အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စွပ်စွဲခံနေရမှုများကို ရတနာပုံတက္ကသိုလ်သမဂ္ဂ ဖြေရှင်း

ကျောင်းအတွင်း ဆိုင်ကယ်ရပ်နားခ ငွေကြေးများ ရယူ သုံးစွဲလိုသည်  ဟူသော စွပ်စွဲချက် အပါအဝင် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် မကြာသေးခင်က ပြောကြားခဲ့သည့် အချက်များကို ထိုတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂက ဇန်နဝါရီ ၇ တွင် ပယ်ချလိုက်သည်။

ငွေကြေးဆိုင်ရာ ကော်မတီတွင် ပါဝင်ရန် တောင်းဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ မအိမွန်ခင်က မန္တလေးမြို့ မီဒီယာစင်တာတွင်  သတင်းသမားတို့နှင့် တွေ့ဆုံစဉ် ပြောသည်။

 “ရလာတဲ့ငွေတွေကို ကော်မတီတစ်ရပ် ဖွဲ့မယ်၊ ကျောင်းသား ကိုယ်စားလှယ်တွေ ပါမယ်၊ ကျောင်းအုပ်ချုပ်ရေးပိုင်းက ကိုယ်စားလှယ်တွေ ပါမယ်၊   အဲဒီလို ကော်မတီတစ်ရပ် ဖွဲ့ပြီးမှ ကျောင်းရဲ့ လိုအပ်တဲ့ နေရာတွေမှာ သုံးမယ်လို့ တောင်းဆိုခဲ့တာပါ” ဟု  မအိမွန်ခင်က ပြောသည်။

ကျောင်းသား၂၀,၀၀၀ ကျော် တက်ရောက်နေသည့် ထိုတက္ကသိုလ်တွင် ဆန္ဒပြပွဲများ အဆက်မပြတ် ဖြစ်ပွားလျက် ရှိသည်။  ဆန္ဒပြမှုများမှာ ဆိုင်ကယ် တချို့ ပျောက်ဆုံးမှု အပါအဝင် လုံခြုံရေး ဆောင်ရွက်မှု အခြေအနေနှင့်လည်း ပတ်သက်နေသည်။

ဤအခြေအနေတွင် စတုတ္ထနှစ် ကျောင်းသား မောင်စိုးမိုးဟိန်းသည် လုယက်မှုတစ်ခုနှင့် ရင်ဆိုင်ရပြီး သေဆုံးသွားသည်။ ကျောင်းပြင်ပတွင် ဖြစ်ပွားခဲ့သော ထိုအမှုကိုလည်း ဆန္ဒပြကျောင်းသားတို့က အသုံးချနေသည်ဟု ပါမောက္ခချုပ်က ဝေဖန်ခဲ့သည်။ 

ထိုဝေဖန်ချက်ကိုလည်း မအိမွန်ခင်က ပယ်ချလိုက်သည်။

“ကျွန်မတို့ ခုတုံးလုပ်တာ မဟုတ်ပါဘူး။ ကျွန်မတို့ တောင်းဆိုလာတာ ကိုစိုးမိုးဟိန်း မသေခင်ကတည်းက ၂၀၁၇ ကတည်းက တောင်းဆိုလာတာ ဖြစ်တယ်” ဟု မအိမွန်ခင်က ဆိုသည်။ 

အာဇာနည်နေ့ အထိမ်းအမှတ် အစီအစဉ်အတွက် ကျောင်းသားများနှင့် ဆရာ ဆရာမများထံမှ ကောက်ခံရရှိငွေ ၅၅ သိန်းနှင့် ပတ်သက်ပြီး သမဂ္ဂက စာရင်းရှင်းလင်းခြင်း မရှိဟု ဘာသာရပ်ဆိုင်ရာ ကျောင်းသား ကိုယ်စားလှယ်များက ကြေညာချက်ထုတ်ခဲ့ကြောင်း၊ ထိုရန်ပုံငွေကို အာဇာနည်နေ့ ဖြစ်မြောက်ရေး ကော်မတီကသာ ကိုင်တွယ်ခဲ့ခြင်းသာ ဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

တက္ကသိုလ်များစွာရှိသည့်အနက် သက်တမ်း ၁၉ နှစ်ထဲသို့ ရောက်လာသည့် ရတနာပုံ တက္ကသိုလ်သည် ကျောင်းသား ဆန္ဒပြပွဲအများဆုံး ဖြစ်ပွားသည့်နေရာတစ်ခု ဖြစ်နေသည်။

ယခင်လကုန်ပိုင်းက   တိုင်းအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တို့၏ ဓာတ်ပုံများ ကပ်ထားသော စက္ကူခေါင်းတလားတို့ကို ကျောင်းသားတချို့ မီးရှို့ဆန္ဒပြရာ ဆန္ဒပြကျောင်းသား ၃ ဦး ထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေရသည်။

ရတနာပုံကို ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်လာသည့် အခြားတက္ကသိုလ်များနည်းတူ မြို့ပြင်တွင် တည်ဆောက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button