ယခုတစ်လော နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ၏ မြန်မာ့အရေး အကြီးတန်းအကြံပေး Richard Horsey သည် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ (အထူးသဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့) ၏ စစ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များအပေါ် အပြင်းအထန် ခပ်စိပ်စိပ် ဝေဖန်လျက်ရှိသည်။
ထိုဝေဖန်ချက်များ ထွက်ပေါ်လာချိန်နှင့် မရှေးမနှောင်း ဇွန်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနှင့် မိုးမိတ်မြို့နယ်၊ ကမ္ဘာကျော် ပတ္တမြားမြို့တော် မိုးကုတ်နှင့် နိုင်ငံ၏ဒုတိယမြို့တော် မန္တလေးမြို့အနီး မတ္တရာမြို့နယ်အထိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ထိုးစစ် စတင်မြင်တွေ့လာရသည်။ ဤတစ်ကြိမ်စစ်ဆင်ရေးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်ရင်းများ ပူးပေါင်းတပ်ဖွဲ့က ဦးဆောင်ထိုးစစ်ဆင်လျက်ရှိသည်။
ထိုကဲ့သို့သော အချိန်အခါတွင် ဇွန်လ ၂၇ ရက်နေ့ BBC မြန်မာပိုင်းနှင့် Richard Horsey အင်တာဗျူး ထွက်ပေါ်လာပြီး၊ EROs တို့၏ စစ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များက ၎င်းတို့ တိုင်းရင်းသားနယ်မြေများအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်သာဖြစ်ပြီး၊ ဖက်ဒရယ်စနစ်ထူထောင်ရေးအတွက် မဟုတ်ဟု ခပ်ပြင်းပြင်းဝေဖန်ချက်များက အချိန်အခါနှင့် အခြေအနေ အားလုံးလွဲချော်သွားခဲ့သည်။ ဘော်လုံးပွဲစကားဖြင့် ပြောလျှင် လူကျွံဘော ဖြစ်သွားခဲ့လေသည်။ သို့သော် အန္တရာယ်ကြီးသော ထိုဝေဖန်ချက်များကို လျစ်လျူမပြုသင့်ပါ။
ICG အကြီးတန်းအကြံပေးက “စစ်တပ်အပေါ်၊ စစ်ကောင်စီအပေါ် စစ်မျက်နှာပြင်မှာ စစ်ရေးနည်းနာနဲ့ အဆုံးတိုင် အနိုင်ယူတယ် ဆိုတာဟာ နေပြည်တော်စစ်ပွဲနဲ့ပဲ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ အခု ကျွန်တော် အဓိကထား မေးခွန်းထုတ်နေတာက နေပြည်တော်စစ်ပွဲကို ဆင်နွှဲဖို့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ စိတ်ဆန္ဒနဲ့ စွမ်းဆောင်နိုင်ရည် နှစ်မျိုးစလုံးရှိနေသလဲဆိုတဲ့ အချက်ပါ။ တချို့အဖွဲ့တွေဟာ စွမ်းဆောင်နိုင်ရည် ရှိကောင်းရှိမယ်၊ ဒါပေမဲ့ သူတို့မှာ စိတ်ဆန္ဒရှိကြရဲ့လား။ ထိုနည်းတူပါပဲ စိတ်ဆန္ဒရှိကြတဲ့ အဖွဲ့တွေမှာရော တကယ်တမ်း နေပြည်တော်ထိ စစ်ကို အရောက်ခေါ်သွားနိုင်တဲ့ စွမ်းရည်မျိုး ရှိရဲ့လား” ဟု မေးခွန်းထုတ်ခဲ့သည်။
ICG အကြီးတန်းအကြံပေး၏ ခပ်ပြင်းပြင်းဝေဖန်မှုက ထိုမျှနှင့်မပြီး၊ EROs များသည် ဖက်ဒရယ်စနစ်နှင့် ကွဲပြားသော ရည်မှန်းချက်များ ရှိနေပြီဟု ဆိုကာ မြန်မာ့တော်လှန်ရေးအင်အားစုများ၏ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး ရည်မှန်းချက်ကို အောက်ပါအတိုင်း တိုက်ရိုက်ထိုးနှက် ဝေဖန်ခဲ့သည်။
“သူတို့ရဲ့ (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ) အခြေခံရည်မှန်းချက် primary goal ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ နေရာတွေကို ရဖို့ဆိုတာ ပြည့်မြောက်လာခဲ့ပြီးတဲ့နောက်မှာတော့ အဲ့ဒီနေရာတွေကို ဆက်ပြီး ဘေးကင်းလုံခြုံစွာနဲ့ ထိန်းချုပ်ထားနိုင်ဖို့က သူတို့အတွက် အဓိကဦးစားပေး ဖြစ်နေပါလိမ့်မယ်။ နေပြည်တော်မှာ ဘယ်လိုအစိုးရမျိုးပေါ်ပေါက်လာရမယ် ဆိုတာထက်စာရင်၊ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်စီရင်မှုကို အခု ရထားတဲ့နယ်မြေတွေမှာ ခိုင်မြဲစေဖို့က သူတို့အတွက် ပိုပြီး အရေးကြီးပါတယ်။ ဒါဟာ ဖက်ဒရယ်ဝါဒ အခြေခံမဟုတ်ပါဘူး။ ဖက်ဒရယ်ဝါဒနဲ့ ကွဲပြားပါတယ်။”
ထိုသို့ပြောဆိုရာတွင် အာရက္ခတပ်တော် (AA) ၏ ကွန်ဖက်ဒရိတ်အဆင့် (Confederate Status) ရည်မှန်းချက်ကို ရည်ညွှန်းပြောဆိုခဲ့သည်။ သို့သော် AA တစ်ဖွဲ့တည်းကို ရည်ညွှန်းပြီး၊ EROs များ အားလုံးက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်မှုက ဖက်ဒရယ်စနစ်ဆီ ဦးတည်နေခြင်းမဟုတ်ဘဲ၊ ၎င်းတို့ လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး (Ethnic Autonomy) အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကောက်ချက်ဆွဲနိုင်စေရန် ကြိုးပမ်းထားသည်။
စင်စစ် ICG အကြီးတန်းအကြံပေးသည် ဆယ်စုနှစ်ချီရှိခဲ့သော လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ရေး ရည်မှန်းချက်ကို အသုံးချပြီး၊ လက်ရှိ မြေပြင်ပကတိအခြေအနေတွင် NUG နှင့် EROs များအကြား ညီညွတ်ရေးအဆင့်ဆင့် တည်ဆောက်လာမှုနှင့် အသစ်ဖြစ်ထွန်းမှုများကို လုံးဝ မျက်ကွယ်ပြုထားခဲ့သည်။
“ကျွန်တော်တို့ မမေ့သင့်တာက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေဒေသ တစ်ခုချင်းစီအပေါ်မှာ ပိုပြီးအာရုံစိုက်ကြတဲ့ အခင်းအကျင်းဟာ လွယ်လွယ်နဲ့ ပြောင်းသွားမှာ မဟုတ်ပါဘူး” ဟု EROs များအပေါ် အကဲဖြတ်ချက်ကိုလည်း ၎င်းက ရှင်းရှင်းပြတ်ပြတ် ပြောဆိုခဲ့သည်။
ICG အကြီးတန်းအကြံပေး၏ ဝေဖန်ချက်များကို ခြုံကြည့်လျှင် (၁) စစ်တပ်သည် အင်အားချည့်နဲ့သွားပြီ ဖြစ်သော်လည်း ပြိုလဲသွားမည်မဟုတ်၊ (၂) ဆုံးရှုံးသွားသော နယ်မြေများ ပြန်လည်ရရှိရန် စစ်တပ်သည် အချိန်တိုအတွင်း စွမ်းဆောင်နိုင်မည်မဟုတ်၊ (၃) EROs များသည် သိမ်းပိုက်ရရှိခဲ့သော ၎င်းတို့၏ တိုင်းရင်းသားနယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အခိုင်အမာ တည်ဆောက်ရေးကိုသာ ဦးစားပေးပြီး၊ နေပြည်တော်အထိ စစ်ဆင်ရေးများ လုပ်ဆောင်မည်မဟုတ်၊ (၄) EROs များ၏ နိုင်ငံရေးရည်မှန်းချက်သည် ဖက်ဒရယ်စနစ် (Federalism) မဟုတ်ဘဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကိုသာ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု လက်ရှိမြန်မာနိုင်ငံရေးအပေါ် ဇာတ်ကြောင်းသစ် (New Narrative) ခင်းကျင်းလာပါသည်။
ထိုဇာတ်ကြောင်းသစ် ကြိုးစားခင်းကျင်းပုံ လားရာမှာ မြန်မာပြည်သူများ၏ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EROs များ၏ ပူးပေါင်းဦးဆောင်ဆင်နွှဲလျက်ရှိသော ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးမှာ ၎င်းတို့ပြောသကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ မဖြစ်ဘဲ၊ အစိတ်စိတ်အပိုင်းပိုင်း ကွဲပြားသွားသော နိုင်ငံတစ်ခုသာ ဖြစ်လာမည်။ ထို့ကြောင့် NUG နှင့် EROs များဘက်မှ ထောက်ခံရပ်တည်နေသည့် အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကို လမ်းကြောင်းပြောင်းရန် နှတ်ကြောင်းပေး ကြိုးပမ်းမှုတစ်ခုအဖြစ် လေ့လာတွေ့ရှိရသည်။
စင်စစ် ထိုဝေဖန်ချက်များကို မေလ ၃၀ ရက်နေ့ ICG က ထုတ်ပြန်ခဲ့သော Ethnic Autonomy and its Consequences in Post-coup Myanmar အစီရင်ခံစာနှင့် မေလ ၃၁ ရက်နေ့ အမေရိကန်အခြေစိုက် ဩဇာကြီးသော Foreign Affairs တွင် ICG အကြီးတန်းအကြံပေးကိုယ်တိုင် အချိန်ကိုက်ရေးသားခဲ့သော Myanmar Is Fragmenting—but Not Falling Apart ဆောင်းပါးတို့တွင်လည်း တွေ့မြင်နိုင်ပြီး၊ မြန်မာနိုင်ငံသည် အလုံးစုံ ပြိုကွဲမသွားနိုင်သော်လည်း အစိတ်စိတ်အပိုင်းပိုင်း (Fragmentation) ဖြစ်သွားမည်ဟု ဟောကိန်းထုတ်ခဲ့သည်။
ထိုဟောကိန်းကြောင့် မြန်မာ့အရေး ထိရောက်သော အကူအညီများမပေးဘဲ လက်ပိုက်ရပ်ကြည့်နေသော နိုင်ငံတကာအသိုက်အဝန်းကလည်း မြန်မာနိုင်ငံ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားမည့်အရေးကို စိုးရိမ်ကြောင်း၊ လက်မခံကြောင်း ပြောဆိုမှုများ ရှိလာပါသည်။ ထို့ကြောင့် စာရေးသူသည် Myanmar Now တွင် မြန်မာ့ပဋိပက္ခ လားရာ – နိုင်ငံပြိုကွဲနိုင်ခြင်းလော၊ စစ်တပ်ဖိနှိပ်မှုမှ လွတ်မြောက်ခြင်းလော ခေါင်းစဉ်ဖြင့် ရေးသားသုံးသပ်တင်ပြခဲ့ပြီး ဖြစ်သည်။
ICG အကြီးတန်းအကြံပေး ဘယ်သူလဲ
စစ်အာဏာသိမ်းပြီးနောက် ICG ၏ မြန်မာ့အရေးအစီရင်ခံစာများ၏ နောက်ကွယ်မှ အဓိကလက်သည်မှာ အကြီးတန်းအကြံပေး Richard Horsey ဟု သိထားကြသည်မှာ လျှို့ဝှက်ချက်မဟုတ်ပါ။ ဩစတြေးလျနိုင်ငံသား Richard Horsey သည် မြန်မာ့အရေးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ဆယ်စုနှစ်ချီခဲ့ပြီ ဖြစ်သည်။
၁၉၈၈ ခုနှစ် “၈ လေးလုံး” ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထိုစဉ်က ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေသို့ ဆန္ဒပြကျောင်းသားများ တောခိုလာပြီး၊ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ကျောင်းသားတပ်မတော် (ABSDF) ဖွဲ့စည်းသည့်သတင်းက နိုင်ငံတကာတွင် စိတ်ဝင်စားမှုမြင့်တက်နေချိန် ဖြစ်သည်။
ထိုအချိန် အသက် ၂၀ ကျော် လူငယ်လေးတစ်ဦးဖြစ်သော Richard Horsey ကိုလည်း ထိုသတင်းက ဆွဲဆောင်မှု ပြင်းပြင်းရှိခဲ့ဟန်တူသည်။ ဤသို့ဖြင့် ၎င်းသည် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာပြီး၊ ABSDF ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များသဖွယ် တောတွင်းစခန်းများထဲအထိ ပေါင်းသင်းနေထိုင် ရင်းနှီးကျွမ်းဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ယနေ့ခေတ်အခြေအနေနှင့် နှိုင်းယှဉ်ပါက ရုရှားကျူးကျော်စစ်တွင် ယူကရိန်းဘက်မှ ဝင်ရောက်ကူညီပေးကြသော နိုင်ငံတကာမှ လူငယ်များနှင့် ဆင်တူလှသည်။
နောင် နှစ် ၃၀ အကြာတွင် Richard Horsey သိကျွမ်းခဲ့သော ကျောင်းသားတပ်မတော် ခေါင်းဆောင်အများစုသည် ၎င်းတို့၏ တော်လှန်ရေးရည်မှန်းချက်များ အကောင်အထည်မဖော်နိုင်ဘဲ၊ တတိယနိုင်ငံ (အများအားဖြင့် အမေရိကန်နိုင်ငံ) များသို့ ဒုက္ခသည်အဖြစ် ထွက်ခွာခဲ့ကြရပြီး မထင်မရှား ဇာတ်မြှုပ်သွားခဲ့ကြသည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အာဏာရှင်ဟောင်း သန်းရွှေ စစ်တပ်သည် တစ်ဖက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄၀ နှင့် အပစ်ရပ်ခဲ့ပြီး၊ ထိုစဉ်က အင်အားအကြီးဆုံးဖြစ်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) ကို နောင်နှစ်ပေါင်းများစွာ နာလန်မထူနိုင်အောင် စစ်ဆင်ရေးကြီးများဖြင့် ဖြိုခွဲနိုင်ခဲ့သည်။
မြန်မာစစ်တပ်၏ အတိတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် စစ်အောင်နိုင်မှုနှင့် ဆန္ဒပြကျောင်းသားဘဝမှ လက်နက်ကိုင်ကျောင်းသားတပ်မတော်ဖြစ်ခဲ့သော ABSDF နှင့် KNU တို့၏ ကျရှုံးမှု အတိတ်သမိုင်းနောက်ခံအကြောင်းတရားများက Richard Horsey ၏ စိတ်သဏ္ဌာန်တွင် စွဲမြဲစွာ ရှိနေပါလိမ့်မည်။
သို့သော် ထိုင်း-မြန်မာနယ်စပ်မှ ၎င်း၏အတွေ့အကြုံများက Richard Horsey ကို “မြန်မာ့အရေးကျွမ်းကျင်သူ” ဘွဲ့ထူးဖြင့် အောင်မြင်မှုများစွာ ရရှိစေခဲ့ပါသည်။ ပညာရေးတွင် အမြင့်ဆုံး ဒေါက်တာဘွဲ့အထိ ပြီးမြောက်စေခဲ့သလို၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ (Liaison Officer) အဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်းနာဂစ်အလွန် UN-OCHA ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးအဖြစ်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် အဆင့်မြင့်ရာထူးများကို ရယူနိုင်ခဲ့သည်။
တစ်ချိန်က ကရင်ပြည်နယ်နယ်စပ် တောတွင်းစခန်းများတွင် ကျောင်းသားတပ်မတော် ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်သဖွယ် တစ်မိုးအောက် ပေါင်းသင်းဆက်ဆံနေထိုင်ခဲ့သော Richard Horsey သည် ထိုရာထူးတာဝန်များကြောင့် တော်လှန်ကျောင်းသားတို့၏ ရန်သူတော်ကြီး အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ် စစ်ဗိုလ်ချုပ်များနှင့် ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံခွင့် ရရှိခဲ့သည်။
သူသည် ၂၀၁၁ ခုနှစ် နိုင်ငံရေးအသွင်ကူးပြောင်းမှုနောက်ပိုင်း စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့၏ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သော သမိုင်းပညာရှင် သန့်မြင့်ဦး၊ မြန်မာစစ်တပ်အကြောင်း “Making Enemies: War and State Building in Burma” စာအုပ်ရေးသားပြီး လူသိများခဲ့သော သမိုင်းပညာရှင် Marry Callahan တို့နှင့်အတူ Ava Advisory Group Limited ကို ပူးတွဲတည်ထောင်သူတစ်ဦး ဖြစ်လာသည်။
Ava Advisory Group ကို နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ် ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အစိုးရထံသို့ အာဏာမလွှဲမီ ရက်ပိုင်းအလို ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်နေ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန (DICA) တွင် တရားဝင်မှတ်ပုံတင်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပြီး၊ လက်ရှိအချိန်ထိ လုပ်ငန်းလည်ပတ်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် တစ်လျှောက်လုံး ရန်ကုန်အခြေစိုက် ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများကို ပုံမှန် သုံးသပ်အကြံပေးခြင်းလုပ်ငန်း (Advisory Service) အတွက် Ava Advisory Group ကို ငှားရမ်းခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက် ဆက်လက်လုပ်ကိုင်လျက်ရှိသည်ဟု ထိုအခြေအနေကို ကောင်းစွာသိရှိထားသော အမည်မဖော်လိုသူ ကမ္ဘာ့ဘဏ်ဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။
မြန်မာစစ်ဗိုလ်ချုပ်များနှင့် နီးနီးကပ်ကပ် ဆက်ဆံခဲ့ဖူးသူ၊ လက်ရှိ ICG ၏ အကြီးတန်းအကြံပေးရာထူး ရယူထားသူနှင့် စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ် တရားဝင် ဆက်လက်ရပ်တည် လုပ်ကိုင်လျက်ရှိပြီး၊ Ava Advisory Group ကို တည်ထောင်သူတစ်ဦးဖြစ်သည့် Richard Horsey ၏ လက်ရှိမြန်မာအရေးအပေါ် ဝေဖန်ပြောကြားမှုများက ၎င်းတွင် ပုဂ္ဂိုလ်ရေးအခွင့်အရေး အပြည့်အဝရှိသော်လည်း၊ ကျင့်ဝတ်အရ အကျိုးစီးပွားရောယှက်မှုများ (Conflict of Interest) ရှိနေသလားဆိုသည့် သံသယဖြစ်ဖွယ်မေးခွန်းမှာလည်း ကျိုးကြောင်းယုတ္တိရှိနေပါသည်။
အကြောင်းမှာ ၎င်း၏ သုံးသပ်ချက်များက ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး ကြိုးပမ်းနေသော NUG နှင့် EROs များအကြား ညီညွတ်ရေးကြိုးပမ်းမှု အရေးကြီးသောကာလတွင် အချင်းချင်း မယုံကြည်မှုသံသယများ ကြီးထွားလာစေရန် မီးထိုးပေးသကဲ့သို့ ဖြစ်နေသည်။
ထို့ပြင် အတိတ်က EROs များအကြား ညီညွတ်မှုအားနည်းချက်ကိုလည်း ကောင်းစွာသိရှိထားသော ICG အကြီးတန်းအကြံပေးက နိုင်ငံသည် အစိတ်စိတ်အပိုင်းပိုင်း ကွဲပြားသွားမည်ဟူသော ဇာတ်ကြောင်း (Narrative) ကို စနစ်တကျတည်ဆောက်ပြပြီး၊ နိုင်ငံတကာအသိုက်အဝန်းအကြား (အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ကြိုးပမ်းမှုကို ထောက်ခံပံ့ပိုးလျက်ရှိသော အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏) စိုးရိမ်စိတ်ကို မြင့်တက်လာစေရန် ဆွပေးလိုက်ခြင်း ဖြစ်သည်။
ဝေဖန်သူများ အခွင့်ကောင်းရစေခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့် “ဟိုင်ဂင်” အဆက်အစပ်
“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း စတင်ခဲ့စဉ်က ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကနဦးထုတ်ပြန်ချက်တွင် ဒေသန္တရစစ်ရေးရည်မှန်းချက်ဖြစ်သော ၎င်းတို့၏ တိုင်းရင်းသားနယ်မြေဒေသအသီးသီးကို စစ်တပ်လက်ထဲမှ ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံးဆိုင်ရာ စစ်ရေးရည်မှန်းချက်ဖြစ်သော “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဟူ၍ ရည်မှန်းချက် (၂) ရပ် ချမှတ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေသော ပြည်သူများနှင့်အတူ ရပ်တည်ကာကွယ်မည်ဟုလည်း ကြေညာခဲ့သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ထိုရည်မှန်းချက် (၂) ရပ်ထဲမှ ပထမရည်မှန်းချက်ကို အချိန်ကာလ ၃ လ မပြည့်မီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းက ICG အကြီးတန်းအကြံပေးအပါအဝင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူအားလုံးကို အံ့ဩမှင်တက်စေခဲ့သည်မှာ သေချာပါသည်။
သို့သော် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒလည်းဖြစ်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ လူသိရှင်ကြား ကြေညာခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ဒုတိယရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်မည်လားဆိုသည့် မရေရာသော မေးခွန်းများမှာ တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက် ဖိအားပေးမှုကြောင့် “ဟိုင်ဂင်” သဘောတူညီချက် ထွက်ပေါ်လာချိန်တွင် ဖြစ်ပေါ်လာခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” အပေါ် ပြည်သူလူထု၏ ထောက်ခံမှုရရှိရန်အတွက် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ရည်မှန်းချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြွေးကြော်သံသက်သက် အသုံးချခြင်းဖြစ်ပြီး၊ EROs များက ဗမာလူမျိုး အများစုပါဝင်သော PDF လူငယ်များကို ရှေ့တန်းတွင် ထားပြီး ဗမာ-ဗမာ အချင်းချင်း တိုက်ခိုက်နေသည်ဟု စစ်ကောင်စီက ကျယ်ကျယ်လောင်လောင် ဝါဒဖြန့်ခဲ့သည်။
ICG အကြီးတန်းအကြံပေးက ထိုအခွင့်အလမ်းကို အဆောတလျင် ကောက်ယူ၍ စစ်အာဏာရှင်စနစ် ဖယ်ရှားရန် စိတ်ဆန္ဒနှင့် လက်တွေ့စစ်ရေးမဟာဗျူဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့တွင် မရှိဟု အတိအလင်း စိန်ခေါ်ဝေဖန်လာခြင်း ဖြစ်သည်။
ICG အကြီးတန်းအကြံပေး အငိုက်မိခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း
ဇွန်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနှင့် မိုးမိတ်၊ မန္တလေးတိုင်းရှိ မတ္တရာနှင့် မိုးကုတ် ၅ မြို့နယ်အတွင်းရှိ စစ်တပ်အခြေစိုက်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် NUG လက်အောက်ခံ PDFs တပ်များပူးပေါင်း၍ တစ်ပြိုင်နက် ထိုးစစ်ဆင်ကြောင်း မြန်မာနှင့် နိုင်ငံတကာသတင်းစာမျက်နှာများတွင် ရုတ်တရက် ပေါ်ထွက်လာပါသည်။
ဤတစ်ကြိမ်သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ပူးပေါင်း၍ သုံးနှစ်တိုင်တိုင် ဆင်နွှဲလာခဲ့သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် လက်နက်ကိုင်တော်လှန်ရေး၏ အရေးကြီးသော နောက်တစ်ဆင့်သို့ ရောက်ရှိလာပြီဟု ယူဆနိုင်ပါသည်။
ဇွန်လ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့၏ Telegram မှတစ်ဆင့် စစ်ရေးသတင်းထုတ်ပြန်ချက်တွင် “၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)” ဟု ကြေညာခဲ့ခြင်းနှင့် တစ်နေ့တည်း BBC မြန်မာပိုင်း၏ Richard Horsey အင်တာဗျူး ထုတ်လွှင့်ခဲ့မှုက အလွန်တရာ မဆီလျော်သော အကြောင်းတိုက်ဆိုင်မှုပင်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းတွင် စစ်ဆင်ရေးနယ်မြေများသည် “ဟိုင်ဂင်သဘောတူညီချက်” အရ အပစ်ရပ်ထားသော နယ်မြေပြင်ပ မြို့နယ် ၅ ခုတွင် TNLA ဦးဆောင်သည့် PDF တော်လှန်ရေးညွန့်ပေါင်းအဖွဲ့များက စစ်ဆင်ရေးဖော်ဆောင်လာခြင်းဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရ ခက်ခက်ခဲခဲ ကြားဝင်စွက်ဖက်မှု ရယူထားခဲ့သော “ဟိုင်ဂင်” သဘောတူညီချက် ကျိုးပျက်သွားပြီဟု သုံးသပ်ရန် အချိန်စောနေသေးပြီး၊ TNLA ခေါင်းဆောင်များ၏ ပါးနပ်မှုကိုလည်း တွေ့မြင်ခဲ့ရသည်။
ဤတစ်ကြိမ် စစ်ဆင်ရေးနယ်မြေနှင့် စစ်ဆင်ရေး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အရေအတွက် မည်မျှပါဝင် ကျယ်ပြန့်လာမည်ကို စောင့်ကြည့်ရပေလိမ့်မည်။ ယခုဆောင်းပါးရေးနေအချိန်အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ MNDAA သည် စစ်ဆင်ရေးတွင် ပါဝင်လာနိုင်ခြေ မြင့်မားလျက်ရှိသည်။
အကယ်၍ MNDAA ပါဝင်လာမည်ဆိုပါက ကိုးကန့်ဒေသနှင့် ကပ်လျက် သိန္နီမြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သော MNDAA သည် လားရှိုးမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်လာနိုင်ပါသည်။ ထိုအခြေအနေသို့ ရောက်ရှိလာပါက “ဟိုင်ဂင်” သဘောတူညီချက် ကျိုးပျက်သွားပြီဟု ဆိုနိုင်ပါလိမ့်မည်။
ညီနောင်မဟာမိတ်အဖွဲ့ဝင် AA သည် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းကို ရခိုင်စစ်မျက်နှာသစ်ဖွင့်၍ ထိုးစစ်ဆင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ယနေ့ထိ ထိုးစစ်ရပ်နားခြင်းမရှိသေးပါ။ လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ၉ မြို့နယ်နှင့် ချင်းပြည်နယ်ထဲမှ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး၊ ကမ္ဘာကျော် ငပလီကမ်းခြေမြို့ သံတွဲနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ မောင်တောတို့ကို ဆက်လက်သိမ်းပိုက်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေသည်။
MNDAA နှင့် TNLA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့၏နယ်မြေအသီးသီးကို ပြန်လည်သိမ်းပိုက်ရရှိပြီးနောက် “ဟိုင်ဂင်” သဘောတူညီချက်ဖြင့် အပစ်ရပ်ခဲ့ပြီး၊ စစ်ကောင်စီကို ဆက်လက်ထိုးစစ်ဆင်မည် မဟုတ်တော့ဟု ယုံကြည်သူများ ရှိခဲ့သည်။
မြန်မာ့အရေးကျွမ်းကျင်သူများဟု သတ်မှတ်ထားကြသော နိုင်ငံတကာပညာရှင်ဆိုသူများကလည်း ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားခဲ့ကြပြီး၊ ထိုသူများထဲ ICG အကြီးတန်းအကြံပေး ပါဝင်ခဲ့သည်ကို ၎င်းတို့ ဆောင်းပါးများတွင် တွေ့မြင်ခဲ့ရသည်။
ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၎င်းတို့ တိုင်းရင်းသားနယ်မြေအသီးသီးကို ပထမဆုံး သိမ်းပိုက်ထိန်းချုပ်နိုင်ရေး စစ်ရေးရည်မှန်းချက်က ကျိုးကြောင်းယုတ္တိ ရှိလှပေသည်။ ထိုမှတစ်ဆင့် ကျယ်ပြန့်သော စစ်ရေးမဟာမိတ်ဖွဲ့မှုနှင့် တစ်နိုင်ငံလုံး လွှမ်းခြုံသော စစ်ရေးမဟာဗျူဟာအခင်းအကျင်းမျိုးအထိ တစ်ဆင့်ချင်း လှမ်းသွားမှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရည်မှန်းချက် အကောင်အထည်ဖော်နိုင်မည်ကို ၎င်းတို့ မသိရှိဘဲ မနေပါ။
“၁၀၂၇ စစ်ဆင်ရေး” ၏ အတွေ့အကြုံသစ်များနှင့် သင်ခန်းစာကောင်းများ
“၁၀၂၇ စစ်ဆင်ရေး” ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် မြန်မာစစ်တပ်ကို ပူးပေါင်းစစ်ဆင်နိုင်သော “ဟန်ချက်ညီထိုးစစ်” (Coordinated Offensive) ကို အောင်မြင်စွာ ဖော်ဆောင်နိုင်သော စစ်အောင်နိုင်မှု သမိုင်းမှတ်တမ်း ထူးထူးခြားခြား ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” တွင် ကျယ်ပြန့်သော စစ်ဆင်ရေးနယ်မြေတွင် မတူညီသော တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအကြား စစ်ဆင်ရေးတာဝန်အသီးသီးကို စနစ်တကျနှင့် တိကျစွာ ခွဲဝေသတ်မှတ်နိုင်မှု၊ စစ်မျက်နှာများစွာမှ တစ်ပြိုင်နက်တည်း ဟန်ချက်ညီထိုးစစ် ဖော်ဆောင်နိုင်စွမ်းရှိမှု စသည့် ဝိသေသလက္ခဏာများကို တွေ့ခဲ့ရသည်။
စင်စစ် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ လူအင်အားနှင့် လက်နက်အင်အား အားလုံးပေါင်းလျှင် စစ်တပ်ကို မမီပါ။ သို့သော် “၁၀၂၇ စစ်ဆင်ရေး” ၏ ထူးခြားချက်မှာ စစ်ချီနှုန်း လျင်မြန်ခြင်း၊ စစ်မျက်နှာများစွာမှ တစ်ဟုန်ထိုး တိုက်ခိုက်နိုင်ခဲ့ခြင်း၊ စစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ထိရောက်စွာ ဖြတ်တောက်နိုင်ခဲ့ခြင်း စသည့်အချက်များက စစ်တပ်ကို လုံးလုံးလျားလျား အငိုက်မိစေခဲ့သည်။
ယင်းသည် နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် EROs များအကြား မကြုံဖူးသော အောင်မြင်မှုအတွေ့အကြုံသစ်ဖြစ်ပြီး၊ ထွက်ပေါ်လာသော ရလဒ်ကောင်းများက နောင်တွင် အလားတူ ကျယ်ပြန့်သော စစ်ဆင်ရေးကြီးများ ဖော်ဆောင်နိုင်စွမ်းရှိသော ယုံကြည်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအခြေအနေတွင် တစ်နိုင်ငံလုံးကို လွှမ်းခြုံမည့် စစ်ရေးမဟာဗျူဟာ အကောင်အထည်ဖော်ရေးနိုင်အတွက် “၁၀၂၇ စစ်ဆင်ရေး” အတွေ့အကြုံမှ သင်ခန်းစာကောင်းများကို EROs နှင့် NUG လက်အောက်ခံ PDF များ ရရှိသွားခဲ့ပြီ ဖြစ်သည်။ နေပြည်တော်ကို တစ်ပြိုင်နက်တည်း ပူးပေါင်းထိုးစစ်ဆင်မည့် အဓိကမဟာဗျူဟာခြေလှမ်း နောက်တစ်ဆင့်လှမ်းနိုင်ရန် လက်တွေ့ကျသော အတွေ့အကြုံကောင်းများ ဖြစ်သည်။ ထိုအချက်ကို Richard Horsey လေ့လာရန် ပျက်ကွက်ခဲ့သည်။
အာဏာသိမ်းစစ်တပ်ဘက်က ကြည့်လျှင် တိုင်းရင်းသားတော်လှန်ရေးတပ်များက စစ်မျက်နှာများစွာမှ တစ်ပြိုင်နက်တည်း ညီညွတ်စွာ ဟန်ချက်ညီ ထိုးစစ်ဆင်မှုမျိုးကို နှစ်ပေါင်း ၇၀ လုံးလုံး စစ်ဆင်ရေးအမျိုးမျိုးဖြင့် ကြီးစိုး မင်းမူလာခဲ့သော စစ်တပ်သည် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ထို့အတူ တစ်ချိန်က မြန်မာစစ်တပ်ကို အထင်ကြီး ပို၍တွက်ဆခဲ့ကြသော နိုင်ငံတကာစစ်ရေးအကဲခတ်များပင် စစ်တပ်သည် တန်ပြန်ထိုးစစ်ဆင်ရန် တပ်အင်အားစုစည်းနိုင်စွမ်း မရှိတော့လောက်အောင် အင်အားချည့်နဲ့သွားခြင်းအတွက် နားမလည်နိုင်အောင်ဖြစ်ပြီး ချက်ချင်းလက်ခံရန် ခက်ခဲနေပုံကို အထင်အရှား တွေ့နေရသည်။ မြန်မာပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးကို ၎င်းတို့အထင်အမြင်သေးစွာ သုံးသပ်လာမှုများက အကြောင်းရင်းခံ ဖြစ်ပေသည်။
တန်ပြန်ထိုးစစ်များ မပြုလုပ်နိုင်လောက်အောင် အရှေ့တောင်အာရှတွင် အင်အားအတောင့်တင်းဆုံး စစ်တပ်တစ်ခု၏ စစ်သည်အင်အားများ မည်သည့်နေရာသို့ ရောက်သွားသနည်း မေးလျှင် ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီ စသည့် နိုင်ငံအနှံ့ရှိ EROs နှင့် PDFs ပူးပေါင်းတပ်များက “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ၃ နှစ်နီးပါး မရပ်မနား အင်အားချွေစစ် ဆင်နွှဲမှု၏ရလဒ်များကြောင့် စစ်အင်အားချည့်နဲ့လာခြင်း ဖြစ်သည်ဟု ဆိုရပေမည်။
စစ်တပ်သည် အတိတ်ကာလတုန်းကလို တောင်ပိုင်းက ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ချိန်တွင် တပ်အင်အား အလုံးအရင်းအသုံးပြုနိုင်ရန်၊ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် စီးပွားရေးမက်လုံးပေး အပစ်အခတ်ရပ်စဲသည့် “သွေးခွဲ” ဗျူဟာမျိုး ဤတစ်ကြိမ် အာဏာသိမ်းစစ်ခေါင်းဆောင်များ အသုံးမချနိုင်တော့ပါ။
စင်စစ် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း “၁၀၂၇ စစ်ဆင်ရေး” ကဲ့သို့ ညီညွတ်မှုမျိုးဖြင့် ဟန်ချက်ညီထိုးစစ်ကို ဖော်ဆောင်နိုင်ခဲ့ပါက ထိုစဉ်ကတည်းကပင် မြန်မာ့နိုင်ငံရေးသမိုင်းသည် တစ်မျိုးပြောင်းလဲနိုင်ပါသည်။
၁၉၈၈ ခုနှစ်တွင် ရှိခဲ့သော စစ်တပ်သည် ယနေ့ခေတ်လို လူအင်အား၊ လက်နက်အင်အား ခေတ်မီခြင်း မရှိသေးပါ။ တရုတ်နှင့် ရုရှားကဲ့သို့ နိုင်ငံကြီးများထံမှ ယနေ့ မင်းအောင်လှိုင်စစ်တပ် အသုံးပြုနေသော တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်များ၊ အဝေးပစ် ဒုံးလက်နက်ကြီးများ ဝယ်ယူထားနိုင်ခြင်း မရှိသေးပါ။
သို့သော် ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်တပ်ကို ညီညွတ်စွာ ထိုးစစ်မဆင်နိုင်ရန် စစ်ခေါင်းဆောင်များတွင် ထိုခေတ်မီလက်နက်များထက် ပို၍အစွမ်းထက်သော “သွေးခွဲ” ဗျူဟာဖြင့် ကောင်းကောင်း ထိန်းထားနိုင်ခဲ့သည်။
၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်တပ်နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ် နှိုင်းယှဉ်ကြည့်ပါက မင်းအောင်လှိုင်စစ်တပ်သည် ခေတ်မီလက်နက်အင်အားနှင့် အရင်းအမြစ် များစွာသာလွန်ခြင်း၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် ယခင်အတိုင်း မပြောင်းမလဲ အချင်းချင်း ညီညွတ်မှုမရှိခြင်း စသည့် နောက်ခံသမိုင်းကားချပ်သေကို ကိုင်စွဲလျက် မြန်မာ့အရေးကျွမ်းကျင်သူ နိုင်ငံခြားသားပညာရှင်ဆိုသူများက “၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်အထိ ရေရှည်တွင် စစ်တပ်သည်သာ တော်လှန်ရေးအင်အားစုများကို ချေမှုန်းနှိမ်နင်းအောင်နိုင်လိမ့်မည်ဟု ကိန်းသေတွက်ချက်ခဲ့ကြသည်။
ထိုတွက်ဆချက်များ လွဲမှားသွားသည့်အခါ ယခုတစ်ဖန် နိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေခြင်း မဟုတ်ဘဲ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားလိမ့်မည်ဟု ထပ်မံဟောကိန်းထုတ်လာကြပြန်သည်။ ယခင်က ၎င်းတို့၏ မှားယွင်းမှုများအတွက် တာဝန်ယူစိတ်ဖြင့် ဝန်ခံခြင်း၊ ရှက်ခြင်း မရှိသော ထိုပညာရှင်များကို မြန်မာပြည်သူတို့က မေ့လျော့သွားကြလိမ့်မည် မဟုတ်ပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ပါသည်။