သတင်း

မိုးကုတ်မြို့အနောက်ခြမ်းကို TNLA, PDF ထိန်းချုပ်

စစ်ရေးအရ အရေးပါလာသည့် မိုးကုတ်တွင် မြို့အနောက်ပိုင်းကို တော်လှန်ရေးအင်အားစု ထိန်းချုပ်လိုက်ပြီး ၇ မိုင်အကွာတွင် တည်ရှိသည့် မြို့အရှေ့ပိုင်းကို ဆက်လက် ခြိမ်းခြောက်နေသည်။

စစ်ရေးအရ အရေးပါသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ခြမ်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း မြို့ခံများနှင့် မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

အနောက်ခြမ်းနှင့် ၇ မိုင် ဝေးကွာသည့်၊ ဌာနဆိုင်ရာရုံးများရှိသည့် အရှေ့ခြမ်းကို သိမ်းနိုင်ပါမှ မိုးကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ ထိန်းချုပ်နိုင်လျှင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ပိတ်ဆို့ဖြတ်တောက်နိုင်မည်၊ TNLA ထိန်းချုပ်သိမ်းပိုက်ထားသည့် မိုင်းလုံမြို့နှင့် မိုင်းလုံ-မိုးကုတ် – စစ်ကိုင်းတိုင်းတို့အထိ နယ်မြေတစ်ဆက်တည်း တည်ရှိသွားမည် ဖြစ်သည်။

ဖိုခနောက်ဆိုင်တည်ရှိနေသော ထို ၃ မြို့သည် အရှေ့ဘက်တွင် TNLA ထိန်းချုပ်ထားသော နမ့်ဆန်၊ နမ္မတူမြို့တို့ရှိပြီး အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ တော်လှန်ရေးအင်အားစု အားကောင်းသည့် ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ရွှေဘိုတို့နှင့် ထိစပ်နေသည်။

TNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများက ဇွန် ၂၅ မှ ၃၀ အတွင်း မိုးကုတ်မြို့ အနောက်ခြမ်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ 

သိမ်းလိုက်သည်မှာ ဒေါ်နန်းကြည်တောင်၊ အောင်သာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း၊ ရွှေမြင်ဝင်းတောင်၊ ရွှေမြင်တင်ဘုရားတောင်၊ မြို့ဦးလွင်၊ အေးစေတီတို့ရှိ တပ်စခန်းများနှင့် ကျပ်ပြင်ရဲစခန်းတို့ဖြစ်သည်။

အရည်အသွေးကောင်းသည့် ပတ္တမြားထွက်ရှိမှုကြောင့် ထင်ရှားသော မိုးကုတ်မြို့တွင် စစ်ဆင်ရေး ၇ ရက်မြောက်နေ့ဖြစ်သော ဇူလိုင် ၁ ရက်နေ့က စစ်ကောင်စီတပ်သား ၁၅ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၄၃ လက် သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်သည်။

လက်ရှိတွင် မိုးကုတ်မြို့အနောက်ခြမ်း၌ စစ်ကောင်စီတပ်စခန်းများ ကင်းစင်သွားကြောင်း၊ ထိုတိုက်ပွဲများအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး နေအိမ် ၁၀ လုံးခန့် ကျည်ထိမှန် ပျက်စီးထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“တခြားမြို့တွေနဲ့ ယှဉ်ရင် ထိခိုက်ပျက်စီးမှု အနည်းဆုံးလို့ ပြောလို့ရတယ်။ ဒေသခံ ၃ ဦး ဒဏ်ရာရထားတာတော့ ရှိတယ်။ စစ်တပ်တော့ အသေအပျောက်များတယ်။ မြို့အနောက်ခြမ်းကတော့ မနေ့ကတည်းက အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရောက်ပါပြီ” ဟု သူက ပြောသည်။

လတ်တလောတွင် မြို့အနောက်ခြမ်းရှိ ဒေသခံအများစု ၎င်းတို့ နေအိမ်များတွင်သာ ခိုလှုံနေကြပြီး စျေးဆိုင်ခန်းတချို့ ဖွင့်လှစ်ထားကြောင်း၊ မြို့တွင်း ဒေသခံသွားလာလှုပ်ရှားမှု အနည်းငယ်ရှိနေကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

မြို့အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်စခန်း အများအပြားကျန်ရှိနေကြောင်း၊ မြို့ခံများ မန္တလေးမြို့သို့ တိမ်းရှောင်နေပြီး စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကြောင့် အများအပြားမှာ လမ်းခရီး၌ ပိတ်မိနေကြကြောင်း သိရသည်။

မိုးကုတ်မြို့ကို အဓိကခြေကုပ်ယူထိန်းချုပ်ထားသည့် မြို့အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်၏ မိုးကုတ်ဗျူဟာစခန်းတွင် စစ်ကောင်စီခြေလျင်တပ်ရင်း အမှတ် (၁၄၈၊ ၇၁) နှင့် တပ်မ (၉၉၊ ၃၃) တို့က အင်အားအများအပြားဖြင့် အခိုင်အမာတပ်စွဲထားသောကြောင့် TNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူရန် အချိန်ကြာမြင့်နိုင်သည်ဟု ယူဆရသည်။

ယမန်နေ့ နံနက်မှ ယနေ့ နေ့လယ်အထိ မိုးကုတ်အရှေ့ခြမ်းကို ပူးပေါင်းတပ်များက ထိုးစစ် စတင်ခြင်း မပြုသေးဘဲ စခန်းသိမ်းတိုက်ပွဲများအတွင်း ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှာဖွေနေကြသည်ဟု သိရသည်။

မတ္တရာ၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ စစ်ရေးလှုပ်ရှားမှုများ

မန္တလေးတိုင်းတွင် မိုးကုတ်နှင့် တစ်ဆက်တည်းရှိသည့် မတ္တရာမြို့ကိုလည်း MDY-PDF က အရှိန်မြင့်ထိုးစစ်ဆင်နေရာ တပ်စခန်းပေါင်း ၈ ခုကို သိမ်းပိုက်ထားနိုင်ကြောင်း ယနေ့ (ဇူလိုင် ၂) တွင် ထုတ်ပြန်ထားသည်။

မိုးကုတ်နှင့် မတ္တရာတို့ရှိ တိုက်ပွဲများမှာ အနီးရှိ မန္တလေးမြို့တွင် အခြေစိုက်ထားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည်။

မိုးကုတ်အရှေ့ခြမ်းနှင့် မိုင် ၃၀ ခန့် ကွာဝေးသည့် မိုးမိတ်မြို့တွင်လည်း တိုက်ပွဲရှိသည်ဟု TNLA က ယမန်နေ့ (ဇူလိုင် ၂) တွင် ထုတ်ပြန်ထားသည်။ ညောင်နီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။

မကြာသေးခင်လများအတွင်း မိုးမိတ်ကို ထိုးစစ်ဆင်ခဲ့သည့်အဖွဲ့မှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA ဦးဆောင်သော တပ်များ ဖြစ်သည်။ TNLA က ထိုးစစ် ရပ်တန့်ရန် တောင်းဆိုသဖြင့် KIA နှင့် တပ်များ ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

လတ်တလော မိုးမိတ်မြို့ ထိုးစစ်များတွင် TNLA နှင့်အတူ PDF, ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့လည်း ပါဝင်နေသည်ဟု သိရသည်။ မိုးမိတ်မြို့ ထိန်းချုပ်သိမ်းပိုက်ရေးသည်လည်း TNLA ၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း စစ်ရေးရည်မှန်းချက်တစ်ခု ဖြစ်နိုင်သည်ဟု လေ့လာသူများက ယူဆကြသည်။

မြန်မာပြည်အလယ်ပိုင်းမှ မိုးမိတ်သို့ သွားနိုင်သည့် လမ်း ၂ ခု ရှိသည်။ မိုးကုတ် – မိုးမိတ်လမ်းနှင့် တွင်းငယ် – မိုးမိတ်လမ်းတို့ ဖြစ်သည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်နှင့် မိုးမိတ်မြို့ လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီး ထိုလမ်းကြောင်းကို TNLA နှင့်အတူ အပြည့်အဝ ထိန်းချုပ်ထားကြောင်း PLA က ဇွန် ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ပေါ်ရပ်ကွက်များကို စစ်ဆင်ရေး အစောပိုင်းရက်ကတည်းက ထိန်းချုပ်ထားသည့် TNLA နှင့် ပူးပေါင်းတပ်များက မြို့အနီးရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။

ယခုရက်များအတွင်း လက်ကျန် တပ်ရင်းဌာနချုပ်များကို ပိတ်ဆို့ထားပြီး ကျောက်မဲ-နောင်ချိုမြို့အကြားရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အရေးကြီးသည့် ဂုတ်တွင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စီးနင်းတိုက်ခိုက်နေသည်။

ဇွန် ၃၀ ရက် ညသန်းခေါင်ယံတွင် နောင်ချိုနှင့် ကျောက်မဲမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ရာ နောင်ချိုမြို့နယ်မီးသတ်ရုံးနှင့် ကျောက်မဲမြို့လယ်ရှိ ဟိုတယ်တစ်လုံးအပါအဝင် နေအိမ် ၃၀ ခန့် ထိမှန်ပျက်စီးခဲ့သည်။

နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ အရပ်သား ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ဦးအထိ ရှိလာကြောင်း၊ ထိုမြို့နယ် သုံးခုတွင် စစ်ဘေးရှောင် သုံးထောင်နီးပါးအထိ ရှိနေကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအဖြစ် သီတင်းပတ် ၁ ပတ်ခန့် ကြာမြင့်လာချိန် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း အကြီးအသေးပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ ၅၀၀ ကျော်နှင့် ခဲယမ်းမီးကျောက်အများအပြား သိမ်းဆည်းရမိကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိပေ။

Show More

Related Articles

Back to top button