သတင်း

၁၀ ရက်နီးပါး ပိတ်မိနေသော မိုးကုတ်စစ်ရှောင်များ ထွက်ခွာခွင့်ရ

မန္တလေး-မိုးကုတ်လမ်းပေါ် ပိတ်ဆို့ခံနေရသည့်စစ်ရှောင်များ ခရီးဆက်ခွင့်ရသည်၊ တော်လှန်ရေးအင်အားစုက မိုးကုတ်မြို့အရှေ့ခြမ်းတွင် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

ပတ္တမြားမြေဟု အမည်ကျော်သည့် မန္တလေးတိုင်း မိုးကုတ်မြို့မှ ထွက်ပြေးလာသည့်၊ ထောင်နှင့်ချီသည့် စစ်ရှောင်များကို စစ်ကောင်စီတပ်က ပိတ်ပင်တားဆီးထားရာမှ ယနေ့ (ဇူလိုင် ၉) နံနက်တွင် လမ်းပြန်ဖွင့်ပေးလိုက်သည့်အတွက် ထွက်ခွာနေကြပြီဟု သိရသည်။

မိုးကုတ်အနောက်ခြမ်းတိုက်ပွဲများကြောင့် ဇွန်လကုန်ခန့်က မန္တလေးမြို့ဘက် စစ်ရှောင်လာသူများသည် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းနှင့် လိပ်ကျကျေးရွာအကြားတွင် ၁၀ ရက်နီးပါး ပိတ်မိနေကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်များကို ကူညီနေသူ ဒေသခံအမျိုးသားတစ်ဦးက စစ်ရှောင်လာသူများ ပိတ်မိနေစဉ် အများစုမှာ နေထိုင် စားသောက်ရေး အဆင်မပြေကြကြောင်း ပြောသည်။

“လူတစ်သောင်းခွဲလောက်ရှိတယ်။ မြို့တစ်မြို့စာလောက်ကို ဖြစ်နေတာ။ ရောက်လာခါစက အဲ့ဒီနား ကျေးရွာတွေက နေစရာပေး၊ ကျွေးမွေးတာတွေလုပ်ကြတယ်။ ကြာလာတော့ သူတို့ (ရွာခံတွေ) က ကျွေးစရာ မရှိတော့ဘူး။ အစားအသောက်အနေအထိုင် အကုန်ခက်ကြတယ်။ … ပိုက်ဆံရှိရင်တောင် ဝယ်စားစရာမရှိတော့ဘူး” ဟု ထိုသူက ဆိုသည်။

“ဆိုင်ကယ်တွေ၊ ကားတွေအတွက် အခက်အခဲဖြစ်တယ်”

မိုးကုတ်တိုက်ပွဲနည်းတူ ပြီးခဲ့သည့် ဇွန် ၂၇ မှ စတင်ကာ မိုးကုတ်-မန္တလေး ကားလမ်းမတစ်လျှောက် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မန္တလေးမြို့အဝင် ရွှေကျင်ဂိတ်မှ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအထိ လမ်းပိတ်နေခြင်း ဖြစ်သည်။

သပိတ်ကျင်း ၇ မိုင်ကျေးရွာရှိ စစ်ကောင်စီတပ် အမှတ် (၁၀၄) ခြေလျင်တပ်ရင်းက သွားခွင့်မပြုဘဲ လမ်းပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်တွင် မန္တလေးမြို့ဘက် သွားလိုသူများအပြင် မိုးကုတ်သို့ လှည့်ပြန်မည့်သူများကိုပါ လမ်းဖွင့်ပေးခဲ့၍ တချို့ စစ်ရှောင်များ စတင်ထွက်ခွာနေသည်ဟု မန္တလေး-မိုးကုတ်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ပိတ်ထားတာက စစ်ဆေးရေးဂိတ်က ပိတ်တာပဲ။ နားလည်မှုနဲ့ သွားကြတာပေါ့ဗျာ။ အတင်းတိုးကြတာမျိုးပေါ့၊ မိုးကုတ်ဘက်ကိုတော့ ဝင်ပြီးရင် ပြန်ထွက်လို့မရတော့ဘူး။ မန္တလေးဘက်ကိုတော့ လက်ရှိက စဉ့်ကူးကနေ ကူးလို့ရဦးမှာ မဟုတ်ဘူး။ ကျောက်မြောင်းဘက်ကို ကူးပြီးတော့ လာရမယ်” ဟု သူက ဆိုသည်။

သပိတ်ကျင်းမြို့နယ် လမ်းပိုင်းတွင် ပိတ်မိနေသော မိုးကုတ်စစ်ရှောင်များကို ယခင်ရက်များက တွေ့ ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

မတ္တရာမြောက်ဘက် စဉ့်ကူးမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေရာ စဉ့်ကူးဒေသခံများ မြို့ အနောက်ခြမ်းရှိ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့မှတစ်ဆင့် သွားလာကြရသည်ဟု စဉ့်ကူးဒေသခံများက ဆိုကြသည်။

ယနေ့ နံနက်တွင် လမ်းဖွင့်ပေးလိုက်သော်လည်း မွန်းလွဲအချိန်တွင် စဉ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာအထိသာ ကားများ သွားလာနိုင်သေးကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်အတွင်း လမ်းဖွင့်ပေးရန် သံဃာများ ဦးဆောင်ကာ တောင်းဆိုခဲ့သေးသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူ အထက်ပါဒေသခံအမျိုးသားက ပြန်ပြောပြသည်။ 

“ဘုန်းကြီးတွေစုပြီးတော့ ၇ မိုင်က ၁၀၄ တပ်ရင်းကို သွားပြီးတော့ မိုးကုတ်ကို ပြန်တက်မဲ့အဖွဲ့တွေကို ဖွင့်ပေးဖို့ သွားပြီး ညှိနှိုင်းတော့လည်း လုံးဝဖွင့်မပေးဘူးလို့ ပြောလိုက်တယ်တဲ့”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ “၁၀၂၇” စစ်ဆင်ရေး တိုက်ပွဲများပြင်းထန်စဉ် ယမန်နှစ် နိုဝင်ဘာလကုန်ခန့်က မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ ထွက်ပြေးလာသည့် စစ်ရှောင် တစ်ထောင်ကျော်ခန့်ကို စစ်တပ်က လားရှိုးမြို့အတွင်း ဝင်ရောက်ခွင့်မပြုသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ဆိုင်ကယ်ဖြင့် လာကြသော လူတစ်ထောင်ကျော်နီးပါးသည် လားရှိုးမြို့အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ နားဖကျေးရွာအနီး ရောက်ရှိလာစဉ် ထိုနေရာ၌ စခန်းထိုင်သော ခြေလျင်တပ်ရင်း အမှတ် (၆၈) တပ်ဂိတ်က ဆက်သွားခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

TNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများက ဇွန် ၂၅ မှ ၃၀ ရက်အတွင်း မိုးကုတ်မြို့အနောက်ခြမ်း၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့အနောက်ပိုင်းရပ်ကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုးကုတ်အရှေ့ခြမ်းတွင် တိုက်ပွဲဆက်ဖြစ်

ယခုရက်ပိုင်းအတွင်း တအာင်းတပ် (TNLA) နှင့် မဟာမိတ်တပ်များက မိုးကုတ်-မိုးမိတ်ကားလမ်း၊ မိုးကုတ်မြို့အထွက် (မိုးကုတ်အရှေ့ခြမ်း) ပိန်းပြစ်ကျေးရွာဝန်းကျင်မှ စစ်တပ်စခန်းများကို တိုက်ခိုက်နေသည်ဟု မြို့ခံများထံမှ သိရသည်။

မကွေးအခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်နှင့် သပိတ်ကျင်းအခြေစိုက် အမှတ် (၁၄၈) ခြေလျင်တပ်ရင်းတို့၏ တပ်စခန်းများကို ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

မိုးကုတ်မြို့ပေါ်ရှိ စစ်တပ်စခန်းများ၊ လက်နက်ကြီးစခန်းများက အတွဲဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေကြောင်း၊ မြို့ပေါ်လူနေရပ်ကွက်များတွင်လည်း ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ၊ သုံးဦးဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးရုံ ပို့ဆောင်ကုသပေးထားရကြောင်း သိရသည်။

မိုးကုတ်မြို့ခံတစ်ဦးက မိုးကုတ်အရှေ့ခြမ်းတွင် ယနေ့ သေနတ်ပစ်ခတ်သံများ ကြားရပြီး လေကြောင်းတိုက်ခိုက်မှုလည်း ရှိခဲ့သည်ဟု ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဆိုသည်။

“ခုနလေးကတောင် မိုးကုတ်မြို့အဝင် မင်းတံတားရပ်ကွက်ဘက်မှာ သေနတ်သံတွေကြားရတယ်။ လက်နက်ကြီးသံတွေက တစ်ခေါက်ပစ်ရင် ၅ လုံး ၁၀ လုံး ဆက်တိုက်ပစ်တယ်။ နီးတဲ့နေရာမှာဆိုရင် အိမ်တွေတောင် တုန်တယ်” ဟု ပြောသည်။

“ပြည်သူ့ဆေးရုံအနောက်ဘက်က ရဲစခန်းအနောက်ဘက်မှာ ဗျူဟာကုန်းရှိတယ်။ အဲ့နားက အိမ်တွေ အကုန်လုံးရှောင်ခိုင်းထားတယ်။ လေယာဉ်တွေနဲ့ လာပစ်သံတွေလည်း ကြားရတယ်”

မြို့တွင်းကျန်ရှိနေသူများ စားသောက်ရေး ခက်ခဲနေသည်၊ တိမ်းရှောင်ပါကလည်း လမ်းခရီးတွင် အခက်အခဲရှိသလို စက်သုံးဆီဈေးများလည်း မြင့်တက်နေသောကြောင့် အိမ်တွင်း၌သာ နေထိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“တော်တော်များများက ဆန်တွေဝယ်မရလို့ ဒုက္ခရောက်နေကြတယ်။ ပိုက်ဆံရှိရင်တောင် ဆန်ဝယ်လို့မရဘူး။ မြို့ကနေလည်း ထွက်ဖို့အဆင်မပြေဘူး။ ထွက်သွားရင်လည်း လမ်းမှာ ပြန်ပိတ်မိနေလို့ ပိုပြီး ဒုက္ခရောက်တယ်” ဟု ၎င်းက ပြောသည်။

မြို့အနောက်ခြမ်းမှ ၇ မိုင်အကွာရှိ ဌာနဆိုင်ရာရုံးများရှိသည့် မိုးကုတ်အရှေ့ခြမ်းကို TNLA, PDF က သိမ်းနိုင်ပါမှ မိုးကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ ထိန်းချုပ်နိုင်လျှင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ပိတ်ဆို့ဖြတ်တောက်နိုင်မည်၊ TNLA ထိန်းချုပ် သိမ်းပိုက်ထားသည့် မိုင်းလုံမြို့နှင့် မိုင်းလုံ-မိုးကုတ် – စစ်ကိုင်းတိုင်းတို့အထိ နယ်မြေတစ်ဆက်တည်း တည်ရှိသွားမည် ဖြစ်သည်။

ဖိုခနောက်ဆိုင်တည်ရှိနေသော ထို ၃ မြို့သည် အရှေ့ဘက်တွင် TNLA ထိန်းချုပ်ထားသော နမ့်ဆန်၊ နမ္မတူမြို့တို့ ရှိပြီး အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ တော်လှန်ရေးအင်အားစု အားကောင်းသည့် ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ရွှေဘိုတို့နှင့် ထိစပ်နေသည်။

Show More

Related Articles

Back to top button