမှနေ၍ အတွဲလိုက်ဒုံးများ ပစ်ခတ်ခဲ့ရာ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် ၂ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရကြောင်း TNLA က ထုတ်ပြန်ထားသည်။
အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၄၀ နှစ်အရွယ် ယာအိမြတ်မွန်ဆိုသူ ထိမှန်သေဆုံးသွားပြီး ၁၈ နှစ်အရွယ် လွေးသိမ့်သီင်္ဂီအေး၊ ၁၄ နှစ် လွေးဆုမြတ်ဆန်ဒီ၊ ၈၄ နှစ်ရှိ ဒေါ်ခင်စိန်၊ ၄၄ နှစ်ရှိ ဦးဝင်းကျော်သူခိုင်နှင့် ၄၀ အရွယ် ဒေါ်ဖြူဖြူမွန်တို့တွင် လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု ပါရှိသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်သည့်ရက်မှ ၂၂ ရက်အတွင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆၉ ဦးသေဆုံးပြီး ၁၁၁ ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
စဉ့်ကူးမြို့နယ်နှင့် ကပ်လျက်ရှိ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းနှင့် လိပ်ကျကျေးရွာတို့တွင် မန္တလေးသို့ ဦးတည်ကာ စစ်ရှောင်လာကြသည့် မိုးကုတ်ဒေသခံများ ခရီးမဆက်နိုင်ဘဲ ဆက်လက်ခိုလှုံနေကြရကြောင်း ဆိုကြသည်။
မိုးကုတ်မြို့အနောက်ခြမ်း ကျပ်ပြင်ရပ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန်တည်းက မြို့ကို စွန့်ခွာတိမ်းရှောင်ခဲ့ကြသည့် မိုးကုတ်ဒေသခံများမှာ တစ်ပြိုင်တည်းလိုလို ဖြစ်နေသည့် မတ္တရာနှင့် စဉ့်ကူးမြို့နယ်တိုက်ပွဲများကြောင့် မန္တလေးသို့ ခရီးမဆက်နိုင်ဘဲ၊ သပိတ်ကျင်းမြို့နယ်တွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
မန္တလေး-ဖော့တော (သပိတ်ကျင်း)-မိုးကုတ်ကားလမ်းတစ်လျှောက်မှ စစ်ကောင်စီ၏ တပ်စခန်းတချို့ကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိချိန် မိုးကုတ်စစ်ရှောင်များကို သွားလာခွင့်ပြုခဲ့သော်လည်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများက ပိတ်ပင်ခြင်း၊ ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်။
မော်တော်ဆိုင်ကယ်များဖြင့် ထွက်ပြေးလာကြသူများကမူ စဉ့်ကူးမြို့နယ်တွင်းမှ ဧရာဝတီမြစ်အနောက်ဘက်ကမ်းသို့ စက်လှေများဖြင့် ကူးကာ စစ်ကိုင်းအတိုင်းအတွင်းသို့ ဝင်ရောက်ပြီး၊ မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းမှ မန္တလေးသို့ ဆက်လက်ထွက်ခွာသွားကြသည်။
မော်တော်ကားဖြင့် လာသူများမှာ ရှေ့ဆက်မရဘဲ ဆက်ပိတ်မိနေဆဲဖြစ်သည်ဟု စဉ့်ကူး-မန္တလေး ပြေးဆွဲနေသည့် ယာဉ်လိုင်းမောင်းနှင်နေသူများထံမှ သိရသည်။
“ပိတ်နေတဲ့နေရာကနေ မြစ်ဆိပ်ကို ဆင်းဖို့က ဆိုင်ကယ်ပဲ ရတယ်။ ကားမရဘူး။ အဲ့တော့ ကားနဲ့ ရှောင်လာသူတွေက ဆက်ပိတ်နေတာပေါ့။ ဆိုင်ကယ်နဲ့လူတွေလည်း မြစ်ကူးဖို့က အတော်ခက်ခဲပါတယ်၊ တစ်ဖက်ကမ်းရောက်ရင်တော့ မန္တလေးသွားလို့ရပြီ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။