
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရပြီးနောက် စစ်ရှောင်စခန်းတစ်ခုလုံးကို အသွားအလာ ကန့်သတ်ပိတ်ပင်လိုက်သည်ဟု နယ်မြေအုပ်ချုပ်ရေးမှူးက ပြောသည်။
ရောဂါပိုးကူးစက်ခံရသူ အမျိုးသားသည် ခရီးသွားရာဇဝင်မရှိဘဲ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပလနကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က Myanmar Now ကို ပြောသည်။
“စစ်ရှောင်စခန်းဆိုတော့ သူတို့နေရတာက ကျောချင်းကပ်ရပ်တွေလေ။ အဲဒီနေရာကို အပြင်မထွက်ဖို့ စခန်းတာဝန်ခံနဲ့ ပေါင်းစပ်ပြီး လော့ဒေါင်း (Lockdown) ချလိုက်တယ်။ သူတို့ ဈေးဝယ်စားချင်တယ်ဆိုလည်း ပေးဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ဦးသက်နိုင်က ပြောသည်။
အဆိုပါ ကိုဗစ်နိုင်တင်းလူနာ၏ မိသားစုဝင် ၄ ဦးကို မြစ်ကြီးနားမြို့ရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
ရောဂါကူးစက်ခံထားရသည့် စစ်ရှောင်အမျိုးသားသည် အင်ဂျန်းယန်မြို့နယ် လရှီယန်ကျေးရွာ ဇာတိဖြစ်ပြီး ၂၀၁၇ တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူ ဖြစ်သည်။
“ပိုးတွေ့တဲ့ကလေးက စားဝတ်နေရေးဖြေရှင်းဖို့ သူ့မူရင်းဒေသကို ရွှေကျင်တာတို့၊ ကျပန်းအလုပ်တွေ လုပ်တယ်။ အဲဒီလိုပဲ လုပ်တာပေါ့။ တခြားသွားတာတွေ မရှိဘူး။ သူနဲ့ ထိတွေ့တဲ့ လူတွေကိုတော့ စစ်ဆေးထားတယ်” ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးခွန်အောင်က Myanmar Now ကို ပြောသည်။
လူဦးရေ ၉၀၆ ဦး ခိုလှုံနေသည့် စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတွင် ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်မှုရှိသူ ၅၀ ဦးခန့်ကို ယနေ့နေ့လယ်ပိုင်းတွင် အာခေါင်တို့ဖတ်နမူနာယူ၍ ရောဂါပိုးကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးထားသည်ဟု ဦးခွန်အောင်က ဆိုသည်။
အသွားအလာ ကန့်သတ်ထားသည့်ကာလအတွင်း စစ်ရှောင်စခန်းတွင် ခိုလှုံနေသူများအတွက် ရိက္ခာပြတ်လပ်မှုမဖြစ်စေရန် စခန်းကို ကူညီထောက်ပံ့နေသည့် ကက်သလစ်အသင်းတော်သို့ တင်ပြထားသည်ဟုလည်း ၎င်းက ဆိုသည်။
ကိုဗစ်နိုင်တင်းလူနာ တွေ့ရှိသည့် စိန့်ဂျိုးဇက်စစ်ရှောင်စခန်းသို့ မြို့နယ်ကျန်းမာရေးအဖွဲ့က သွားရောက်စစ်ဆေးနေပြီး ရောဂါလက္ခဏာပြသူများကို စစ်ဆေးသွားရန်ရှိသည်ဟု မြစ်ကြီးနားခရိုင် ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခေါင်နောက ပြောသည်။
စစ်ဘေးရှောင်စခန်းကို အသွားအလာကန့်သတ်ထားစဉ်ကာလအတွင်း စခန်းအတွင်းရှိ ပြည်သူများ ကြုံတွေ့ရမည့် အခြေအနေများကို ပူးပေါင်းဖြေရှင်းကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အတွင်းရှိ WHO၊ UNOCHA၊ UNHCR၊ WFP၊ UNICEF ၊ KMSS စသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတို့ ယနေ့တွင် Video conferencing ပြုလုပ်ခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြစ်ကြီးနားတွင် ဇန်နဝါရီ ၁၀ အထိ ပိုးတွေ့လူနာ ၉၉ ဦး ရှိလာပြီး ၎င်းတို့အနက် ၁၈ ဦးမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ ကချင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်နိုင်တင်းလူနာ ၆၈၃ ဦးရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ ၁၃၀,၀၀၀ ကျော်နှင့် သေဆုံးလူနာ ၂,၈၀၀ ကျော် ရှိသည်။