
တပ်မတော်ကို ထောက်ခံကြောင်း ရန်ကုန်၌ ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သော အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်ကို အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အရာရှိတစ်ဦးက ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် ယမန်နေ့ (ဇန်နဝါရီ ၁၁) တွင် အမှုဖွင့်တရားစွဲဆိုလိုက်သည်။
ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အရာရှိ ဦးဝင်းနိုင်က တရားလိုပြုလုပ်၍ ကျောက်တံတားမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရဲစခန်းက ဒေါ်မိုးမိုးခိုင်ကို ကျပ် ၃၀၀,၀၀၀ ဖြင့် အာမခံပေးခဲ့သည်။
တရားရုံးချိန်း ခေါ်ယူမည့်နေ့ရက်ကိုမူ မသိရှိရသေးကြောင်း တရားစွဲဆိုခံရသူ YDP ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်က ကျောက်တံတားမြို့နယ်ရဲစခန်းသို့ ယနေ့ လာရောက်ခဲ့စဉ် သတင်းထောက်များကို ပြောသည်။
“အမျိုးသားရေး” ကြွေးကြော်သူ မိုက်ကယ်ကျော်မြင့် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော YDP ပါတီသည် ဒီဇင်ဘာ ၂၈ တွင် ‘မျိုးချစ်တပ်မတော်’ ကို ထောက်ခံကြောင်း ဆန္ဒပြပွဲတစ်ခု ဦးဆောင်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်၏ မဲလိမ်၊ မဲခိုးမှုများကို ကမ္ဘာကသိအောင် ဖော်ထုတ်သွားမည်ဟု ပါတီဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်က ဟောပြောခဲ့သည်။
ယင်းဆန္ဒပြပွဲတွင် ‘ပြည်ပ ပထွေးမျှော် ဖအေတော်ချင်သူများ ချေမှုန်းကြ၊ ချေမှုန်းကြ’၊ ‘တိုင်းပြည် သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ ဒို့ရန်သူ’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေခြင်းကြောင့် တပ်မတော်ကို ထောက်ခံရခြင်းဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။
YDP အပါအဝင် အခြားပါတီများက လက်မှတ်ရေးထိုး၍ “မဲခိုးမှု၊ မဲမသမာမှုများ” ကို နိုင်ငံတော်အစိုးရနှင့် UEC တို့ထံ တိုင်ကြားထားပြီးဖြစ်ရာ “သူတို့ ဖြေရှင်းပေးရမယ့် ရက်ကို ကျော်လွန်လာပြီ၊ မဖြေရှင်းပေးနိုင်တဲ့အတွက် အစ်မတို့ ဒီပွဲတွေ ထွက်လာတာ၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးနေပြီ” ဟု ဒေါ်မိုးမိုးခိုင်က ဆိုသည်။
ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု အခြေအနေများကြောင့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ကျောက်တံတားမြို့နယ်ရဲစခန်းက ဆန္ဒပြသူအရေအတွက် ၂၉ သာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သော်လည်း ထိုနေ့တွင် ဆန္ဒပြသူဦးရေ တစ်ရာကျော် ရှိခဲ့သည်။
YDP ပါတီဦးဆောင်သည့် အဆိုပါဆန္ဒပြပွဲသည် ကော်မရှင်ကို အသရေဖျက်ခြင်း ဖြစ်၍ ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဆိုသည်။
“ရွေးကောက်ပွဲကို လက်မခံဘူးတို့ ဘာတို့ ဆိုတာတွေက ပြောလို့ရတယ်။ သူလက်မခံတာ သူတို့ကိစ္စပဲ၊ လက်မခံဘူး ပြောလို့ရတယ်။ ဒါပေမဲ့ မဲလိမ်မဲခိုးဆိုတဲ့ စကားလုံးက ဒါ ကျွန်တော်တို့ရဲ့ UEC ကို စော်ကားတာပဲ ဖြစ်တယ်ဗျ၊ အဲဒါကြောင့် စွဲတာပါ” ဟု ဦးခင်မောင်ဝင်းက Myanmar Now ကို ပြောသည်။
စွဲဆိုထားသည့် ငြိမ်းစုစီ ခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ မှာ ဆန္ဒထုတ်ဖော်သူများလိုက်နာရမည့် ပြဋ္ဌာန်းချက်များချိုးဖောက်မှုအတွက် စွဲဆိုသော ပုဒ်မဖြစ်သည်။
ငြိမ်းစုစီ ပုဒ်မ ၁၀ (င) တွင် ဆန္ဒထုတ်ဖော်သူများသည် စီတန်းလှည့်လည်ရာတွင် မမှန်ကန်သော သတင်းများကိုဖြစ်စေ၊ မမှန်ကန်သော အချက်အလက်များကိုဖြစ်စေ ဟောပြောခြင်း မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၂၀ အရ ပြစ်မှုထင်ရှားလျှင် အများဆုံး ထောင်ဒဏ် တစ်လဖြစ်စေ၊ ငွေဒဏ် ၁၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
လက်ရှိတွင် ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ထားသော်လည်း ကျောက်တံတားမြို့နယ် ဥပဒေရုံးထံမှလည်း ဥပဒေအကြံဉာဏ်တောင်းခံထားဆဲ ဖြစ်သည့်အတွက် ပုဒ်မများ ထပ်တိုးနိုင်ခြေရှိမရှိ မသေချာသေးဟု ဦးခင်မောင်ဝင်းက ဆိုသည်။
“တရားမမှု စွဲဖို့ ဘာညာတော့ စိုင်းတော့ စိုင်းပြင်းတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ ငြိမ်းစုစီနဲ့ပဲ စွဲထားပါတယ်။ ဥပဒေအတိုင်းလုပ်ကြပေါ့ဗျာ။ ကျွန်တော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်ကြရတာပေါ့” ဟု ၎င်းက ပြောသည်။
YDP ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော မိုက်ကယ်ကျော်မြင့်သည် ၂၀၁၉ ခုနှစ်အတွင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဘာသာရေးအကြောင်းပြုဆူပူမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
တပ်မတော်ကို ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ဦးဆောင်ခဲ့သည့် မိုက်ကယ်ကျော်မြင့်၏ YDP ပါတီသည် ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ခု တွေ့ဆုံရာတွင်လည်း ပါဝင်ခဲ့သည်။