သတင်း

လောက်ကိုင်စစ်ရှောင် တစ်ထောင်ကျော် လားရှိုးမြို့တွင်း ဝင်ခွင့်မရ

ဆိုင်ကယ်အများစုဖြင့် ၃ ရက်ကြာ ခရီးနှင်လာသော စစ်ရှောင်တစ်ထောင်ကျော်သည် လားရှိုးမြို့မှ ၈ မိုင်ခန့်အကွာတွင် ဟန့်တားခံရသဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များတွင် ခိုလှုံနေကြရသည်။

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ ထွက်ပြေးလာသည့် စစ်ရှောင်တစ်ထောင်ကျော်ခန့်ကို စစ်တပ်က လားရှိုးမြို့အတွင်း ဝင်ရောက်ခွင့်မပြုသောကြောင့် မြို့ပြင်ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များတွင် ခိုလှုံနေကြရသည်ဟု သိရသည်။

အများစုက ဆိုင်ကယ်ဖြင့် လာကြသော လူတစ်ထောင်ကျော်နီးပါးသည် ယမန်နေ့ (နိုဝင်ဘာ ၂၈) နံနက်က လားရှိုးမြို့အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ နားဖကျေးရွာအနီး ရောက်ရှိလာစဉ် ထိုနေရာ၌ စခန်းထိုင်သော ခြေလျင်တပ်ရင်း အမှတ် (၆၈) တပ်ဂိတ်က ဆက်သွားခွင့်မပြုခြင်း ဖြစ်ကြောင်း စစ်ရှောင်များက ဆိုကြသည်။

လောက်ကိုင်-ကွမ်းလုံလမ်းပိုင်းများမှတစ်ဆင့် လာသော ထိုစစ်ရှောင်များက တောလမ်း၊ လယ်ကွင်းများမှတစ်ဆင့် လားရှိုးမြို့တွင်းကို လယ်ကွင်းများ၊ ကျေးရွာများကို ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်း၊ လူစုခွဲခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း ရောက်မှ ဟန့်တားခံရခြင်း ဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းတစ်လျှောက်လုံးမှာ လက်နက်ကိုင်အဖွဲ့မျိုးစုံက စစ်ဆေး မေးမြန်းတာတွေတော့ ရှိခဲ့ပေမဲ့ အခုလို တားဆီးပိတ်ပင်ထားတာမျိုး တစ်ကြိမ်မှ မကြုံခဲ့ရပါဘူး။ ချင်းရွှေဟော်- နမ့်တစ်လမ်းက ပြန်သွားတဲ့သူတွေက သူတို့အိမ်ကို ရောက်ကုန်ကြပြီ။ ကျွန်တော်တို့ ဒီလမ်းက ပြန်လာမိတာ မှားတာပေါ့ဗျာ“ ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကလည်း ၎င်း၏ ဆွေမျိုးများ နားဖကျေးရွာအနီး ပိတ်မိနေကြောင်း ပြောသည်။

“ကျွန်တော့်ဆွေမျိုးတွေလည်း ရောက်လာကြတာကို သွားခေါ်လို့ မရဘူးဖြစ်နေတယ်။ လူတွေက စုပုံနေတာပဲ။ လူတစ်ထောင်ကျော်ရှိတယ်။ စစ်တပ်ဘက်က နားဖရွာမှာ ပိတ်ထားတယ်။ (စစ်တပ်က လက်ခံဖို့) ဘာအစီအစဉ်မှလည်း မရှိဘူး” ဟု ထိုသူက ယနေ့နံနက်တွင် ပြောပြသည်။

မြို့အနောက်မြောက်ဘက် ဟိုပိတ်တိုးဂိတ်၌ လားရှိုးမြို့ခံဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ ပြသပြီး ကြိုသူရှိလျှင် မြို့တွင်း ဝင်ခွင့်ပြုနေသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါ စစ်ရှောင်များသည် လောက်ကိုင်မြို့မှ ချင်းရွှေဟော်-ကွမ်းလုံ လမ်းမကြီးအတိုင်း ထွက်ပြေးလာကြခြင်းဖြစ်ပြီး သိန္နီမြို့အဝင်တံတား ချိုးဖျက်ခံထားရသောကြောင့် သိန္နီမြို့နယ် နမ့်စလပ်ရွာမှတစ်ဆင့် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်အထိ တောလမ်းအတိုင်း ရောက်ရှိလာကြခြင်းဖြစ်သည်။

၃ ရက်နီးပါး ခရီးနှင်ခဲ့ရသော လောက်ကိုင်စစ်ရှောင် တစ်ထောင်ကျော်သည် နားဖကျေးရွာရှိ ခမရ ၆၈ စစ်တပ်ဂိတ်က ဆက်သွားခွင့်မပြုသောကြောင့် ထိုရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့တွင် ခိုလှုံနေကြရသည်။

ယနေ့ နံနက်တွင်လည်း လောက်ကိုင်စစ်ရှောင်များ ရောက်ရှိနေသည့်နေရာအနီး ပစ်ခတ်သံများ ကြားနေရသည်၊ လူသေဆုံးမှု ရှိမရှိ မသိရသေးဟု ဒေသခံတချို့က ဆိုသည်။

ထိုအရပ်သားများတွင် လားရှိုးမြို့မှတစ်ဆင့် တခြားနေရာဒေသများသို့ ပြန်မည့်သူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီက နားဖ-လားရှိုး အဝင်လမ်း၊ မူဆယ်-လားရှိုး-ဟိုပိတ်တိုးဂိတ်အဝင်လမ်း၊ နမ္မတူ-လားရှိုးမြို့ရှောင်အဝင်လမ်းများကိုလည်း ယနေ့နံနက်မှစတင်၍ ပိတ်ထားလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းယော်တိုက်နယ်လမ်းပိုင်းတစ်နေရာတွင် ယနေ့ တွေ့ရသော လောက်ကိုင်စစ်ရှောင်များ။ (ဓာတ်ပုံ – ပေးပို့)

“၁၀၂၇” စစ်ဆင်ရေးအတွင်း တိုက်ပွဲများကြောင့် လောက်ကိုင်မြို့မှ သောင်းနှင့်ချီသည့် စစ်ရှောင်များသည် ယခုရက်ပိုင်းအတွင်း လောက်ကိုင်-ချင်းရွှေဟော်-နမ့်တစ် (ဝပြည်) လမ်းပိုင်း၊ လောက်ကိုင်-ကွမ်းလုံ-သိန္နီ-မိုင်းယော်-လားရှိုးလမ်းပိုင်းအတိုင်း ထွက်ပြေးနေကြသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ထိုစစ်ဆင်ရေး ရည်ရွယ်ချက်များတွင် “လောက်ကိုင်ဒေသ” ကို ပြန်ရရှိရေးလည်း ပါဝင်ရာ  တိုက်ပွဲဖြစ်မည့် ဒေသမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် လားရှိုးမြို့တွင် ကုလသမဂ္ဂဆိုင်ရာရုံးတချို့ ရှိသလို ပြည်တွင်းနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ ၁၀ ဖွဲ့ကျော် ရုံးစိုက်ရာမြို့ဖြစ်သော်လည်း နားဖကျေးရွာအနီးမှ လောက်ကိုင်စစ်ရှောင်တစ်ထောင်ကျော်ကို ယနေ့နံနက်အထိ အကူအညီပေးမှု မရှိကြသေးကြောင်း မြို့ခံများထံမှ သိရသည်။

လောက်ကိုင်မြို့မှ စစ်ရှောင်များကို နမ့်တစ်မြို့မှ UWSA တပ်ဖွဲ့ဝင်များက ကူညီခေါ်ထုတ်ကာ လားရှိုးမြို့နှင့် ကပ်လျက် တန့်ယန်းမြို့အတွင်း ပို့ဆောင်ပေးနေကြောင်း ”ဝ” ဘက်က ကြေညာထားသည်။

ယမန်နေ့ကလည်း နမ့်တစ်မြို့မှတစ်ဆင့် တန့်ယန်းမြို့ဘက်သို့ စစ်ဘေးရှောင် ၃၆၁၈ ဦးကို ကားကြီး ၅၇ စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

နမ့်တစ်မြို့မှတစ်ဆင့် တန့်ယန်းမြို့ဘက်သို့ နိုဝင်ဘာ ၂၅ တွင် စစ်ဘေးရှောင် ၁၁၀၀ ကျော်၊ ၁၆ ရက် တွင် ၁၅၀၀ ခန့်ကို ပို့ဆောင်ပေးခဲ့သလို “ဝ” ဒေသအတွင်း လောက်ကိုင်စစ်ရှောင် ဆိုင်ကယ်အစီးရေ ၅၀၀၀ ခန့် ဖြတ်သန်းသွားလာခွင့်ပေးခဲ့ကြောင်း ၎င်းက ဖော်ပြထားသည်။

UWSA အစီအစဉ်ဖြင့် တန့်ယန်းမြို့မှ လာသော လောက်ကိုင်စစ်ရှောင် ရာနှင့်ချီသည် လားရှိုးမြို့အတွင်း ယမန်နေ့ နံနက်က ဝင်ရောက်လာကြပြီး လက်ရှိတွင် တန့်ယန်း-လားရှိုးမြို့အဝင်လမ်းကို စစ်ကောင်စီက ဖွင့်ထားကြောင်း လားရှိုးမြို့ခံများက ဆိုသည်။

လောက်ကိုင်မြို့တွင်းမှ မြို့ခံများ၊ အရပ်သားများ ထွက်ခွာပြီးပါက မြို့တွင်းရှိ စစ်တပ်နှင့် ပြည်သူ့စစ်များကို MNDAA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ကာ မြို့ကို သိမ်းယူမည်ဟုလည်း သတင်းထွက်နေသည်။

Show More

Related Articles

Back to top button