
ရက္ခိုင့်တပ်တော် (AA) ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ယနေ့ (ဇန်နဝါရီ ၁၁) ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်တစ်ဦးက တင်သွင်းလိုက်သည်။
လတ်တလောတွင် တပ်မတော်နှင့် AA တို့ကြား တွေ့ဆုံဆွေးနွေးမှုများရှိနေပြီး တိုက်ပွဲများရပ်တန့်နေသော်လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အဟန့်အတားတစ်ခုဖြစ်နေရာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းပေးရန် အဆိုတင်သွင်းခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
“ငြိမ်းချမ်းရေးကို လိုလားတယ်။ တကယ်လို့သာ အကြမ်းဖက်အဖွဲ့အစည်းဆိုတာကို မပယ်ဖျက်ရင် တွေ့ဆုံကြတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေထဲမှာ တပ်မတော်ဘက်က ခေါင်းဆောင်တွေလည်း ဒီဥပဒေနဲ့ သွားငြိနေတယ်။ အဲဒါကြောင့် ဒီဟာကို ပယ်ဖျက်သင့်တယ်။ တကယ်လို့ မပယ်ဖျက်ရင် ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်တယ်။ အတားအဆီးဖြစ်မယ်” ဟု ဦးထွန်းသာစိန်က Myanmar Now ကို ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ်ကာလတွင် တပ်မတော်စစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ အစိုးရဝန်ထမ်းများကို ဖမ်းဆီးသည်ဟုဆိုကာ AA ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ မတ်လ ၂၃ တွင် အစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရန် AA ၏ တောင်းဆိုချက်ကို ကြိုဆိုကြောင်း တပ်မတော်၏ နိုဝင်ဘာ ၁၂ ထုတ်ပြန်ချက်တွင် AA ကို ယခင်ကကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းအဖြစ် သုံးစွဲခြင်း မရှိသောကြောင့် အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်သည်ဟု အဆိုတင်သွင်းသူ ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
၎င်း၏အဆိုကို လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၁၃ ညနေပိုင်း နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော်သည် ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၆ မှစ၍ တစ်ပတ်ခန့် အစည်းအဝေးများပြုလုပ်ခဲ့ပြီးနောက် နှစ်လနီးပါးအကြာ ယနေ့တွင် ယခုလွှတ်တော်သက်တမ်း၏ နောက်ဆုံးအစည်းအဝေးများ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP လွှတ်တော်ကိုယ်စားလှယ်များ အများဆုံးရှိသည့်အတွက် ယင်းအဆိုကို အတည်ပြုနိုင်ခြေများသည်။ အဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါက လွှတ်တော်ဥက္ကဋ္ဌသည် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ ဆက်လက်အစီရင်ခံရမည်ဖြစ်သည်။
“ပြည်ထောင်စုအစိုးရကလည်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့အစိုးရလို့ ထုတ်ဖော်ပြောကြားထားတဲ့အတွက် အမှန်တကယ်သာ ငြိမ်းချမ်းရေးကို လိုလားတဲ့ အစိုးရ၊ ပြည်သူ့အစိုးရလို့ဆိုရင် ပြည်သူ့သဘောထားအမှန် ထုတ်ပြန်ပေးလိမ့်မယ်လို့ ယူဆတယ်” ဟု အဆိုတင်သွင်းသူ ဦးထွန်းသာစိန်က ပြောသည်။
တပ်မတော်နှင့် AA သည် ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ဘေးရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်အထိ ရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများစွာလည်း ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့် နိုဝင်ဘာပထမပတ်မှစ၍ နှစ်ဖွဲ့ကြား တိုက်ပွဲများ ရပ်တန့်နေခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် AA တို့ကြား တွေ့ဆုံဆွေးနွေးမှုများရှိနေပြီး AA အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဇန်နဝါရီ ဒုတိယပတ်တွင် တွေ့ဆုံရန် အစိုးရဘက်က အဆိုပြုထားသည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကလည်း ထုတ်ဖော်ပြောကြားထားသည်။
လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော မြို့နယ်များတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် တပ်မတော်နှင့် AA တို့ကလည်း သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။