သတင်း

AA ကို အကြမ်းဖက်စာရင်းမှ ပယ်ဖျက်ပေးရေးအဆို ရခိုင်လွှတ်တော် အတည်ပြု

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ်အစိုးရမှတဆင့် ပြည်‌ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ကန့်ကွက်သူမရှိဘဲ ပြည်နယ်လွှတ်တော်က ယနေ့ (ဇန်နဝါရီ ၁၄) တွင် အတည်ပြုလိုက်သည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဇန်နဝါရီ ၁၁ တွင် တင်သွင်းခဲ့သည့် ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ANP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အမတ်များအပြင် တပ်မတော်ကိုယ်စားလှယ်များကလည်း ကန့်ကွက်မှု မရှိခဲ့ပေ။ 

မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ဦးတည်လျှောက်လှမ်းနေသော နိုင်ငံဖြစ်သောကြောင့် ပြည်တွင်းစစ်ရပ်စဲရန် လိုအပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ အလျင်အမြန်ပေါ်ထွက်လာရန် အရေးကြီးသည်၊ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် အလွန်အရေးကြီးသည်ဟု မြေပုံမြို့နယ်ကိုယ်စားလှယ် ဦးအောင်ဝင်းက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ AA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေဟာလည်း စားပွဲဝိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှအပ အခြားနည်းလမ်းမရှိနိုင်ပါ” ဟု ဦးအောင်ဝင်းက ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် AA သည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်ရှိနေသော်လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ အဟန့်အတားဖြစ်စေသဖြင့် ပယ်ဖျက်ရန်လိုအပ်သည်ဟု မင်းပြားမြို့နယ် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။ 

“အနာဂတ်လှပဖို့၊ ပြည်သူတွေ အေးချမ်းစွာနေထိုင်နိုင်ဖို့၊ နိုင်ငံတိုးတက်လာဖို့ဆိုရင် တိုက်ပွဲတွေကို သေချာဆန်းစစ်ပြီး အပြန်အလှန်ဆွေးနွေးဖို့ လိုတယ်။ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ အပြန်အလှန်ဆွေးနွေးဖို့ လိုအပ်သလို ရခိုင်ကိုယ်စားပြုဖွဲ့စည်းထားတဲ့ AA ကိုလည်း တရားဝင် ပြည်တွင်းထဲကို ခေါ်ပြီးတော့ ဆွေးနွေးဖို့ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။ 

AA သည် ရခိုင်ပြည်သူလူထုနှင့် ကြမ္မာတူအဖွဲ့အစည်းတစ်ခုကဲ့သို့ဖြစ်နေပြီး ရခိုင်လူထု၏ ဆင်းရဲမွဲတေမှုအပါအဝင် နိုင်ငံရေး၊ ဖွံ့ဖြိုးရေး အထွေထွေမကျေနပ်မှုများကို ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ရာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ခြင်းသည် ငြိမ်းချမ်းရေးအတွက် များစွာအကျိုးပြုလိမ့်မည်ဟု မောင်တောမြို့နယ်ကိုယ်စားလှယ် ဦးမောင်အုန်းက ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကမူ AA သည် နောင်တွင် အကြမ်းမဖက်တော့ကြောင်း မည်သူက တာဝန်ယူ၊ တာဝန်ခံပေးနိုင်သနည်းဟု မေးခွန်းထုတ်သည်။ 

“အဆိုတင်ပြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒီအဖွဲ့တွေ အကြမ်းမဖက်တော့ပါဘူး၊ အကြမ်းဖက်တဲ့လုပ်ရပ်တွေ မလုပ်တော့ပါဘူးလို့ တာဝန်ယူမှာလား။ ဘယ်သူက တာဝန်ယူ ဘယ်သူက တာဝန်ခံမှာလဲ။ ဒါတွေလည်း လိုတာပေါ့” ဟု ဗိုလ်မှူးကြီးမင်းသန့်က Myanmar Now ကို ပြောသည်။

အဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သောကြောင့် လွှတ်တော်ဥက္ကဋ္ဌသည် ဝန်ကြီးချုပ်ဦးညီပုမှတဆင့် သမ္မတထံ ဆက်လက်အစီရင်ခံရမည်ဖြစ်သည်။ 

ရခိုင်ပြည်နယ်တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ်ကာလတွင် တပ်မတော်စစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ အစိုးရဝန်ထမ်းများကို ဖမ်းဆီးသည်ဟုဆိုကာ AA ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ မတ်လ ၂၃ တွင် အစိုးရက ကြေညာခဲ့သည်။ 

တပ်မတော်နှင့် AA သည် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ဘေးရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်အထိ ရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများစွာလည်း ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့် နိုဝင်ဘာပထမပတ်မှစ၍ နှစ်ဖွဲ့ကြား တိုက်ပွဲများရပ်တန့်နေခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။ 

Show More

Related Articles

Back to top button